Wednesday, November 23, 2016

ဒီမိုကရေစီ စနစ်၌ ပြည်သူများကို အသိပညာပေးခြင်း

ဒီမိုကရေစီ စနစ်တစ်ရပ်၌ ပြည်သူများကို အသိပညာပေးခြင်းဟူသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်အောင် သင်ကြားပေးခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် အခြားသူများ၏ မိန့်ဆိုချက်များ သို့မဟုတ် အခြားသူများ၏ တောင်းဆိုမှုအရ သဘောတူမှုများအား အပြုခံသဘောဖြင့် လက်ခံရုံသက်သက် မဟုတ်ဘဲ မိမိကိုယ်မိမိ အုပ်ချုပ်ရေး၌ မိမိတို့ကိုယ်တိုင် တက်ကြွစွာ ပါဝင်ခြင်းကို မိမိကိုယ်မိမိ အုပ်ချုပ်ခြင်းဟု ခေါ်ဆိုသည်။ နိုင်ငံရေးဆိုင်ရာ လူမှုအသိုက်အ၀န်းတစ်ရပ်၌ ပါဝင်သူတိုင်း အုပ်ချုပ်မှုကို မျှဝေယူမှသာလျှင် ဒီမိုကရေစီ စံနှုန်းများကို အပြည့်အ၀ သိမြင်သည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးဆိုင်ရာ လူမှုအသိုက်အ၀န်း ဟူသည် နိုင်ငံသားများ ဖြစ်ကြသောကြောင့် ဒီမိုကရေစီ စနစ်တစ်ရပ်တွင် နိုင်ငံသားများဖြစ်မှုသည် ပင်မနိုင်ငံရေး၌ အဖွဲ့ဝင်ဖြစ်ခြင်းပင် ဖြစ်သည်။ အဖွဲ့ဝင် ဖြစ်ခြင်းဟူသည် ပါဝင်မှုကို ညွှန်းဆိုသော်လည်း ပါဝင်မှု သက်သက်အတွက် ပါဝင်ခြင်းမဟုတ်ပေ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်၌ နိုင်ငံသားများပါဝင်မှုသည် အသိပေးထားသော၊ ဝေဖန်နိုင်သော တုံ့ပြန်မှုအပေါ်၌ လည်းကောင်း၊ ယင်းအဖွဲ့ဝင်ဖြစ်မှုနှင့်အတူ ပါလာသည့် အခွင့်အရေးများနှင့် တာဝန်ယူမှုများကို နားလည်ခြင်းနှင့် လက်ခံခြင်းအပေါ်၌ လည်းကောင်း အခြေခံရမည် ဖြစ်သည်။

ဒီမိုကရေစီ စနစ်တစ်ရပ်၌ ပြည်သူများကို အသိပညာပေးခြင်းသည် ဒီမိုကရေစီစံတန် ဖိုးများနှင့် သဘောတရားများကို ကျိုးကြောင်းဆီလျော်စွာ အာမခံမှုနှင့် ဒီမိုကရေစီစံနှုန်းများအကြောင်း နားလည်မှု မြှင့်တင်ခြင်းတို့နှင့် သက်ဆိုင်သည်။ သို့သော် ဒီမိုကရေစီကို အကောင်းဆုံးများအား မျှော်လင့်ထားသည့် စိတ်ကူးယဉ် ၀ါဒတစ်ရပ်အဖြစ် မဖော်ပြသင့်ပေ။ ၎င်းတို့၏ လက်တွေ့မဆန်သော မျှော်မှန်းချက်များနှင့် မကိုက်ညီပါက မကောင်းမြင်လာခြင်း၊ နာကျည်းလာခြင်း သို့မဟုတ် နိုင်ငံရေး၌ စိတ်မ၀င်စားတော့ခြင်းတို့ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသောကြောင့် နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီကို အကောင်းဆုံးများအား စိတ်ကူးယဉ်ထားသည့် ၀ါဒမဟုတ်မှန်း သိနားလည်ရန် လိုအပ်သည်။ ပြည်သူများအား ထိရောက်သော အသိပညာပေးခြင်းသည် လက်တွေ့ကျရမည့်အပြင် နိုင်ငံရေး လောကနှင့် ပတ်သက်၍ အချက်အချာကျသော အမှန်တရားများလည်း ဖြစ်ရမည်ဖြစ်သည်။
ပြည်သူများအား အသိပညာပေးရာ၌ အရေးကြီးသည့်အချက်မှာ “အသားတင် သုညရလဒ် ထွက်သည့်ဂိမ်းမျိုး” မလိုအပ်ကြောင်းနှင့် အမှန်တကယ်လည်း မဖြစ်သင့်ကြောင်းပင် ဖြစ်သည်။ “နိုင်သူ အကုန်ယူသွားသည်” ဟူသည့် သဘောတရားများသည် ဒီမိုကရေစီစနစ်၌ နေရာမရှိသင့်ပေ။ အဘယ်ကြောင့်ဆိုသော် အားလုံး ရှုံးနိမ့်သွားသူအနေဖြင့် ဒီမိုကရေစီ ကစားပွဲမှ ရှောင်ဖယ်သွားမည် ဖြစ်သောကြောင့်ပင်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်၌ “မျှဝေခြင်း” ဟူသည် မရှိမဖြစ်လိုအပ်သည်။ အာဏာမျှဝေခြင်း၊ အရင်းအမြစ်များ မျှဝေခြင်းနှင့် တာဝန်ယူမှု မျှဝေခြင်းတို့က ဒီမိုကရေစီ၏ မရှိမဖြစ် အခြင်းအရာများ ဖြစ်ကြသည်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း နိုင်ငံသားများ၌ တစ်စုံတစ်ရာကို ဆောင်ကြဉ်းဖော်ဆောင်ရန်နှင့် ပတ်သက်၍ အသိပညာများ၊ ကျွမ်းကျင်မှုများနှင့် စိတ်ဆန္ဒများရှိပါက သက်ဆိုင်ရာ လူမှုရေးအပြောင်းအလဲများ အစဉ်အမြဲ ဖြစ်ပေါ်နေမည် ဖြစ်သည်။ ယင်းအသိပညာများ၊ ယင်းကျွမ်းကျင်မှုများနှင့် ယင်းစိတ်ဆန္ဒများသည် ပြည်သူများအား ကောင်းမွန်သော အသိပညာပေးခြင်း၏ ထွက်ကုန်များပင်ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ရာ၌ ပြည်သူများအား ဒီမိုကရေစီ အသိပညာများ ပေးခြင်းသည် မရှိမဖြစ်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment