Monday, November 28, 2016

အသေးစားပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပြည်သူ့အသံ

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အသေးစားပေါက်ကွဲမှုများ ဖြစ်ပွားပြီး နိုဝင်ဘာ ၂၅ ရက်၌ သာမန်ပြည်သူများ ဝင်ထွက်သွားလာခွင့်မရှိဘဲ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် မြို့ခံများအကြား ရန်ကုန်မြို့၏ လုံခြုံရေးအခြေအနေကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ လက်ရှိတွင် ဖောက်ခွဲမှုပြုလုပ်သည့် သံသယရှိသူတရားခံသုံးဦးကို ဖမ်းမိထားပြီး အသေးစားပေါက်ကွဲမှုများဖြစ်ပွားနေခြင်းအပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှု၊ လုံခြုံရေးနှင့်ပတ်သက်၍ အကြံပြုချက်များကို စုစည်းဖော်ပြလိုက်ပါသည်။



လူမင်း (ဟိန်း လုံခြုံရေးကင်မရာရောင်းဝယ်ရေး)

ဒီလိုဗုံးပေါက်တာမျိုးတွေဖြစ်လာတော့ မငြိမ်းချမ်းတော့ဘူးပေါ့။ ဘယ်သွားသွား ဘာလုပ်လုပ် အရင်လို စိတ်ချလက်ချ မသွားနိုင်တော့ ဘူး။ တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့စိတ်က ရှိနေတယ်။ ဘယ်သူလုပ်တယ်ဆို တာ မသိပေမယ့် လုပ်တဲ့သူတွေရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ အထိတ်တလန့်နဲ့ စိုးရိမ်စိတ်ဖြစ်အောင် လုပ်နေတာလို့မြင်တယ်။ ဈေး ဝယ်စင်တာတွေက လုံခြုံရေးက အဖြစ်သဘောလောက်ပဲရှိတယ်လို့မြင် တယ်။ သူတို့သုံးတဲ့စက်တွေကလည်း ယုံကြည်စိတ်ချလို့ရနိုင်တယ်လို့ မထင်ဘူး။ တစ်ခုခုဖြစ်ရင်တောင် သူတို့လာကူညီနိုင်ရင် ကံကောင်းပဲ။ ပြီးတော့ သူတို့အနေနဲ့ကော ဘယ်လောက်ထိ လုပ်ကိုင်ခွင့်ပေးထားလဲ မှမသိတာ။ တတ်နိုင်ရင် လုံခြုံရေးကို ထိုက်သင့်တဲ့ ရှာဖွေရေးစက်၊ ကာကွယ်ရေး ကျဉ်စက်လိုဟာမျိုးတွေ၊ ဈေးဝယ်စင်တာတစ်ထပ်မှာ လုံခြုံရေးသုံးယောက်နဲ့အထက် ပုံမှန်ထားတာမျိုးတွေ လုပ်စေချင်တယ်။ ဒီလိုဒုစရိုက်မှုတွေ ဆက်တိုက်ဖြစ်လာတော့ စိတ်ထဲမှာ ဒေါသဖြစ်တာ ထက် စိတ်ညစ်လာတယ်။ အေးအေးချမ်းချမ်းတောင် အလုပ်မလုပ်နိုင် တော့ဘူး။ အစိုးရရယ်၊ စစ်တပ်က တာဝန်ရှိသူရယ် နိုင်ငံရေးစောင့်ကြည့် လေ့လာသူတွေ ပူးပေါင်းပြီး ဒီပြဿနာကို ဖြေရှင်းသင့်တယ်။ လုံခြုံရေး ရော ကယ်ဆယ်ရေးပါ တိုးမြှင့်ထားသင့်တယ်ထင်တယ်။
-----

နန်းညီ (Public Relations Professional)

ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်နဲ့ တမင် လုပ်နေတယ်လို့မြင်တာပဲ။ တရားခံကို မိပြီလို့တော့ ပြောပေမယ့် သူ့ နောက်ကွယ်မှာ တခြားလူတွေရှိဦးမလားလို့လည်းထင်တယ်။ ဗုံးက ကြီးကြီးမားမားပေါက်တာမျိုးမဟုတ်ဘဲ လူသူကို မထိခိုက်ဘဲနဲ့ ပေါက် တဲ့နေရာတွေကျတော့ ရုံးတွေ၊ အစိုးရနေရာတွေလိုမှာပါ ဖြစ်နေတော့ လုပ်တဲ့လူက သူလုပ်နိုင်တယ်ဆိုတာသိအောင် လုပ်ပြနေတာလို့ ခံစား ရတယ်။ အခုတစ်လောမှာ ဈေးဝယ်စင်တာတွေဘာတွေကို အရင်လို သွားဖို့ စိတ်ထဲသိပ်မရဲဘူး။ အထူးသဖြင့် အရင်က ကလေးကစားကွင်း တွေဘာတွေ ကလေးလေးကိုလိုက်ပို့တယ်။ အခုတော့ မပို့ရဲဘူး။ စင်တာတွေဘာတွေမှာ အပေါက်ဝလုံခြုံရေးကိုထားပြီး အိတ်တွေစစ်ခိုင်း တယ်။ ဒါပေမဲ့ တစ်ခါမှ သေချာမစစ်ပါဘူး။ အပြင်ကနေ ကိုင်ကြည့် လိုက်ပြီး ရပြီချည်းပဲပြောတာပဲ။ ဒါဆိုလည်း ဘာလုပ်ဖို့စစ်နေသေးတာ လဲ။ အခုဖြစ်နေတာတွေကြောင့် ပြည်သူလူထုက အစိုးရ၊ ရဲ၊ ဥပဒေ စတာတွေအပေါ် ယုံကြည်မှုအားနည်းလာတယ်။ သက်ငယ်မုဒိမ်းတွေ ဖြစ်လိုက်တာ တစ်နေ့တစ်မှုနီးပါး။ တရားခံမိတာက ခပ်ရှားရှား။ မိတော့ လည်း အကြောင်းအမျိုးမျိုးကြောင့်ရတဲ့ ပြစ်ဒဏ်က ထောင် ခြောက်လ၊ ထောင် ၂ နှစ်တို့ဘာတို့။ ခံရတာနဲ့ ပြစ်ဒဏ်နဲ့ မမျှတဲ့အတွက် တရားစီရင် ရေးကို ပြည်သူက မယုံတော့ရင်၊ မကျေနပ်ရင် ကိုယ်တိုင်စီရင်တာတွေ ဖြစ်လာလိမ့်မယ်။ အမှုလေးတွေက သေးသေးလေးတွေလို့ ထင်ရ ပေမယ့် အကျိုးဆက်ကြီးက အကြီးကြီးပါ။ ဒါတွေကို အစိုးရအနေနဲ့ အာရုံစိုက်ပြီး သတိထားကိုင်တွယ်သင့်နေပြီလို့ ထင်ပါတယ်။

မကေသီကျော် (မြောက်ဒဂုံမြို့နယ်)

