Sunday, November 27, 2016

ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် တည်းခိုခန်းပေါင်း ၇၇ လုံးရှိပြီး ဒဂုံတက္ကသိုလ် ရှိရာ မြောက်ဒဂုံတွင် အများဆုံးရှိနေ

ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် လုပ်ငန်းလိုင်စင်ချပေးထားသည့် တည်းခိုခန်းစုစုပေါင်း ၇၇ လုံးရှိပြီး ဒဂုံတက္ကသိုလ် တည်ရှိရာ မြောက်ဒဂုံမြို့နယ်၌ အများဆုံးဖြစ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စစ်ဆေးရေးဌာနမှ စုံစမ်းသိရှိရသည်။ ရန်ကုန်အရှေ့ပိုင်းခရိုင် (၆) မြို့နယ်ဖြစ်သည့် ဒဂုံတောင်တွင် တည်းခိုခန်း(၁၀)လုံး၊ ဒဂုံဆိပ်ကမ်းတွင် (၆)လုံး၊ ဒဂုံမြောက်တွင် (၂၉)လုံး၊ ဒဂုံ အရှေ့တွင် (၉)လုံး၊ သင်္ဃန်းကျွန်းတွင် (၁၉)လုံး၊ တောင်ဥက္ကလာပတွင် (၄)လုံးရှိပြီး ခွင့်ပြုချက်မဲ့ လိုင်စင်မရှိဆောက်လုပ်ထားသည့် တည်းခိုခန်းအများအပြားလည်းရှိနေပြီး ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်ကြားပါက စုံစမ်းစစ်ဆေး၍ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စစ်ဆေးရေးဌာနမှ ဒုတိယဌာနမှူးဦးမင်းလွင်က ပြောသည်။

''တည်းခိုခန်းတွေက မြောက်ဒဂုံမှာတော့များတယ်။ ကျွန်တော်တို့က လုပ်ငန်းလိုင်စင် ရှိ၊မရှိ စစ်ဆေးတယ်။ ဒါပေမဲ့ ခွင့်ပြုချက်မဲ့ ဖွင့်လှစ်တာမျိုး ရှိနေတယ်လို့လည်း အသံတွေထွက်တယ်။ ဒါဆိုရင် ကျွန်တော်တို့ စစ်ဆေးရေးဌာနကိုတိုင်ပါ။ ကျွန်တော်တို့က အရေးယူဖို့ လုပ်သွားမှာပါ။ စည်ပင်ဝန်ထမ်း လာဘ်စားရင်လည်း တိုင်ကြားပါ။ ထိထိရောက် ရောက်အရေးယူပါမယ်''ဟု ၎င်းကဆိုသည်။
အရှေ့ပိုင်းခရိုင်ရှိ အခြားမြို့နယ်များထက် ဒဂုံတက္ကသိုလ်တည်ရှိရာ မြောက်ဒဂုံတွင် တည်းခိုခန်းများ ဖောင်းပွနေကြောင်း၊ တက္ကသိုလ်အနီးတ၀ိုက်တွင်ပင် တည်းခိုခန်း(၃)လုံးခန့်ရှိနေပြီး လုပ်ငန်းလိုင်စင် ချထားပေးသည်များကို ပြန်လည်စိစစ်စေလိုကြောင်း မြောက်ဒဂုံဘုန်းကြီး ကျောင်းကွေ့အနီးတွင်နေထိုင်သည့် ကိုကျော်က ဆိုသည်။
''ဒီနားမှာတင် တည်းခိုခန်း(၃)လုံးလောက်ရှိတယ်။ ကျောင်းသား၊ ကျောင်းသူတွေသွားလာတာလည်း တွေ့နေရတာပဲ။ နောက်ဒီဘက်က တည်းခိုခန်းအချို့က မှတ်ပုံတင်တွေ၊ အသက်ပြည့်၊ မပြည့်တွေမစစ်ဘူး။ နှစ်လုံးရောင်းတာတွေအပြင် မကောင်းတာလုပ်ချင်ရင်ခေါ်ပေးတဲ့၊ ရှာပေးတဲ့တည်းခိုခန်းတွေလည်း ရှိနေတယ်။ ဒါတွေကို စည်ပင်ကလုပ်ငန်းလိုင်စင်ချပေးတယ်ဆိုရင်လည်း ပြန်လည်စိစစ်သင့်တယ်''ဟု ၎င်းက ဆိုသည်။
လုပ်ငန်းလိုင်စင်ရှိသည့် တည်းခိုခန်းများကိုလည်း သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့်ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေး ရန်လိုပြီး လုပ်ငန်းရှင်များက မြို့နယ်များမှ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် နားလည်မှုယူကာလုပ်နေကြခြင်း ကြောင့် စည်းကမ်းပျက်တည်းခိုခန်းများ ဖောင်းပွနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမည်မဖော်လိုသူ အရာရှိတဦးက မှတ်ချက်ပြုသည်။
''သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေချတာက အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေကပါ။ အချို့တည်းခိုခန်းတွေဆို မကောင်းတာတွေ အကုန်ရတယ်။ ဒါတွေကိုလည်း ရယက၊ ရဲ၊ ထွေအုပ်က လိုင်းကြေးယူပြီးလုပ်နေတယ်။ ကျွန်တော်တို့က တဖွဲ့တည်းနဲ့ ဒါတွေကို ဖြေရှင်းလို့မရဘူး''ဟု ၎င်းကဆိုသည်။
လက်ရှိတွင် စည်းကမ်းပျက်တည်းခိုခန်းများ ဖောင်းပွနေပြီး မြောက်ဒဂုံကဲ့သို့ အချက်အချာမကျသည့်နေရာတွင်ပင် လိုင်စင်ရှိ တည်းခိုခန်းအပြင် စည်ပင်၊ ရယက၊ ထွေအုပ်တို့နှင့်နားလည်မှုယူကာ ခွင့်ပြုချက်မဲ့တည်းခိုခန်းများရှိနေသည့်အပေါ် ပြည်သူများအကြား ဝေဖန်မှုများထွက်နေသည်။
''ဒီဘက်မှာတွေ့ရတာတော့ မိဘတွေကို အကြောင်းအမျိုးမျိုးပြ အိမ်က အစောကြီးထွက်ကြ။ အချိန်ပိုင်း တည်းခိုခန်းဝင်ပြီးမှ ကျောင်းသွားရင်သွား။ အလုပ်သွားရင်သွား။ အစိုးရအနေနဲ့ သေသေချာချာစီမံချက်ဆွဲပြီး စစ်ဆေးအရေးယူသင့်တယ်။ တည်းခိုခန်းတွေက ငွေရပြီးတာပဲဖြစ်နေတယ်''ဟု မြောက်ဒဂုံ ဒဂုံတက္ကသိုလ်အနီး တွင်နေသည့် ဒေါ်ခင်မေက ဆိုသည်။
ယင်းကဲ့သို့ လူ့အဖွဲ့အစည်းအတွင်း တည်းခိုခန်းများ ဖောင်းပွနေမှုနှင့် ပတ်သက်၍ အထူးကိစ္စတရပ်အနေနဲ့ဖြေရှင်းရန်လိုပြီး လာမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးသွားရန်လည်းရှိကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စား လှယ်ဦးတင်ထွန်းနိုင်က ဆိုသည်။
မောင်ထက်

No comments:

Post a Comment