Friday, November 25, 2016

မွေးကင်းစ ကလေးများ မှောင်ခိုရောင်းချမှုနှင့် ဆက်စပ်ပြီး အိန္ဒိယ ဆေးရုံတစ်ခုကို အရေးယူ

အိန္ဒိယ နိုင်ငံတွင် ကလေးများကို မှောင်ခိုရောင်းချမှုနှင့် ဆက်စပ်ပြီး ဆေးရုံတစ်ခုကို အရေးယူကာ လူ ၁၃ ဦးကို ရဲများက ဖမ်းဆီးထားကြောင်း သိရသည်။ အနောက်ဘင်္ဂလား ပြည်နယ်ရှိ ဆေးရုံတစ်ရုံမှ မွေးကင်းစ ကလေးများကို ဘီစကွတ်ထည့်သည့် ကတ်ထူဘူးများထဲ ထည့်သွင်းထားသည်ကို ရှာဖွေတွေ့ရှိပြီးနောက် ယခုအမှုကို ဆက်စပ် ခြေရာခံမိလာခြင်း ဖြစ်သည်။ ရဲများက ကတ်ထူဘူးထဲ ထည့်ထားသည့် ကလေးများမှာ အသက် ၂ ရက်၊ ၃ ရက် အရွယ်မျှသာ ရှိကြသေးကြောင်း ဆိုသည်။ အနောက်ဘင်္ဂလားရှိ ဘာဒူရီရာမြို့မှ ဆေးရုံတစ်ခုကို ရဲများက ဝင်ရောက်စီးနင်းပြီးနောက် ယခုလို အခြေအနေများကို တွေ့ရှိလာခြင်း ဖြစ်သည်။ ၆ ရက်အရွယ် ကလေးငယ် တစ်ဦးကိုလည်း အခန်းတစ်ခုထဲတွင် သီးခြား တွေ့ခဲ့ရသည်။ ရဲများက ဆေးရုံနှင့် ဆက်စပ်လှုပ်ရှားနေသော မှောင်ခိုဂိုဏ်းများက သားသမီး မရှိသည့် စုံတွဲများထံသို့ ကလေးများကို ရောင်းစားနေခြင်းဟု ပြောကြားခဲ့သည်။



အဆိုပါ ဆေးရုံသည် ကလေးများအတွက် ယောက်ျားလေး တစ်ဦးလျှင် ရူပီး သုံးသိန်း၊ မိန်းကလေး တစ်ဦးအတွက် ရူပီး တစ်သိန်း ဈေးသတ်မှတ် ရောင်းချနေပြီး အကယ်၍ ကလေးများက အသားပိုဖြူပါက ဈေးကောင်းပိုရကြောင်းလည်း သိရသည်။ ယခုလို ကတ်ထူပုံးထဲ ထည့်ထားသည့် ကလေးများမှာ ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများထံမှ ခိုးယူထားခြင်း ဖြစ်သည်။ မိခင်များကို ၎င်းတို့၏ ကလေးများ သေဆုံးသွားပြီဟု ဆေးရုံဝန်ထမ်းများက အသိပေးပြီး ကလေးကို ဝှက်ထားခြင်းမျိုးဟု ဆိုသည်။

“ကလေးအလောင်းကို တွေ့ချင်ပါတယ်လို့ မိခင်တွေက တောင်းဆိုရင် ဒါဟာ အကြံကောင်း မဟုတ်ဘူး ဆိုတာမျိုး ဝန်ထမ်းတွေက ပြောကြတယ်။ ဒီတော့ အမျိုးသမီးပေါင်း မြောက်မြားစွာဟာ ကလေးသေသွားပြီဆိုတဲ့ အသိနဲ့ အိမ်ပြန်သွားကြရရှာတယ်။ သူတို့ကလေးတွေကို မြင်ခွင့် ရမသွားဘူး။ တစ်ခါတလေကျရင်လည်း ငွေပေးပြီး နှုတ်ပိတ်ထားစေတာမျိုးလည်း ရှိတတ်တယ်”ဟု ရဲအရာရှိ ဘီအယ်လ်မီနာက ပြောကြားခဲ့သည်။

ရဲများက လွန်ခဲ့သည့် ၂ နှစ်အတွင်း ယင်းသို့သော အခြေအနေမျိုးဖြင့် ကလေးငယ် ၃၀ မျှ ရောင်းစားခံခဲ့ရသည်ဟု ယုံကြည်နေသည်။ ကလေးအများစုမှာ ဒေလီ၊ ချန်နိုင်းမြို့များအပြင် ဗြိတိန်ထိပါ ရောက်ရှိသွားပြီဟု မိမိတို့ ယူဆကြောင်း မီနာက မှတ်ချက်ပေးခဲ့သည်။ “လောလောဆယ်တော့ ကလေးတွေနဲ့ သက်ဆိုင်ရာ မိဘတွေကို ခြေရာခံ စုံစမ်းနေပါတယ်”ဟု ၎င်းက ဆိုသည်။

ယခုဆေးရုံသည် ပုဂ္ဂလိကပိုင်ဖြစ်ပြီး ရဲများက ဖမ်းဆီးထားသူများအနက် ဆေးရုံပိုင်ရှင်နှင့် အမှုဆောင်အချို့ပါ ပါဝင်နေသည်။ ထို့အပြင် လာမည့် ရက်ပိုင်းအတွင်း အမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ အရေအတွက် တိုးပွားလာဖွယ် ရှိနေကြောင်းလည်း သိရသည်။

Ref: AFP

No comments:

Post a Comment