Sunday, November 27, 2016

မောင်တောမြို့နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ရာနှင့် အနီးဆုံးကျေးရွာများမှ နေရပ်စွန့်ခွာလာသော ရခိုင်တိုင်းရင်းသား အိမ်ထောင်စုများ ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းသို့ ထပ်မံရောက်ရှိ

မောင်တောမြို့နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ရာနှင့် အနီးဆုံးကျေးရွာများမှ နေရပ်စွန့်ခွာလာသော ရခိုင်တိုင်းရင်းသား အိမ်ထောင်စုများ ဘူးသီးတောင် ကယ်ဆယ်ရေး စခန်းသို့ ထပ်မံရောက်ရှိလာကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၆ ရက် ထပ်မံရောက်ရှိလာသော အိမ်ထောင်စု ခုနစ်စု လူဦးရေ ၂၁ ဦးမှာ မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ် ချောင်းကျေးရွာမှဖြစ်ကြောင်း သိရသည်။ “ကျွန်မရွာနားမှာ ပစ်သံတွေလည်းကြား ရတယ်။ ကျွန်မတို့လည်း ရွာမှာနေရတာလည်း ညမအိပ်ဘဲနေရတယ်။ စားဖို့လည်း အခက်အခဲရှိနေကြပြီ။ ရွာကအမျိုးသမီးတွေနဲ့ ကလေးတွေလည်း သိပ်မကျန်တော့ဘူး။ ရွာက ထွက်သွားကြတယ်။ ကျွန်မတို့မှာလည်း ကလေးငယ်တွေနဲ့ဆိုတော့ ရွာမှာမနေရဲဘူး။ ဒီကနေ့ရွာ ကားထွက်တော့ လိုက်လာတာပါ။ အိမ်ထောင်စု ခုနစ်စုက လူဦးရေ ၂၁ ယောက် လာတာပါ။ ကလေးတွေများပါတယ်။ လုပ်ကိုင်စားစရာလည်း မရှိဘူး။ ရိက္ခာဆန်တွေလည်း နည်းလာပြီ။
ယောက်ျားတွေတော့ ရွာမှာကျန်ခဲ့ပါတယ်။ကလေးတွေလည်း ကျောင်းမတက်ကြရဘူး။ ပထမဖြစ်တုန်းကလည်း စစ်တွေအထိ ပြေးခဲ့ရပါတယ်။ ရွာကိုပြန်လို့ရပြီဆိုလို့ ရွာကိုပြန်လာတာပါ။ ဒါပေမဲ့ ရွာနားမှာ တိုက်ပွဲဖြစ်တော့ ကျွန်မတို့လည်း ပြန်ပြီးရွာက ထွက်လာကြတာပါ” ဟု ဖားဝပ်ချောင်းကျေးရွာမှ ဘူးသီးတောင်မြို့ အလိုတော်ပြည့်ကျောင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသော ဒေါ်ညိုသန္တာက ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ ပြားသား၊ စံပ္ပာယ် ပင်ရင်းစသည့် ကျေးရွာများမှ  နိုဝင်ဘာ ၂၂ ရက်အထိ ဘူးသီးတောင်မြို့ သုဓမ္မာရုံ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၂၅ ဦးကို အလိုတော်ပြည့်ကျောင်းတိုက် နေရပ်ရှောင်ပြည်သူများ နားခိုရာစခန်းသို့ ပြောင်းရွှေ့ကာ မြို့နယ် စီမံခန့်ခွဲရေးကော်မတီက စားသောက်ရေး၊ နေရေးအတွက် စီမံဆောင်ရွက်ထားရှိကြောင်း နှင့် ထပ်မံရောက်ရှိလာသူများ ရှိလာသဖြင့် လက်ရှိတွင် အိမ်ထောင်စု ၄၂ စု၊ ကျား ၆၈ ဦး၊ မ ၇၇ ဦးစုစုပေါင်း လူဦးရေ ၁၄၅ ဦး အထိ ရှိလာကြောင်း သိရသည်။

