Friday, November 25, 2016

ဖမ်းဆီးစစ်ဆေးစဉ်အချုပ်သားသေဆုံးမှုဖြင့် ရဲ ၇ ဦးကို ထောင်ဒဏ် ၈ နှစ်စီချမှတ်

မွန်ပြည်နယ် သထုံမြို့မရဲစခန်းမှာ အချုပ်သားတဦးစစ်ဆေးစဉ် သေဆုံးခဲ့ရမှုနဲ့ သထုံခရိုင် မှုခင်းအကူဌာနက ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၈နှစ်စီ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မတ် ၂ ရက်က သထုံမြို့ ဘင်လှိုင်ရပ်ကွက်ရှိ ချမ်းမြေ့ တည်းခိုခန်းမှာ ဖြစ်ပွားခဲ့တဲ့ ငွေကျပ် ၁၁၃၆ဝ၇ဝဝ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တည်းခိုခန်း မန်နေဂျာ ကျော်သက်အောင် (၃၂ နှစ်)ဟာ သထုံမြို့မ ရဲစခန်းမှာ ချုပ်နှောင်ခံထားရပြီး စစ်ဆေးစဉ် မတ် ၂၁ ရက်က သေဆုံးသွားခဲ့တာပါ။



ကျော်သက်အောင် သေဆုံးခဲ့ရတာဟာ အသည်းပေါက်ပြဲ ဒဏ်ရာကြောင့် ဝမ်းဗိုက်ထဲသွေးယိုစိမ့်ကာ သွေးထွက်လွန်သေဆုံးရတာဖြစ်ပြီး ၊ တုံးတဲ့အရာဝတ္ထုကြောင့် ပြင်း ထန်တဲ့ဒဏ်ရာရှိကာ သေဆုံးခဲ့တာလို့ သထုံပြည်သူ့ဆေးရုံရဲ့ ဆေးစာအရသိရတယ်လို့ ဆိုပါတယ်။

အချုပ်သားကို စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ သထုံခရိုင် မှုခင်းအကူဌာနမှ ဒုရဲအုပ် လှိုင်ဝင်းထွန်း၊ ရဲတပ်ကြပ်ကြီး ဥာဏ်စိုး၊ ရဲတပ်ကြပ် ကိုကိုဆွေ၊ ရဲတပ်ကြပ် ဝင်းညွန့်၊ ရဲတပ်ကြပ် စိုးအောင်၊ ရဲတပ်ကြပ် အောင်ကိုလတ်နဲ့ သထုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်တင်ထွေး စုစုပေါင်း ၇ ဦးကို သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းသိန်းက တရားလိုပြုလုပ်ကာ ပြစ်မှုဆိုင်ရာပုဒ်မ ၃ဝ၂/၁၁၄ နဲ့ အမှုဖွင့်တရားစွဲဆိုထားရာမှာ ရုံးချိန်းပေါင်း ၃ဝ အပြီး နိုဝင်ဘာ ၂၃ ရက်မှာ သထုံခရိုင်တရားရုံးက အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment