Tuesday, November 22, 2016

ရာသီစာ

စာရေးသူ ငယ်စဉ်ကနေ မကောင်း ဖြစ်ရင် ဆရာဝန်နဲ့ ပြရမှာ သိပ်ကြောက်ပါတယ်။ ဆေးထိုးခံရတာထက် ဆေးသောက်ရတာ၊ ထမင်းမစားရမှာတွေကို ကြောက် တာပါ။ တုပ်ကွေးဖျားတာကို ဆေးပတ်လည်အောင် သုံးရက်လောက်သောက်ရပြီး ဆေးဒဏ်ကြောင့် ချွေးတွေ ခဏခဏထွက်၊ ထမင်းကလည်း မစားရတော့ လူကအားပြတ်သလို ခံစားရပါတယ်။ အခုခေတ်လို ဓာတ်ဆားရေသောက်ရမှန်းလည်း မသိပါဘူး။ အဲဒါကြောင့် နေမကောင်း ဖြစ်ရင် ဆရာဝန်နဲ့ မကုဘဲ တိုင်း ရင်းဆေးဆရာနဲ့သာကုဖို့ မိဘတွေကို တောင်းဆိုလေ့ရှိပါတယ်။ မိဘတွေနဲ့ ရင်းနှီးတဲ့ တိုင်းရင်းဆေး ဆရာကြီးနာမည်က ဆရာထွေး လို့ခေါ်ပါတယ်။ ဆရာထွေးနဲ့ ပြရ မယ်ဆို ပျော်ရွှင်ရတဲ့အကြောင်း ရှိပါတယ်။ သူ့ဆီရောက်လာတဲ့ လူနာတွေကို ဆရာထွေးက လက် ကောက်ဝတ်က သွေးပြန်ကြော၊ သွေးလွှတ်ကြောတွေကိုစမ်းပြီး မွေးသက္ကရာဇ်ကိုမေးကာ သူ့ဖန် ပုလင်းထဲက ဆေးနီ၊ ဆေးဝါအ မှုန့်တွေကို သတင်းစာစာရွက် လေးတွေနဲ့ အထုပ်လေးထုပ်ပြီး နံနက်၊ နေ့လယ်၊ ညခွဲကာသောက် ဖို့ပေးပါတယ်။ ဘယ်ဆေးက ကွမ်းရွက်ပြုတ်နဲ့သောက်၊ ဘယ် ဆေးက ရေအေးနဲ့သောက် စသည်ဖြင့်ပေါ့။



ဆရာထွေးဟာ ခေတ်မီ တယ်ဆိုရမလား မသိပါဘူး။ အင်္ဂလိပ်ဆရာဝန်တွေက ဖျားတဲ့သူကို ထမင်းမစားခိုင်းဘဲ ဆန်ပြုတ် သောက်ခိုင်းတဲ့ခေတ်မှာ သူကထမင်းစားခိုင်းပါတယ်။ ကိုယ် ကြိုက်ရာစားတော့ မဟုတ်ပါဘူး။ အင်္ဂါနေ့ မနက်မှာ ဘူးသီးဟင်းခါး နဲ့ ငါးကြော်စားဆိုရင် ဗုဒ္ဓဟူးနေ့ မှာ တခြားဟင်းလျာကို ပေးပါ တယ်။ သူပေးတဲ့ ဟင်းလျာကလွဲ လို့ တခြားမစားရပါဘူး။ အဲဒါကို လူကြီးတွေကတော့ ဓာတ်စာလို့ ပြောကြပါတယ်။ စာရေးသူတို့ ငယ်စဉ်က ဆရာထွေးနဲ့ ကုရတာ သိပ်ကြိုက်ပါတယ်။ ဆေးလည်း မထိုးရ၊ ထမင်းလည်းစားရဆို တော့ နေမကောင်းတဲ့သူနဲ့တောင် မတူပါဘူး။ သူပေးတဲ့ ဓာတ်စာပါ ဟင်းသီးဟင်းရွက်တွေကလည်း ရာသီစာတွေပါ။ ဘူးသီးပေါ်ချိန်ဘူးသီး၊ ဒန့်သလွန်သီးပေါ်တဲ့အ ချိန် ဒန့်သလွန်သီးဆိုတော့ ရှာချက်ရတာလည်း မရှိပါဘူး။

