Thursday, November 24, 2016

တိုက်ပွဲ ၊ သတင်းနှင့် လက်များ

နိုဝင်ဘာ ၂ဝ ရက် နံနက် ၂ နာရီခန့်က မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းများကို KIA, TNLA, MNDDA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့သည်ဆိုသော သတင်းဆိုးကို မကြားချင်၊ မသိချင်သော်လည်း ကြားသိခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူရှစ်ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းထုတ် ပြန်မှုများအရ သိရသည်။ ယင်းသို့ တိုက်ခိုက်ခံရစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံ ပြည်သူ့စစ်တို့က ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါ ပစ်ခတ်ရာနေရာ များသို့ တပ်မတော်စစ်ကြောင်းများ သွားရောက်ပူးပေါင်းကာ လက်နက်ကိုင်အဖွဲ့များနှင့် ထပ်မံထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ကျဆုံးနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ ကြောင်း သတင်းများက ဖော်ပြသည်။
ယင်းနေ့ နံနက်ပိုင်း ၁ဝ နာရီခန့်တွင် နမ်းခမ်းမြို့၊ ဟိုနားကျေးရွာအုပ်စု ကောင်းပိန်းကျေးရွာအနီး တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်း စဉ် TNLA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် သိန္နီမြို့နယ်၊ ကောင်းဟော်ကျေးရွာအနီးရှိ နမ္မတူတံတားပေါ်တွင် ပါဂျဲရိုးယာဉ်တစ်စီးဖြင့် ဖောက်ခွဲမှုပြု လုပ်ခဲ့သည်ဟုလည်း သတင်းများက ဖော်ပြသည်။ ယင်းသို့ဖြစ်ပွားမှုအပေါ် မူဆယ်မြို့နေ ပြည်သူတစ်ဦးက ''ုKIA ကလာပစ်လို့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။ မနက် ၉ နာရီကျော်တဲ့အထိ ပစ်သံတွေကြား နေရတုန်းပဲ။ သစ်သီးပွဲရုံက အမျိုးသမီးတစ် ဦး လက်နက်ကြီးထိသွားတယ်လို့ သိရတယ်။ ဘယ်နှယောက်သေပြီး ဘယ်နှယောက် ဒဏ် ရာရလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ အခြေအနေက မငြိမ်သေးလို့ အပြင်လဲမထွက် ရဲသေးဘူး''ဟု ပြောကြားခဲ့သည်။ ကွတ်ခိုင် ဘက်မှ မူဆယ်ဘက်သို့ ထွက်လာသူ ယာဉ်မောင်းတစ်ဦးကလည်း ''ရှုခင်းသာမ ရောက်ခင်နားမှာ သောင်းကျန်းသူအဖွဲ့က မူဆယ်ဘက်ကဆင်းလာတဲ့ ကားကြီးတစ် စီးကို လမ်းကန့်လန့်ဖြတ် ပိတ်ရပ်လိုက်ပြီး ကွတ်ခိုင်ဘက်က တက်လာတဲ့ကားတွေကို ရပ်ခိုင်းလိုက်တယ်။ ပြီးတော့ ကားသော့တွေ ကိုယူသွားတယ်။ ယာဉ်မောင်းတွေရော၊ ခရီးသည်တွေပါ ကြောက်လို့ ကားထားပြီးထွက်ပြေး သူတွေ၊ လမ်းပေါ်မှာ ဝပ်နေသူတွေပါတွေ့လို့ နောက်ပြန်ဆုတ်လာခဲ့ရတယ်။ အခြေအနေ က လုံးဝမကောင်းဘူး''ဟု ပြောဆိုခဲ့ပါသည်။
