Wednesday, November 23, 2016

‘‘ကမ္ဘာကြီးအပူချိန်လျှော့ချဖို့ဆိုတာ ဒီရုပ်ဖြစ်ကြွင်းလောင်စာတွေကို လျှော့သုံးမှ လျှော့ချလို့ရမှာ။ သူများတွေလျှော့သုံးချိန်မှာ ကိုယ့်တိုင်းပြည်က မသုံးစေချင်ဘူး’’ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးစောမိုးမြင့်နှင့်တွေ့ဆုံခြင်း

၂၀၀၂ က စတင်၍ သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်ခဲ့သော မြိုင်ကလေးဘိလပ်မြေတန်  ၄,၀၀၀  စက်ရုံမှာ သဘာဝဓာတ်ငွေ့အစား ကျောက်မီးသွေးဖြင့် ပြောင်းလဲလည်ပတ်ရန် စီစဉ်နေပြီး ကျောက် မီးသွေးသုံးလည်ပတ်မည်ကို ဒေသခံများကလည်း ကန့်ကွက်လျက်ရှိသည်။ ဘိလပ်မြေထုတ်လုပ်ရန် ထုံးကျောက်တောင်များဖောက်ခွဲ ခြင်းကစ၍ ဘိလပ်မြေထုတ်လုပ်သည်အထိ အမှုန့်အမွှားနှင့်ဓာတ်ငွေ့များ ထုတ်လွှတ်မှုများနေသ ဖြင့် ကျောက်မီးသွေးဖြင့်အသုံးပြု မည်ဆိုပါက ပတ်ဝန်းကျင်ထိခိုက် မှု ပိုများပြားလာတော့မည် ဖြစ်သည်။ ထို့အပြင် လက်ရှိလည်ပတ်နေသည့် ကျောက်မီးသွေးသုံးစက် ရုံအချို့မှာလည်း အမှုန်အမွှား၊ ဓာတ်ငွေ့များကြောင့် အနီးဝန်း ကျင်ရှိ ဒေသခံများနှင့်ပတ်ဝန်းကျင်ကို ထိခိုက်မှုများ ရှိနေသဖြင့် ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေကို လွှတ်တော်တွင် မေးမြန်းရန် ပြင်ဆင်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်လည်းဖြစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစောမိုးမြင့်နှင့် မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။



ကရင်ပြည်နယ် မြိုင်ကလေးဘိ လပ်မြေစက်ရုံကို သဘာဝဓာတ်ငွေ့နဲ့လည်ပတ်ရာကနေ ကျောက်မီးသွေးနဲ့လည်ပတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘိလပ်မြေ စက်ရုံတွေက အမှုန်အမွှားနဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုများတယ်ဆိုတော့ ကျောက်မီးသွေးသုံးပြီး လည်ပတ်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ် လာနိုင်ပါသလဲ။

 မြိုင်ကလေးစက်ရုံက တန် ၄,၀၀၀ ရှိတယ်။ ၂၀၀၂ ကတည်းက သဘာဝဓာတ်ငွေ့နဲ့လည်ရာကနေ အခုကျောက်မီးသွေးသုံးပြီး လည်မယ်ဆိုပြီး လုပ်နေတယ်။ ကျောက်မီးသွေးနဲ့လည်ရင် ကာဗွန်ဒိုင်အောက်ဆိုက်ထွက်မယ်။ ကာဗွန်မိုနောက်ဆိုက်၊ ဆာလဖာဒိုင် အောက်ဆိုက်၊ နိုက်ထရစ်အောက်ဆိုက် စတဲ့ ဓာတ်ငွေ့တွေ ထွက်မယ်။ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ နိုက်ထရစ်အောက်ဆိုက်က အက်စစ်မိုးတွေ ဖြစ်နိုင်တယ်။ PM တွေလည်း ထွက်တယ်။ ဒါတွေကို မ ထိန်းချုပ်နိုင်ဘူးဆိုရင် လူတွေရဲ့ အသက်ရှူလမ်းကြောင်းနဲ့ သွေးကြောထဲကို ရောက်သွားနိုင်တယ်။ ဒါဆို အသက်ရှူလမ်းကြောင်းရော ဂါတွေ၊ ကင်ဆာရောဂါတွေဖြစ် မယ်။ နောက်ပြာတွေ လွင့်မယ်။ ပြာတွေကို မထိန်းချုပ်နိုင်ဘူးဆို ရင် စိုက်ခင်းတွေပျက်နိုင်တယ်။ ရေတွေပျက်မယ်။ လူတွေရဲ့အိမ်ခေါင်မိုးတွေလည်း ပျက်စီးမယ်။ ဒါတွေကို တိုးတက်တဲ့နိုင်ငံတွေမှာတော့ အမှုန်အမွှားတွေ၊ ဓာတ်ငွေ့တွေကို ရာခိုင်နှုန်းအပြည့်မဟုတ် ရင်တောင် ၉၀ ရာခိုင်နှုန်းထိန်းချုပ်လို့ရတယ်။ ဒါပေမဲ့ ဒီလိုထိန်းချုပ်ဖို့က နည်းပညာတွေက တန်ဖိုးမြင့်မားတယ်။ ဘိလပ်မြေထုတ်တဲ့ ထုံးကျောက်တွေကို ကြိတ်ခွဲအပူပေးလို့ရှိရင်လည်း ဓာတ်ငွေ့တွေထွက်တယ်။ မြန်မာနိုင်ငံအနေနဲ့က အဲဒီ လိုထိန်းချုပ်မှုလုပ်ဖို့က ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ မူတည်တယ်။ စက်ကိရိယာတွေကလည်း တန်ဖိုးကြီးတယ်။ တကယ်တမ်း တပ်ဆင်ခြင်း ရှိ၊ မရှိကိုလည်း ပြည်သူလူထုကို ချပြဖို့ လိုတယ်။ ကျောက်မီးသွေးသုံးပြီး လည်မှာကို ပြည်သူတွေကို  ချပြပေမယ့်လည်း ကန့်ကွက်မှုတွေရှိတယ်။ လက်ရှိလည်နေတဲ့ ဘိလပ်မြေစက်ရုံကိုယ်တိုင်က အမှုန်အမွှားတွေကျနေတာ။

ဒီလိုလည်ပတ်မယ့် အပေါ်ကို ကရင်ပြည်နယ်က ဒေသခံပြည်သူတွေကလည်း ကန့်ကွက်နေတော့ ဆရာ့အနေနဲ့ ဘာတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

 အမှုန်အမွှားတွေ မလိုလားတဲ့ဓာတ်ငွေ့တွေ ဖယ်ရှားနိုင်တဲ့ စနစ်တွေ တပ်ဆင်ဖို့ လိုတယ်။ တပ်ဆင်ထားတဲ့အကြောင်းကိုလည်း ပြည်သူတွေသိအောင် ပြောဖို့ လိုတယ်။ အခုက ဘာမှကို မသိတဲ့သဘောဖြစ်နေတယ်။ EIA/ SIA ဆိုတာလည်း လုပ်တယ်လို့ တော့ ပြောတာပဲ။ အမှန် ဒါတွေ လုပ်တယ်ဆိုရင်တော့ လူထုကို အသိပေးရမှာပေါ့။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်စံနှုန်း တွေရှိတယ်လေ။ စံနှုန်းအတိုင်း လုပ်၊ မလုပ်ကိုလည်း သူတို့ပြောရ မှာပေါ့။ လေထုညစ်ညမ်းမှုနဲ့ပတ် သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်တဲ့စံနှုန်းရှိတယ်။ မြန်မာနိုင်ငံမှာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ထုတ်ထားတဲ့ စံနှုန်းတွေရှိတယ်။ အဲဒီစံနှုန်းအတိုင်း ဝင်၊ မဝင်လုပ်ရမယ်။

လက်ရှိမှာကော ကျောက်မီးသွေး အသုံးပြုပြီး လည်ပတ်နေတဲ့ စက်ရုံ တွေ ရှိပါသလား။ ဘယ်နှခုလောက်ရှိပါသလဲ။

 မြန်မာနိုင်ငံမှာ ကျောက်မီး သွေးသုံးပြီး လည်ပတ်နေတဲ့ စက်ရုံက ၁၀ ရုံလောက်ရှိတယ်။ ကျောက်ဆည်မှာဆို သံတော်မြတ်၊ Myan-mar Conch၊ အေသုံးလုံး၊ ကျား ခေါင်း၊ ဆင်မင်း(၂)၊ မြန်မာဆင်၊ တီကျစ်မှာဆို ပတ္တမြားနဂါး၊ ပင်းပက်မှာ ကမ္ဘောဇ၊ ပြည်ညောင်မှာ ရွှေတောင်နဲ့ နောင်ချိုမှာ ငွေရည်ပုလဲ။ ဒီစက်ရုံတွေက သဘာဝဓာတ်ငွေ့အစား ကျောက်မီးသွေးသုံးနေတယ်။

အဲဒီစက်ရုံတွေကကော EIA/SIA လုပ်ဆောင်ထားတာ ရှိပါသလား။ လက်ရှိမှာကော အဲဒီဒေသပတ်ဝန်းကျင်အခြေအနေက ဘယ်လို ရှိနေပါသလဲ။

ဒီစက်ရုံတွေက ကျောက်မီးသွေးသုံးတဲ့အတွက် EIA/SIA ဆန်းစစ်ချက်တွေ လုပ်ထားခြင်းရှိ၊ မရှိကို သိချင်လို့ လွှတ်တော်မှာ မေးမြန်းဖို့ လုပ်နေတယ်။ လောလောဆယ်လည်နေတဲ့ စက်ရုံအပြင် အခုလည်မယ့် မြိုင်ကလေးစက်ရုံရှိတယ်။ နောက်ထပ်လည်း ထပ်လုပ်မှာတွေရှိတယ်။ ဒါတွေလည်း  EIA/SIA ရှိ၊ မရှိ သိချင်လို့ လွှတ်တော်မှာ မေးဖို့ လုပ်ထားတယ်။

