Monday, November 28, 2016

ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ် ဆိုသည်မှာ ဟုတ်မှန်ပါရဲ့လား

( ၁ )   (၁၃၁) ကြိမ်မြောက် ပါတော်မူနေ့နှင့် နယ်ချဲ့ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အထူးဆောင်းပါး
မြန်မာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီငြမ်းထောက် အသစ်မီတယ်
ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေသည်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျို့
ကုလားမြင် သူ့အမေ(---)တော့မလိုပါ
ခုမြေလျှိုး ပုန်းရှောင်
ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်
စာသင်တောင် ဦးချလို့
ပလူးရ ပြေးကြို့ခါခါ
ခွေးသို့ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်တော့လေး။   (အချုပ်တန်းဆရာဖေ)



( ၂ )
နာမည်ကျော် နယ်ချဲ့ဆန့်ကျင်ရေး စာဆိုတော်ကြီး အချုပ်တန်းဆရာဖေ ရေးသီဖွဲ့ခဲ့သည့်တေးထပ်ဖြစ်သည်။ စာဆိုတော်ကြီး အချုပ်တန်းဆရာဖေသည် ယင်းတေးထပ်ကို မည်မျှစိတ်နာနာနှင့် ရေးဖွဲ့ သည်မသိ၊ ခရစ်နှစ် (၁၈၈၅)ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ပါတော်မူသွားခဲ့သည့် သီပေါဘုရင်နှင့် မိဖုရားခေါင်ကြီးစုဖုရား လတ်တို့အား မြန်မာပြည်သူအများက သတိရတမ်းတနေခိုက်တွင် စာဆိုတော်ကြီး အချုပ်တန်းဆရာဖေ၏ အထက် ပါတေးထပ် ပေါ်ထွက်လာခြင်းဖြစ်ပေတော့သည်။

မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်တွင် နယ်ချဲ့ ဗြိတိသျှစစ်တပ်ကြီးသည် ရတနာပုံမန္တလေး နေပြည်တော်သို့ ရောက်ရှိလာပြီးနောက် သီပေါဘုရင်နှင့် မိဖုရားခေါင်ကြီးစုဖုရား လတ်တို့အား အိန္ဒိယနိုင်ငံသို့ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။ ဤကား ရတနာပုံနန်း၏ နေဝင်ချိန်တည်း။ ပြောရမည်ဆိုလျှင် ခရစ်နှစ် ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ၏ နိဂုံးချုပ် ဖြစ်ခဲ့ပေသည်။

ပြောချင်သေးသည်။ မြန်မာ နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ခရစ်နှစ် ၁၈၂၄ ခုနှစ်တွင် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲကြောင့် တနင်္သာရီကမ်းမြောင် ဒေသတစ်ခုလုံး ဗြိတိသျှ နယ်ချဲ့စစ်တပ်များက သိမ်းယူသွားခဲ့သည်။ ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ခဲ့ပြန်၏။ ထိုစစ်ပွဲ၌ မြန်မာဘုရင့်တပ်မတော်က အရှုံးကြီးရှုံးပြီးလျှင် ရန်ကုန်မြို့နှင့်တကွ မြေထဲမြို့ အထိ (ယခု အောင်လံမြို့) နယ်ချဲ့ ဗြိတိသျှစစ်တပ်များက သိမ်းယူသွားခဲ့ ပြန်လေသည်။ ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် နယ်ချဲ့အင်္ဂလိပ်စစ်တပ်များသည် မန္တလေး ရတနာပုံနေပြည်တော်အထိ ချီတက်ရောက်ရှိ လာပြီးလျှင် သီပေါဘုရင်နှင့် မိဖုရားခေါင်ကြီးစုဖုရားလတ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားသည်အထိ မြန်မာ့ထီးနန်းသည် နောက်ဆုံးနေဝင်ချိန်သို့ ရောက်ခဲ့ရတော့သည်။ ဤတွင် မေးခွန်းတစ်ရပ် ပေါ်ထွက်လာလေ သည်။ မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလတွင် ဆင်နွှဲခဲ့သည့် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ၌ မြန်မာ့တပ်မတော်သည် နယ်ချဲ့ဗြိတိသျှတို့အား အလွယ်တကူ ဒူးထောက်အရှုံးပေးခဲ့ပါသလား။


မဟုတ်ချေ၊ မြန်မာဘုရင့်တပ်မတော်သည် ထိုစဉ်ကာလက နယ်ချဲ့ဗြိတိသျှစစ်တပ်ကြီးအား သရက်ခရိုင်၊ မင်းလှခံတပ်တွင်လည်းကောင်း၊ ဂွေ့ချောင်းခံတပ်တွင်လည်းကောင်း နယ်ချဲ့ဗြိတိသျှ စစ်တပ်ကြီးအား သွေးချင်း ချင်းနီအောင် အသက်ပေးစွန့်လွှတ်တိုက်ခိုက်ခဲ့သည့် သမိုင်းမှတ်တမ်းကျန်ခဲ့ပါသည်။ ဖြစ်ရပ်ကို အမြစ်ကလှန်၍ပြောရလျှင် အင်္ဂလိပ်- မြန်မာတတိယစစ်ပွဲသည် မြန်မာနိုင်ငံအား မတော်မတရား သိမ်းယူလိုသည့် ဗြိတိ သျှအစိုးရ၏ ယုတ်မာပက်စက်သော အကြံအစည်ကြောင့် ဖြစ်ပေါ်လာခြင်း ပေတည်း။ အိန္ဒိယကုမ္ပဏီခေါ် East India(အရှေ့အိန္ဒိယ)ကုမ္ပဏီသည် မြန်မာ နိုင်ငံ သီပေါဘုရင်အစိုးရထံမှ စာချုပ် စာတမ်းဖြင့် တောင်ငူ သစ်တောကြိုးဝိုင်းမှ ကျွန်းသစ်များကို ခုတ်လှဲသယ်ယူခွင့် ရရှိခဲ့သည်။ East India ကုမ္ပဏီ၏လက် အောက်ရှိ ဘုံဘေဘားမားရောင်းဝယ်ရေး ကော်ပိုရေးရှင်း Bombay Burma Trading Corporation(BBTC) က အခွန် အခပေးပြီး ခုတ်လှဲခွင့်ရရှိခဲ့ရာ၌ ၁၈၈၅ ခုနှစ်တွင် ကားကုမ္ပဏီသည် မြန်မာကျွန်း သစ်လုံးများကို အခွန်အခမပေးတော့ဘဲ ခိုးယူခုတ်လှဲခဲ့သည်ဟူသော အမှုကြီး တစ်ခု ပေါ်ပေါက်ခဲ့သည်။


BBTC သည် ကျွန်းသစ်အလုံး ပေါင်း ရှစ်သောင်းခုတ်လှဲသွားပြီးနောက် ကျွန်းသစ်အလုံးပေါင်း သုံးသောင်းနှစ် ထောင်အတွက်သာ အခွန်ငွေပေးဆောင်ခဲ့သည်။ BBTC က စတာလင်ပေါင်ငွေ တစ်သိန်းခုနစ်သောင်း တန်ဖိုးရှိသည့် ကျွန်းသစ်လုံးများကို ခိုးယူခုတ်လှဲသွားကြောင်း အမှုပေါ်ပေါက်လာသည်။ ထို့ကြောင့် BBTC သစ်ကုမ္ပဏီက ခိုးယူသွားသော ငွေတန်ဖိုး၏နှစ်ဆ စတာလင်ပေါင် သုံးသိန်းလေးသောင်းကို မြန်မာဘုရင့် အစိုးရထံ ပေးဆောင်စေရန် ဘုရင့်လွှတ်တော်က ပြစ်ဒဏ်စီရင်ဆုံးဖြတ်ခဲ့သည်။ မြန်မာဘုရင့်လွှတ်တော်သည် BBTC သစ်ကုမ္ပဏီမှ ခိုးယူခုတ်လှဲသွားသော ကျွန်းသစ်များကို ဧရာဝတီမြစ်အတွင်း မျှောချလာစဉ် မြန် မာဘုရင့်တပ်မတော်က တားဆီးပိတ်ပင်ရန် အမိန့်ချမှတ်ခဲ့သည်။ နောက်ဆုံးတွင် BBTC သစ်ကုမ္ပဏီက မိမိကျွန်းသစ်ခိုးယူခုတ်လှဲသည့် အမှုနှင့်ပတ်သက်ပြီး ဗြိတိသျှအစိုးရထံ တိုင်ကြားခဲ့တော့သည်။ ဗြိတိသျှအစိုးရ က မြန်မာဘုရင်ထံသို့ အောက်ပါရာဇသံကို ပေးပို့ခဲ့၏။

