Wednesday, November 23, 2016

ရန်ကုန်မြို့ရှိ အမြင်မတင့်တယ်သော အသုံးမပြုတော့သည့် လမ်းဘေး တယ်လီဖုန်းရုံများနှင့် ယာဉ်ထိန်းရဲကင်းများအား ဖယ်ရှားမည်

ရန်ကုန်မြို့ရှိ အမြင်မတင့်တင်သော အသုံးမပြုတော့သည့် လမ်းဘေး တယ်လီဖုန်းရုံများ၊ ယာဉ်ထိန်းရဲကင်းများအား ဖယ်ရှားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ ‘ရန်ကုန်တိုင်းဒေသကြီးအတွင်း အမြင်မတင့်တယ်သည့် အသုံးမပြုတော့သော လမ်းဘေးတယ်လီဖုန်းရုံများ၊ ယာဉ်ထိန်းရဲကင်းများ၊ ပလက်ဖောင်းဘေး ကားပါကင်နေရာများတွင် ရှိသည့် သံကြွပ်တိုင်ဟောင်းများကို ရှင်းလင်းရန် အစီအစဉ် ရှိ၊ မရှိ’ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။




ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အပါအ၀င် မြို့နယ်အတော် များများတွင် အသုံးပြုနေသည့် တယ်လီဖုန်းရုံဟောင်းများ၊ ယာဉ်ထိန်းရဲ မရှိတော့သည့် ယာဉ်ထိန်းရဲရုံ အဟောင်းများသည် ယိုယွင်းပျက်စီးနေပြီး ယင်းသို့ အဆောက်အအုံများကြောင့် မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာ အများပြည်သူအတွက် အခက်အခဲ ရှိခြင်းကြောင့် ဖယ်ရှားရှင်းလင်းပေးရန် လိုအပ်ကြောင်း ဦးသန်းနိုင်ဦးက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းတင်ပြခဲ့သည်။

ယခုကဲ့သို့ တင်ပြသည့် တယ်လီဖုန်းရုံ အဟောင်းများ၊ ယာဉ်ထိန်းရဲကင်းများသည် အများပြည်သူ အမြင်တွင် မတင့်တယ် ဖြစ်နေသည်မှာ မှန်ကန်ကြောင်း၊ ထို့ကြောင့် အသုံးမပြုတော့သည့် တယ်လီဖုန်းရုံများကို ဖယ်ရှားရန် ဆက်သွယ်ရေး ၀န်ကြီးဌာနကို အကြောင်းကြားထားကြောင်း၊ အလားတူ ယာဉ်ထိန်းရဲကင်းများကိုလည်း ဖယ်ရှားရန် သက်ဆိုင်ရာဌာနကို အကြာင်းကြားပြီးဖြစ်ကြောင်း၊ မကြာမီ ဖယ်ရှားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားသည်။

သို့သော် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် အများဆုံး ရှိနေသည့် မိလ္လာစွန့်ပစ်မှုတွင် လေထွက်ရန်အတွက် အသုံးပြုရန် ထားရှိသော သံကြွပ်တိုင်ဟောင်းများမှာ သက်တမ်း ၁၂၈ နှစ် ရှိပြီဖြစ်သော်လည်း လက်ရှိ အချိန်အထိ အသုံးပြုနေရသောကြောင့် ရှင်းလင်းရန် အစီအစဉ် မရှိသေးဘဲ အမြင်မတင့်တယ်သည့် သံကြွပ်တိုင် အဟောင်းများကို ဆေးသုတ်ခြင်းများ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဦးမြင့်သောင်းက ဆက်လက်ဖြေကြားသည်။
Writer:
ကျော်ထင်

No comments:

Post a Comment