ဒါတွေကို သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကြော်ငြာစာအ မှတ်(၆၁၅/၂၀၁၅)ရှိတယ်။ အဲဒီ မှာ သတ်မှတ်တဲ့ စံနှုန်းရှိတယ်။ အဲဒီစံနှုန်းအတိုင်း ဝင်၊ မဝင်ကို ဘယ်သူက စစ်ဆေးလဲသိချင်လို့။ အဲဒီနေရာတွေက လူနေတဲ့နေရာ နဲ့တော့ ဝေးတယ်။ တီကျစ်မှာက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံကို ဒေသခံတွေက တော်တော်မကျေမနပ်ဖြစ်နေကြ တယ်။ သဘာဝဓာတ်ငွေ့က အခု ဈေးတက်လို့ ပြောင်းသုံးတာလား၊ စီးပွားရေးအရ အမြတ်များအောင် လို့ ကျောက်မီးသွေးသုံးတာလားတော့ မသိဘူး။

ကျောက်မီးသွေးက ထိခိုက်မှုဆိုး ကျိုးများတော့ ဘိလပ်မြေစက်ရုံ တွေမှာ ကျောက်မီးသွေးအစား ဘယ်လိုလောင်စာတွေ အစားထိုး သုံးစွဲနိုင်ပါသလဲ။

သဘာဝဓာတ်ငွေ့က ကောင်းပါတယ်။ ဒါမှမဟုတ် မီးထိုးဆီသုံးလို့ရတယ်။ အဓိက ကတော့ EIA/SIA လုပ်ပြီး ပြည်သူနားလည်အောင် ချပြဖို့လိုတယ်။

နောက် အဆိပ်အတောက်ကင်းတဲ့ ဓာတ်ငွေ့တွေဖြစ်အောင် ဘယ်လို ဖယ်ရှားမလဲ။ ဘယ်လိုဖြေရှင်းမလဲရှင်းပြဖို့လိုတယ်။

ဘိလပ်မြေစက်ရုံတွေက ကာဗွန်ထွက်ရှိမှုများတယ်ဆိုတော့ ကျောက်မီးသွေးသုံးပြီး လည်ပတ်ရင် ကာဗွန်ထွက်ရှိမှုက ဘယ်လောက်ထိ ရှိလာနိုင်ပါသလဲ။

 အကြမ်းဖျင်း တွက်ကြည့်တာကျောက်မီးသွေး တစ်နေ့တစ်တန် မီးရှို့ရင် ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် နှစ်သန်းထွက်တယ်။ အဲဒီ စက်ရုံ ၁၀ ရုံက သုံးမယ့် ကျောက်မီးသွေးမီးရှို့ရင် ထွက်မယ့် ၁ ဒသမ၉ သန်းရှိတယ်။ အကြမ်းဖျင်းတွက် ကြည့်တာ။ အခု မြိုင်ကလေးဆိုရင် သူတို့စာရင်းအရ တစ်နေ့ကို ၅၆၇ တန် သုံးမယ်တဲ့။ တစ်နေ့ကို ကာဗွန်ဒိုင်အောက်ဆိုက်က အနည်းဆုံး ၁,၀၀၀ နဲ့ ၁,၅၀၀ ကြားထွက်နေပြီ။ အခိုးအငွေ့တွေက သတ်မှတ်ထားတဲ့ စံနှုန်းထက်များလား၊ နည်းလားဆိုတာ ဘယ်သူက တိုင်းသလဲဆိုတာ မေးတာ။ အမှန်က တိုင်းဖို့ ကောင်းတယ်။

တစ်ကမ္ဘာလုံးက ကျောက်မီးသွေးက ဆိုးကျိုးများတယ်လို့ ပြောနေချိန်မှာ အမှုန်အမွှားထုတ်လွှတ်မှုများတဲ့ ဘိလပ်မြေစက်ရုံတွေမှာ ကျောက်မီးသွေးသုံးမယ်ဆိုတဲ့အပေါ် ပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသ လဲ။

 ဖြစ်နိုင်ရင် မသုံးစေချင်ဘူး။ ဘာလို့လဲဆို ဆာလဖာဒိုင်အောက်ဆိုက်ကြောင့် အက်စစ်မိုးဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထွက်တာ တစ်ကဏ္ဍ၊ ပိုဆိုးတာက PM လို အမှုန်အမွှားတွေ၊ ကမ္ဘာကြီးပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ အဆိုးဆုံးပဲ။ ကမ္ဘာကြီးအပူချိန် လျှော့ချဖို့ဆိုတာ ဒီရုပ်ဖြစ်ကြွင်းလောင် စာတွေကို လျှော့သုံးမှ လျှော့ချလို့ရမှာ။ သူများတွေ လျှော့သုံးချိန်မှာ ကိုယ့်တိုင်းပြည်က မသုံးစေချင်ဘူး။ ခိုင်ခိုင်စိုး

No comments:

Post a Comment