'ကျွန်းသစ်ခုတ်လှဲမှုပြဿနာ အတွက် ဆွေးနွေးရန် ဗြိတိသျှသံအဖွဲ့ တစ်ဖွဲ့ ရတနာပုံနေပြည်တော်သို့လာမည်။ သံအဖွဲ့ကို ကာကွယ်ရန် ဗြိတိသျှလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့နှင့် စစ်သင်္ဘောတစ်စင်းထားရှိရန်၊ BBTC သစ်လုပ်ငန်း၏ ဆောင်ရွက်မှုများကို မြန်မာဘုရင်အစိုးရက တားဆီးခြင်းမပြုရန်၊ မြန်မာနိုင်ငံသည် မိမိ၏ နိုင်ငံခြားဆက်သွယ်ရေးကိစ္စများကို ဗြိတိသျှအစိုးရ၏ ခွင့်ပြုချက်ကိုရယူပြီးမှ ဆောင်ရွက်ရန်' ဗြိတိသျှအစိုးရ သည် အထက်ပါ သဝဏ်လွှာကို ပေးပို့ပြီးနောက် ရာဇသံတစ်စောင်ကိုလည်း ပေးလိုက်သေး၏။ အထက်ဖော်ပြပါ ဗြိတိသျှအစိုးရ၏တောင်းဆိုချက်ကို သဘောတူ၊ မတူ အမြန်ဆုံး အကြောင်းပြန်ကြားပါ။ အကြောင်း မပြန် ခဲ့လျှင် ဗြိတိသျှဘုရင့်အစိုးရက ထိရောက် သောအရေးယူမှုကို ပြုရလိမ့်မည်ဟူ၏။

( ၃ )

ပြောရဦးမည်။ သီပေါဘုရင် နန်းတက်စအချိန်က မန္တလေးရတနာပုံ နေပြည်တော်တွင် ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏အစီအစဉ်အရ မင်းတုန်းမင်းကြီး၏ သားတော်အများအပြားအား ဖမ်း ဆီး၍ အကျဉ်း ထောင်သို့ပို့ခဲ့သည်။ ထိုစဉ်အခါက မင်းတုန်းမင်းကြီး၏ သားတော်နှစ်ပါးဖြစ်သော ညောင်ရမ်းမင်းသားနှင့် ညောင်အုပ်မင်းသားတို့သည် မန္တလေး ရတနာပုံနေပြည်တော်ရှိ ဗြိတိသျှအစိုးရ၏သံရုံးသို့ တိတ် တဆိတ်သွားရောက်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခဲ့သည်။ ဗြိတိသျှသံရုံး၏ ဆောင်ရွက်မှုကြောင့် ညောင်ရမ်းနှင့် ညောင်အုပ် မင်းသားတို့သည် ဗြိတိသျှပိုင်နယ်မြေသို့ ထွက်ပြေးလွတ်မြောက်သွားကြ၏။ ညောင် ရမ်းနှင့် ညောင်အုပ်မင်းသားတို့သည် ဗြိတိသျှပိုင် မြေထဲမြို့ကို အခြေပြုကာ မြန်မာသီပေါဘုရင်မင်းမြတ်ပိုင် ကျေးရွာများသို့ မကြာခဏဝင်ရောက်ကာ ဘုရင့်ဘဏ္ဍာ တော်ပိုင်ငွေများကို လုယူကြလေ၏။ ထိုအဖြစ် အပျက်မျိုး မကြာခဏ ဖြစ်ပွားသော အခါ သီပေါဘုရင်မင်းမြတ်အစိုးရက ညောင်ရမ်းမင်းသားနှင့်အဖွဲ့ကို ဖမ်းဆီး ၍ ပေးအပ်ရန် တောင်းဆိုခဲ့သည်။


အတည်မပြုနိုင်သောသတင်း တစ်ရပ်အရ မြန်မာဘုရင်သီပေါမင်း၏ အစိုးရသေနတ်ဝန်ကြီး (ထိုခေတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)ကင်းဝန် မင်းကြီးဦးကောင်းသည် နယ်စပ်ဒေသ၌ ပုန်ကန်ထကြွလျက် ရှိသော ညောင်ရမ်းမင်းသားနှင့် လျှို့ဝှက်ဆက်သွယ်ပြီး ညောင်ရမ်းမင်းသားနှင့် သီပေါဘုရင်တို့အား အလဲအလှယ်ပြု၍ ညောင်ရမ်းမင်းသားကို နန်းတင်ရန် အစီအစဉ်ရှိပါသတဲ့။ ထိုသတင်း မည်မျှမှန်သည်၊ မမှန်သည် မသိရ။ ဗြိတိသျှအင်္ဂလိပ်အစိုးရကတော့ ရတနာပုံနေပြည်တော်သို့ မိမိစစ်တပ်ကြီး ချီတက်လာခဲ့လျှင် ညောင်ရမ်းမင်းသားကို စစ်သင်္ဘောဦးတွင် တင်၍ခေါ်ဆောင်လာခဲ့မည်ဟု လျှို့ဝှက်ထောက်လှမ်းရေး သတင်း များဖြင့် ပြည်သူများအကြားသို့ သတင်းလွှင့်ခဲ့၏။

( ၄ )

မည်သို့ပင်ဖြစ်စေကာမူ သီပေါဘုရင်မင်းတရားသည် ဗြိတိသျှနယ်ချဲ့စစ်တပ်ကို ရဲရင့်စွာရင်ဆိုင်နိုင်ရန် ဘုရင့်လွှတ်တော်မှ ဆုံးဖြတ်ချက်ပေးလိုက်လေသည်။ ထို့ကြောင့် မြန်မာဘုရင့်နိုင်ငံတော်၌ တပ်မတော်သားသစ် များ ဆင့်ခေါ်လျက် ဤသို့ကြွေးကြော်နေကြလေတော့သည်။ ''ရဲရင့်သော မြန်မာ့သွေးကို ပြကြလော့။ ဝင့်ကြွားသော မြန်မာ့ဒေါင်းလံကို လွှင့်ကြလော့။ အမျိုး၊ ဘာသာ၊ သာသနာအတွက် မြန်မာတိုင်း၊ မြန်မာတိုင်း အသက်ကို စွန့်ရန်အသင့်ပြင်ကြလော့'' ဘုရင့်နန်းတော်မှ ကြေညာချက်ကား ရဲရင့်ပြတ်သားလှ၏။ မိစ္ဆာဒိဋ္ဌိ ကုလားဖြူများသည် ဘာသာ၊ သာသနာ တော်နှင့် ငါတို့၏ အမျိုးသားယဉ်ကျေးမှုကို ဖျက်ဆီးပြီး နိုင်ငံကို ကျွန်ပြုရန် စစ် ပြင်ဆင်လျက် ပြင်းထန်သောရာဇသံကို ပေးပို့နေလေသည်။ တရားမျှတသော နိုင်ငံကြီးသားပီသစွာနှင့် ငါတို့၏သဘောထား ကို ပြန်ကြားလိုက်လေသည်။ မိစ္ဆာကုလား ဖြူများသည် ငါတို့နိုင်ငံကို အချိန်မရွေး ချီတက်လာရောက်နိုင်သည်ဖြစ်၍ ရန်သူကို ရေကြောင်း၊ ကြည်းကြောင်းတို့မှ တိုက်ခိုက်ရန် ဘုန်းတော်အလွန်တရာကြီးမြတ် တော်မူလှသော ဘုရင်မင်းမြတ်ကိုယ်တိုင် ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ်၊ အ မြောက်တပ်၊ လှေသင်္ဘောတပ်များကို ဦးစီးလျက် အရာရှိ၊ အရာခံတပ်သားများ နှင့်အတူ စစ်ပြင်ဆင်မှုပြုလုပ်လျက်ရှိ သည်။

မြန်မာဘုရင့်လွှတ်တော်သည် တစ်ဖက်မှစစ်ပြင်ဆင်လျက်ရှိသည့်နည်းတူ၊ တစ်ဖက်မှလည်း ဗြိတိသျှအစိုးရထံသို့ အောက်ပါအတိုင်း တရားဝင် ပြန်ကြားခဲ့သည်။ ဘုံဘေဘားမား သစ်ကုမ္ပဏီ၏ကျူးလွန်ခဲ့သောပြစ်မှု အတွက် မြန်မာအစိုးရက ချမှတ်ခဲ့သောဒဏ်ငွေမှာ သင့်မြတ်မှန်ကန်သည်ဟု လွှတ်တော်ကယူဆသည်။ မြန်မာအစိုးရက ချမှတ်ခဲ့သော ဒဏ်ငွေကျပ် ၂၃ သိန်းကို ဘုရင့်ရွှေတိုက်တော်သို့ BBTC က တင်သွင်းလျှင် သစ်လုပ်ငန်း ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုမည်။ မန္တလေးနေပြည် တော်တွင် ဗြိတိသျှသံအဖွဲ့ ထားရှိရန် ဆန္ဒရှိခဲ့လျှင် ယခင်အခါများကဲ့သို့ပင် ထားရှိခွင့်ပြုမည်။  မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်၍ မဟာမင်းကြီးအား သိရှိစေလိုသောအချက်မှာ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးနှင့် ပြည်ပရေးရာတို့မှာ ထိုနိုင်ငံ၏ရှိနှင့်ပြီးသော ဓလေ့ထုံး စံများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည်။ မြန်မာဘုရင်အစိုးရ သည် ပြင်သစ်၊ အီတလီနှင့် အခြားနိုင်ငံများစွာနှင့် အကျိုးတူကိစ္စများ ချစ်ကြည်စွာ ဆောင်ရွက်ဆက်ဆံနိုင်ခွင့် ရှိရမည်သာဖြစ်သည်။

(၅)

မြန်မာဘုရင်အစိုးရ၏ ပြန်ကြားချက်ကို ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၉ရက်တွင် ရန်ကုန်မြို့သို့ အရောက်ပေးပို့ခဲ့သည်။ ဗြိတိသျှနယ်ချဲ့ အစိုးရသည် မြန်မာဘုရင်အစိုးရ၏ ပြန်ကြားချက်ကိုရရှိပြီး နောက်ထပ်ဘာမျှ မပြောတော့ ဘဲ နိုဝင်ဘာ၁၅ ရက်တွင် ဗြိတိသျှစစ်သင်္ဘောအုပ်စုသည် နယ်စပ်မျဉ်းကိုဖြတ်ကျော်ကာ ရတနာပုံနေပြည်တော်သို့ ရေကြောင်းမှ ချီတက်ခဲ့၏။ ထိုစစ်သင်္ဘောအုပ်စုကြီးသည် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့တော်အထိ ရောက်ရှိကာ နိုဝင်ဘာ ၃ဝ ရက်တွင် သီပေါ ဘုရင်နှင့်မိဖုရားခေါင်ကြီး စုဖုရားလတ်တို့အား ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်သည်။ ဤတွင် ဆောင်းပါးခေါင်းစဉ်တင်ထားသော'ဦးကောင်း လိမ် ထုတ် မင်းဆက်ပြုတ်'ဆိုသောအကြောင်းအရာကို ရှင်းလင်းတင်ပြရပေ တော့မည်။


မြန်မာဘုရင်သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့အား မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်တွင် ဗြိတိသျှစစ်တပ်ကြီးက ဖမ်းဆီးခေါ်ဆောင်သွားသောသမိုင်းကို မော်ကွန်း တင်ရန် မည်သည့်ပညာရှင်တစ်စုံတစ်ယောက်က 'ဦးကောင်း လိမ်ထုတ်၊ မင်းဆက်ပြုတ်'ဟု မှတ်တမ်းရေးထိုးခဲ့ပါသနည်း။ မြန်မာသက္ကရာဇ် ၁၂၄၇ ကို နှောင်းလူတို့သိရှိကြစေရန် 'ဦး=၁၊ ကောင်း=၂၊ လိမ်=၄၊ ထုတ် =၇' ဟု ရေးသူကရေး၍ မှတ်တမ်းတင်သူတို့က တင်ခဲ့ကြသောကြောင့် မြန်မာဘုရင်သီပေါမင်း၏ ကင်းဝန်မင်းကြီးဦးကောင်းခမျာ မြန်မာဘုရင်မင်းဆက် ပြုတ်အောင် လိမ်လည်ဆောင်ရွက်ခဲ့သည်ဟု သမိုင်းတရားခံ အဖြစ် မှတ် တမ်းတင်လိုက်ကြပြီ။ သမိုင်းတရားခံဆိုသည်မှာ အလွန်ပင်နာကြည်းဖွယ် ကောင်းလှပေသော စကားလုံးပင်ဖြစ်သည်။


အမှန်ဆိုလျှင် ကင်းဝန်မင်းကြီးဦးကောင်းသည် ရတနာပုံ နေ ပြည်တော်သမိုင်း၌ ထင်ရှားကျော်ကြားလှသော နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ခဲ့၏။ သို့ပါလျက် ယခုကဲ့သို့ 'ဦးကောင်းလိမ်ထုတ် မင်းဆက်ပြု' ဟူ ၍ မြန်မာသက္ကရာဇ် ၁၂၄၇ကို မှတ်တမ်းတင်နိုင်ရန် အမှတ်အသားပြုခဲ့ခြင်းကား ကင်းဝန်မင်းကြီးဦးကောင်းအတွက် သမိုင်းတရားခံတစ်ဦးဖြစ်ရန် တွန်းပို့သကဲ့သို့ဖြစ်ခဲ့ပြီ၊ သမိုင်းတရားခံမဖြစ်ရန် နှောင်းလူတို့ အထူး သတိပြုရန် ဆင်ခြင်စဉ်းစား ကြိုးပမ်းဆောင်ရွက်ကြသင့် ကြောင်း သတိပေးစကားရေးသားရပေသည်။


တက္ကသိုလ်စိန်တင်

No comments:

Post a Comment