“အခု လက်ရှိမှာတော့ ကျွန်တော်တို့က ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်။ ညဂျူတီတောင် ချထားပေးပါတယ်။ ရိက္ခာလည်း ထောက်ပံ့ပေးထားတယ်။ အခုဒီကနေ့ရောက်လာတဲ့ အိမ်ထောင်စု ခုနစ်စုအတွက်လည်း အိုးခွက်ပန်းကန်၊ ခြင်ထောင်၊ စောင်တွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးစည်သွတ်ဘူးတွေ ထုတ်ပေးနေပါတယ်။ လတ်တလော လိုအပ်ချက်ဆိုလို့ အနွေးထည်တွေလိုအပ်ပါတယ်။ ဘူးသီးတောင်မှာက အခုရက်ပိုင်းမှာ တော်တော် အအေးပိုနေပါတယ်” ဟု ဘူးသီးတောင် ကျန်းမာရေးဌာနမှ ငှက်ဖျားကြီးကြပ် ဦးကျော်နိုင်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၁၂ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနီးအနားကျေးရွာများ ဖြစ်သော သရက်အုပ်ကျေးရွာ၊ ဖားဝပ်ချောင်းကျေးရွာနှင့် ပြားသားကျေးရွာတို့မှ ဒေသခံ အမျိုးသမီးများ၊ ကလေးငယ်များက ဘူးသီးတောင် သုဓမ္မာရုံဘုန်းတော်ကြီး ကျောင်းများသို့ စတင်ခိုလှုံရန်ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လက်ရှိစခန်းမှာ နေရတာကတော့ လူဦးရေများလာတဲ့အခါ အဆင်မပြေတာရှိပါတယ်။ ကျွန်တော်တို့က မိသားစုအလိုက် ထုတ်ပေးထားတဲ့ ဆန်ရယ်ပဲရယ်ကို ကိုယ့်ဟာကိုယ် ချက်စားကြတာပါ။ ငါး၊ ဟင်းဝယ်ဖို့တော့ ပိုက်ဆံမရှိပါဘူး။ လတ်တလော လိုအပ်ချက်ကတော့ အနွေးထည်လိုအပ်ပါတယ်” ဟု ပြားသားကျေးရွာမှ နေရပ်ရှောင်နေသူ ဦးနုမောင်က ပြောကြားသည်။

“မောင်တောက နေရပ်ရှောင်လာသူတွေအတွက် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ကနေတစ်ဆင့် ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်ကိုဖွဲ့ပြီး ဌာနဆိုင်ရာ အကြီးအကဲများ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအို အဖွဲ့အစည်းများက လာရောက်ကူညီ ပေးနေပါတယ်။ နေထိုင်မှု အဆင်ပြေစေရေးအတွက် အလိုတော်ပြည့် ကျောင်းမှာ အဆောင်နှစ်ဆောင်မှာ နေနေကြပါတယ်။ စားသောက်ရေးအတွက် ဆန်၊ ငါးခြောက်၊ ဆီ၊ ပဲ၊ စသဖြင့် တစ်ပတ်စာ ထောက်ပံ့ထားပါတယ်။ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးအတွက် မြို့နယ်ကျန်းမာရေးဌာနက ဆေးခန်းလာဖွင့်ပေးထားပါတယ်” ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်လတ်က ပြောကြားသည်။

မောင်တောမြို့နယ်အတွင်း နိုဝင်ဘာ ၁၂ ရက်မှ စတင်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော နယ်ခြားစောင့်ရဲ၊ တပ်မတော်စစ်ကြောင်းများနှင့် အကြမ်းဖက်သမားများထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ဖြစ်စဉ်များအတွင်း တပ်ရင်းမှူးတစ်ဦးနှင့် တပ်မတော်သားတစ်ဦး ကျဆုံးခဲ့ကာ ကားလမ်းပေါ်တွင် လုံခြုံရေးကားများကို မိုင်းခွဲမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Writer:
သားရွှေဦး (ကစ္ဆပ)

No comments:

Post a Comment