Wednesday, November 23, 2016

တိုက်ပွဲများကြောင့် မူဆယ်ကုန်သည်ကြီးများအသင်းရုံး၌ ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော်ရောက်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း တောင်ပေါ်ဒေသ၌ ဖြစ်ပွားသော တိုက်ပွဲများကြောင့် မူဆယ်ခရိုင်ဒေသအတွင်းရှိ ဒေသခံ တိုင်းရင်းသားများ၊ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်ကြသူများ၊ ဝန်ထမ်းတချို့နှင့် ကားသမားများ၊ ရပ်နီးရပ်ဝေးခရီးသွားကြသူများသည် မိမိတို့ ပိုင်ဆိုင်သည့် ကား၊ ဆိုင်ကယ်ဖြင့်လည်းကောင်း၊ လူမှု ကူညီရေးအသင်းများ၏ ကူညီမှုဖြင့်လည်းကောင်း၊ ခြေကျင်လျှောက်၍လည်းကောင်း မူဆယ်မြို့ ရှိ ကုန်သည်ကြီး များအသင်းရုံးသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။ အဆိုပါ စစ်ဘေးရှောင်များအား မူဆယ်မြို့ရှိ ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ကူညီပံ့ပိုး ပေးခြင်း၊ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာ ဆရာမများနှင့် မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးများ ကူညီစောင့်ရှောက်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာများမှ မူဆယ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံ၊ နီးစပ်ရာအဆောက်အအုံများသို့ အုပ်စုခွဲ၍ မော်တော်ယာဉ်များ စီစဉ်ပေးပြီး နေရာချထားပေးခဲ့သည်။



တိုက်ပွဲများကြောင့် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကြီး အပါအဝင် ယာဉ်ငယ်စစ်ဆေးရေးဂိတ်၊ မောင်းတံဂိတ်များ၊ ဘဏ်များ၊ ဈေးဆိုင်ခန်းများ၊ ဆေးဆိုင်များနှင့် ဆေးခန်းများ၊ ကုမ္ပဏီများ၊ ပွဲရုံများ၊ ဂိုဒေါင်များနှင့် လူနေအိမ်များအားလုံး ပိတ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီဒေသကပါ။ အခု ၁၀၅ မိုင်နယ်တစ်ဝိုက် မှာဖြစ်တဲ့ တိုက်ပွဲက အလွန်ကြီးပါတယ်။ အချိန်အားဖြင့် လေးနာရီကျော်လောက်ကြာတယ်။ သူတို့ပစ်တဲ့ နှစ်ဖက်လုံး တော့ ဘာဖြစ်ကြလဲမသိဘူး။ ကြားက အပြစ်မရှိတဲ့ ပြည်သူ တွေတော့ အတော်များများ ထိကြတယ်။ တချို့ တိုက်ပွဲကြားမှာ သေဆုံးသွားတယ်။ တချို့ကျတော့ ဆေးရုံရောက်မှ သေတာ လည်းရှိတယ်။ ဒဏ်ရာများတဲ့သူတွေကျတော့ တရုတ်နိုင်ငံဘက် သွားတဲ့သူလည်းရှိတယ်။ အစိုးရလေယာဉ်နဲ့ လားရှိုးဘက်ကို ခေါ်သွားကြတာလည်း ရှိတယ်။ ဖြစ်နိုင်ရင်တိုက်ပွဲတွေ အမြန်ဆုံး ရပ်စေချင်တယ်။ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် မူဆယ်မြို့ပေါ် တောင် နေစရာရှိမှာမဟုတ်တော့ဘူး။ တရုတ်နိုင်ငံဘက်ထဲဝင်ဖို့လည်း လူတွေများတော့ တန်းစီရတာမလွယ်ဘူး” ဟု စစ်ဘေး ရှောင် ကိုအိုက်ပီးက ပြောသည်။

“ကျွန်မက မူဆယ်(၁၀၅)မိုင်ကပါ။ တိုက်ပွဲက မနက်ပိုင်း ၆ နာရီကျော်ကျော်က စဖြစ်တယ်။ ဖြစ်ဖြစ်ချင်းပဲ အမေတို့အိမ်ကို ကလေးနှစ်ယောက်ခေါ် ပြီး ထွက်ပြေးခဲ့တယ်။ အမေတို့ အိမ် ကတစ်ဆင့် မူဆယ်ကို ထွက်ပြေးခဲ့တယ်။ အမေနဲ့ အဖေကတော့ လောလောဆယ်ခေါ်လို့မရလို့ ထားခဲ့ရတယ်။ မူဆယ်ရောက်တော့ ကိုယ်တွေလိုပဲ ထွက်ပြေးခဲ့ကြတဲ့သူတွေအများကြီးပဲ။

လူမှုရေးအသင်းတွေ၊ ဆရာဝန်တွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေ၊ အလှူရှင်တွေကလည်း လိုအပ်တာတွေ ကူညီပေးကြပါတယ်။ ၁၀၅ မိုင်က ကြက်ခြေနီတွေဆိုရင်လည်း တိုက်ပွဲတွေကြားထဲ အထိ လူနာတွေကို လိုက်ပြုစုပေးတာကိုတွေ့ခဲ့ရတယ်။ အခု မူဆယ်ကုန်သည်ကြီးအသင်းရုံးမှာ လူတွေအလွန်များလာတယ်။ ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ လူတွေမဆံ့တော့ဘူး။ ပြီးတော့ မူဆယ်မြို့ပေါ်မှာလည်း စိတ်မချရဘူးလို့ သတင်းတွေ ထွက်နေတာကြောင့် ကျွန်မတို့ မူဆယ်မှာမနေရဲဘူး။ ဟိုဘက်ကို ထွက်ပြေးတော့မယ်။ ဖြစ်နိုင်ရင်တော့ ဟိုဘက်ထဲမှာလည်း အကြာကြီးမနေချင်ဘူး။ ကိုယ့်အိမ်ကိုပဲ ပြန်လာချင်တယ်။ ဒါကြောင့် တိုက်ပွဲတွေ အမြန်ဆုံးပြီးပါစေလို့ ကျွန်မ ဆုတောင်း နေတာ” ဟု မဂျာဘောက ပြောသည်။

သန့်ဇင်(မူဆယ်)

No comments:

Post a Comment