ရာသီစာဆိုတာဟာလည်း ဗေဒင်နက္ခတ်နဲ့ယှဉ်ပြီး တွက်ချက် စားရင် ဆေးဖက်ဝင်တာဖြစ်လို့ ဆရာထွေးရဲ့ ကုသမှုဟာ အစွမ်း ထက်လှပါတယ်။ အနီးကပ်ဆုံး ဥပမာပေးရရင် တန်ဆောင်မုန်း လပြည့်နေ့ညမှာ မဲဇလီဖူးသုပ် စားရင် ဆေးပေါင်းခတယ်ဆိုတဲ့ သဘောမျိုးပါ။ မဲဇလီဟာ ခါး သက်သက်အရသာရှိတဲ့အတွက် သာမန်အချိန်တွေမှာဆို သုပ်မစားကြသူတွေဟာ တန်ဆောင်မုန်းလ ပြည့်နေ့ကျမှ ဘာလို့သုပ်စားကြ သလဲလို့ မေးစရာရှိပါတယ်။ တန်ဆောင်မုန်းလဟာ မြန်မာရာသီ ကာလက ရှစ်လမြောက်၊ အထိမ်းအမှတ်ပန်းက ခဝဲပန်း၊ စားသင့် ဖွယ်ရာနက္ခတ်သင့်တာက မဉ္ဇူ သကနတ်ပန်းနဲ့ညီမျှသော မဲဇလီ အာဟာရလို့ ဆိုကြပါတယ်။ ထိုနေ့မှာ နတ်များသက်တမ်းတိုးကြ တယ်လို့လည်းဆိုပါတယ်။ လူယောက်ျားလေးများ ညဥ့်သုံးယံကာလပတ်လုံး အားအင်ပြည့်ဖြိုးကြတယ်လို့ ကျမ်းဂန်တွေမှာ လည်း ရေးသားထားပါတယ်။ ကျမ်းဂန်တွေကပဲ အညွှန်းကောင်းတာလား၊ မဲဇလီဖူးသုပ်ကပဲ ဆေးစွမ်းပြလို့လားတော့ မသိပါဘူး။လူအများစုက တန်ဆောင်မုန်းလ

ပြည့်နေ့ညမှာ မဲဇလီဖူးသုပ်စားကြတာကတော့ နှစ်စဉ်နှစ်တိုင်းပါပဲ။

ရာသီစာဆိုတဲ့ စကားအသုံး အနှုန်းကို ဘယ်မှာသုံးသေးလဲဆို တော့ ဈေးထဲမှာလည်း သုံးပါ သေးတယ်။ မဲဇလီဖူးတစ်စည်း ဘယ်လောက်လဲမေးရင် ငါးရာဆို တော့ များလှချည်လားလို့ ထပ် မေးပါတယ်။ ဈေးသည်က ပြန် ဖြေပုံက ရာသီစာလေ ကြိုက်ရင် ယူတဲ့။ ကျောင်းဖွင့်ခါနီးမှ ဗလာ စာအုပ်နဲ့ အဖြူအစိမ်း အင်္ကျီ၊ လုံ ချည်သွားဝယ်ရင် ရာသီစာ၊ မိုးကျ မှ ထီးဝယ်တာ ရာသီစာ၊ သီတင်း ကျွတ်မှ မုန့်ပုံးဝယ်တာ ရာသီစာ၊ ဆောင်းတွင်း ချမ်းမှ အနွေးထည် ဝယ်တာ ရာသီစာ စသည်ဖြင့် ရှိကြပါတယ်။ ရာသီစာ အသီးအနှံကို တောရွာမှာ အလွယ်တကူရရှိ နိုင်ပေမယ့် မြို့ပြရာသီစာဆိုရင် တော့ ဈေးကြီးပေးရပြီသာ မှတ် ထားကြစေချင်ပါတယ်။

ဒီနေရာမှာ ရာသီစာနဲ့ပတ် သက်ပြီး စာရေးသူ လျှာရှည်နေ ခြင်းကို စာဖတ်သူများ စိတ်မရှိကြ ပါနဲ့လို့ တောင်းပန်လိုပါတယ်။ အကြောင်းရင်းက ကြားဖြတ်ရွေး ကောက်ပွဲဆီ သွားလိုခြင်းဖြစ်ပါ တယ်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက် ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ ပြည်သူ့လွှတ်တော်အတွက် ကိုး နေရာ၊ အမျိုးသားလွှတ်တော်အ တွက် သုံးနေရာ၊ ပြည်နယ်လွှတ် တော်အတွက် ခုနစ်နေရာဖြစ်ပါ တယ်။