မည်သို့ဆိုစေ ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားနေခြင်းအား မီဒီယာများက ယင်းတို့၏ မူလ တာဝန်အတိုင်း အချိန်နှင့်တစ်ပြေးညီဆိုသလို သတင်းများ ရိုက်ကူးရေးသား၍ တင်ပြနေကြ ရလျက်ရှိသည်။ ယင်းသည် သတင်းသမား၏ တာဝန်သာဖြစ်သည်။ သတင်းသမားဟူသည် စာရွက်စာတမ်းပေါ်တွင် လက်မှတ်ရေးထိုး မထားသော်ငြားလည်း စာဖတ်ပရိသတ်သိလိုသည့် သတင်းမှန်၊ အချက်အလက်မှန်များကို အချိန်မှန် တင်ပြပေးရမည်ဟူသော ပဋိညာဉ်သည် မွေးရာပါအမှတ်အသားကဲ့သို့ ဖျောက်မရအောင် စွဲပါပြီးသားဖြစ်သည်။ ယင်းမှာ စာချုပ်ချူပ် ဆိုထားခြင်း မဟုတ်သော်လည်း လုပ်ငန်းသဘာဝအရ သူ့အလိုလို အသွေးအသားက လက်ခံ ထားပြီးဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲသတင်းများကိုလည်း အချိန်မီ စာဖတ်သူထံ ရောက်ရှိ အောင် ပို့ဆောင်ပေးနေကြရပါသည်။ ဤနေရာတွင် ပဋိပက္ခသတင်းများကို ဖော်ပြရာ၌ လိုက်နာရမည့် သတင်းကျင့်ဝတ်အတိုင်း နှစ်ဘက်အခြေအနေနှင့် ပြောစကားများကိုပါ ဖော် ပြရလေ့ရှိပါသည်။ တစ်ခါတစ်ရံ တစ်ဘက်ဘက်မှ သတင်းထုတ်ပြန်ပြောဆိုမှု နှောင့်နှေး ကြန့်ကြာသည့် အခါမျိုးတွင် သတင်းသမားသည် မိမိတို့ စာဖတ်ပရိသတ်ထံ ဆောလျဉ်စွာ သတင်းပေးပို့နိုင်ရန်အတွက် Quote Of Balance မဖြစ်ဘဲ တစ်ဘက်ပြောစကားကိုသာ ဖော်ပြပြီး သတင်းတည်ဆောက်လိုက်ရသည့် အခြေအနေမျိုးလည်း ကြုံရတတ်ပါသည်။ ဖြစ်တတ်သော ထိုအခြေအနေမျိုးအပေါ် စာဖတ်သူက နားလည်ပေးရန်လိုအပ်ပြီး မီဒီယာက မေးမြန်းစုံစမ်းမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူ၊ ပြောရေးဆိုခွင့်ရှိသူများက အချိန်နှင့်တစ် ပြေးညီ ကူညီရန်လိုမည်ဖြစ်ပါသည်။ ယင်းသို့ ကူညီခြင်းသည် တိုင်းပြည်၏ မျက်စိ၊ နားဖြစ် သည့် လိုအပ်ချက်အရ ပေါ်ပေါက်နေရသော စတုတ္ထမဏ္ဍိုင်ကို ထောက်ကူရာလည်း ရောက် သည်ကို သတိချပ်စေလိုပါသည်။ အမှန်အတိုင်းဆိုရသော် ဘယ်သတင်းသမားမှ ကိုယ့်အ ထုပ် ကိုယ်ပြန်ဖြေပြရသော ပြည်တွင်းစစ်သတင်းများကို မြိန်ရေရှက်ရည် ရေးသားလိုခြင်း မရှိပါ။ စစ်ပွဲများရှိနေ၍သာ စစ်သတင်းများကို ရေးသားနေရခြင်း ဖြစ်ပါသည်။ သတင်းသ မားသည် စစ်သတင်းကိုရေးနေရင်း မတ်တတ်ကပင် စစ်ပွဲများ အပြီးတိုင်ချုပ်ငြိမ်းပါစေဟု ဆန္ဒပြုနေသူများလည်း ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီးက သြဝါဒတစ်ခု မိန့်ြ>ွမက်ခဲ့ဖူးသည်။ ''ဆုပ်ထားတဲ့လက်ထဲကို ဘာ မှထည့်လို့မရဘူး''ဟူ၍ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ယခုလက်ရှိ၌ (အခြေအနေနှင့် အချိန် အခါအရ) ရုပ်လုံးပေါ်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ယခုတစ်ကြိမ်သာ ငြိမ်းချမ်းရေးကို အချိန်မီ မရယူနိုင်ပါက မြန်မာ့အနာဂတ်အရေးကား ရင်လေးဖွယ်ရာသာ ရှိတော့အံ့။ ထို့ ကြောင့် 'ဆုပ်ထားသောလက်များ အမြန်ပြေလျော့ပါစေ'ဟု ရန်ကုန်တိုင်းမ်က ဆန္ဒြေ>ွခလိုက်ရ ပေသည်။

No comments:

Post a Comment