 တိုင်းဒေသကြီးနဲ့ ပြည်နယ် ရှစ်ခုတို့မှ မြို့နယ် ၂၁ မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမှာဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီများ ဟာ မိမိတို့ပါတီရဲ့ ကိုယ်စားလှယ် အသီးသီးကို ရွေးချယ်ဖို့ ပြင်ဆင် နေကြပါပြီ။ တချို့ပါတီတွေက လည်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်အရွေးခံလို သော ပါတီဝင်များကို သက်ဆိုင် ရာပါတီရုံးများထံ လျှောက်ထား ဖို့ ဖိတ်ခေါ်နေပါပြီ။ အာဏာရ အင်န်အယ်လ်ဒီပါတီကလည်း ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း တွေကို သက်ဆိုင်ရာ မြို့နယ် ပါတီရုံးတွေမှာ လျှောက်လွှာတင် ရမှာဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေ နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပါတီရုံးတွေမှာတင်ဖို့ ကြေညာထားပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်း လျှောက်ထားသူများကို မြို့နယ် ပါတီအလုပ်အမှုဆောင်က မဲပေး ထောက်ခံရမှာဖြစ်ပြီး ခရိုင်၊ တိုင်း အလုပ်အမှုဆောင်အဆင့်ဆင့်ရဲ့ ထောက်ခံမှုနဲ့ ဗဟိုက ရွေးချယ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီရဲ့ အဓိကပြိုင် ဘက် ပြည်ခိုင်ဖြိုးပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များကို ယခင်က လို အထက်ကချပေးတဲ့ Top Down စနစ်ကိုမသုံးဘဲ အောက် က ရွေးချယ်ပေးတဲ့ Buttom Up စနစ်ကိုသုံးကာ ရွေးချယ်မယ်လို့ ဆိုထားပါတယ်။

အရွေးချယ်ခံမယ့် လွှတ် တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ရွေးကောက်ပွဲကော်မရှင် မှာ လျှောက်လွှာတင်ရမယ့်နေ့ နီးကပ်လာလေလေ နိုင်ငံရေး ရာသီစာ ဈေးနှုန်းဟာ မြင့်တက် လာလေလေပါပဲ။ ပါတီရုံးကို အ ရောက်အပေါက်နည်းတဲ့ ပါတီ ဝင်တွေလည်း ရုံးကို ခပ်စိပ်စိပ် တက်လာကြပါတယ်။ ပါတီအ တွက် ဘာလိုသလဲ၊ ဘယ်လောက်လှူရမလဲဆိုတဲ့ သူတွေလည်းရှိ လာပါတယ်။ ပါတီကထိန်အတွက်အလှူအတန်းတွေ ရက်ရောလွန်း လို့ မနှစ်က ကထိန်ထက် ပိုစည် တဲ့ ပါတီကထိန်တွေကလည်း တွေ့ရပါတယ်။ အရင်က ငါက တိုင်းအလုပ်အမှုဆောင်၊ ခရိုင်အ လုပ်အမှုဆောင် မင်းတို့မြို့နယ် ရုံးအလုပ်ကူလုပ်မပေးနိုင်ဘူး၊ ကိုယ့်အလုပ်နဲ့ကိုယ် မအားဘူးဆို သူတွေလည်း ယခုအခါ မြို့နယ် ရုံးကို ချောင်းပေါက်မတတ် ရောက်နေကြပါပြီ။ တချို့ကိုယ် စားလှယ်လုပ်ချင်တဲ့သူတွေဆို ထောက်ခံမဲ များများလိုချင်လို့ ညစာစားပွဲတွေ လုပ်လာကြတယ် လို့ ကြားနေရပါတယ်။ အရေးကြုံ တော့လည်း သက်လုံကောင်းရ သပေါ့လေ။

လာမယ့် ကြားဖြတ်ရွေး ကောက်ပွဲဟာ လွှတ်တော်အသီး သီးအတွက်ရော၊ အစိုးရအဖွဲ့အ တွက်ရော အရေးမပါလှပေမယ့် လစ်လပ်မဲဆန္ဒနယ်က ပြည်သူ တွေနဲ့ ပါတီအသီးသီးရဲ့ နိုင်ငံရေး သိက္ခာအတွက် အရေးပါလှပါ တယ်။ ကိုယ်စားလှယ်လောင်း ရွေးချယ်သတ်မှတ်ပေးမယ့် ပါတီ အသီးသီးက တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကလည်း အရေးကြီး ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်ဖြစ်ပြီးမှ သူ့ရဲ့ အကျင့်စရိုက် ဆိုးတွေပေါ်လာရင် ပါတီအတွက် ရော ပြည်သူအတွက်ပါ နစ်နာလှ ပါတယ်။

ခါးလို့ မစားဖြစ်တဲ့ မဲဇလီ ဖူးကို တန်ဆောင်မုန်းလပြည့်ညမှ ဆေးဖက်ဝင်တယ်ဆိုပြီး သုပ်စားမိသလိုဖြစ်မှာစိုးလို့ပါ။     ဗညားလှိုင်ဦး

No comments:

Post a Comment