လက်ရှိ ရန်ကုန်မှာဖြစ်ပွားနေတဲ့ အသေးစားပေါက်ကွဲမှုတွေမှာ ပထမ ကုန်တိုက်နှစ်ခုပေါ့။ ဒါက ကုန်တိုက်တွေရဲ့ လုံခြုံရေးညံ့ဖျင်းမှုလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ကုန်တိုက်ဝင်ပေါက်မှာ စစ်ဆေးတဲ့လုံခြုံ ရေးတွေက သေချာမစစ်ဘူး။ နောက် တောင်ဒဂုံလဝကရုံး။ အဲဒီလဝက ရုံးက အရင်ကတည်းက ဝင်ရထွက်ရ အရမ်းလွယ်ကူလွန်းတယ်လို့ ပြော သံကြားတယ်။ ဝင်ချင်သလိုဝင်နေလို့ရတယ်ဆိုတော့ တကယ်ဖောက်ခွဲ မှုလုပ်တဲ့သူတွေအတွက် အရမ်းလွယ်ကူတယ်။ နောက်ပြီး ကြားဖြတ် ရွေးကောက်ပွဲနီးမှ အခုလိုပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာတာက တော့ စဉ်းစားစရာပဲပေါ့နော်။ နိုင်ငံရေးကြောင့် မတည်မငြိမ်ဖြစ်အောင် လုပ်တာလားလို့လည်း သံသယဖြစ်မိတယ်။ အခုလိုမျိုး ပေါက်ကွဲမှုတွေ ခဏခဏဖြစ်လာတော့ သွားရလာရတာတောင် မလုံခြုံတော့ဘူး။ ဈေး ဝယ်စင်တာတွေဆိုလည်း ဈေးဝယ်သူတွေဘေးကင်းလုံခြုံဖို့အတွက် တာဝန်ရှိသူတွေ လုံခြုံရေးအပိုင်းမှာ ပိုမိုတင်းကျပ်ဖို့နဲ့ ဈေးဝယ်သူတွေ ကလည်း လုံခြုံရေးအတွက် စစ်ဆေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံ ပေးဖို့လိုမယ်ထင်ပါတယ်။ အခုဖြစ်နေတဲ့ အသေးစားပေါက်ကွဲမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေအပါအဝင် မှုခင်းအားလုံးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ချမှတ်နိုင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့လိုနေပါပြီ။ လွှတ်တော်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အဆိုတင်သွင်းကြမယ်လို့လည်း မျှော်လင့်မိပါတယ်။ အခုထိတော့ ဘာမှမကြားသေးဘူး။

မဆိုင်းမိုင် (လှိုင်မြို့နယ်)

ရန်ကုန်မှာ လတ်တလောဖြစ်ပွားနေတဲ့ အသေးစားပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒီလိုအကြမ်းဖက်မှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက တာဝန်ယူဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ Public Area တွေမှာ လူတွေ လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့ အစိုးရအာဏာပိုင်တွေမှာ တာဝန်ရှိပါ တယ်။ အကြမ်းဖက်မှုဆန်တဲ့ အသေးစားပေါက်ကွဲမှုတွေ ဖြစ်လာပြီး နောက်ပိုင်းမှာ သွားလာဖို့အတွက် စိုးရိမ်မှုရှိပါတယ်။ ကျွန်မတို့ ရန်ကုန်မှာတောင် ဒီလောက်ထိ ကြောက်ရွံ့နေရပြီဆိုတော့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ သွေးချင်းတွေအတွက် ပိုပြီးကိုယ်ချင်းစာမိပါတယ်။ ဈေးဝယ်စင်တာတွေကို သွားတဲ့အခါမှာတော့ လုံခြုံရေးစစ်ဆေးတာကို ကြည်ကြည်ဖြူဖြူ စစ်ဆေးခံတယ်။ သေချာလည်း စစ်ဆေးပါတယ်။ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ မနေ့က ပြည်သူ့ရင်ပြင်သွားတယ်။ သေချာစစ်ဆေးပါတယ်။ Public Area တွေမှာ အကြမ်းဖက်မှုဆန်တဲ့ လုပ်ရပ်တွေကို ကျွန်မတို့က ရှုတ်ချတယ်။ လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ပြဿနာတွေကြောင့် လုံခြုံမှုလုံးဝမရှိတော့ဘူးလို့ ခံစားမိတယ်။ ပြီးတော့ သက်ငယ်မုဒိမ်းမှုတွေရှိနေတာက တရားစီရင်မှုပိုင်းမှာ အားနည်းတဲ့အတွက် ရှိနေတယ်လို့ ကျွန်မတစ်ယောက်တည်းအမြင်နဲ့ ယူဆပါတယ်။ ဒီလို တရားစီရင်မှုပိုင်းမှာ အားနည်းနေတာတွေက ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ပေးလုပ်နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ထိုက်သင့်တဲ့ တရားစီရင်မှုဖြစ်ဖို့ အစိုးရအာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။

ကိုနိုင်လင်းအောင် (စင်တာလုံခြုံရေးတာဝန်ယူထားသူ)

လုံခြုံရေးသင်တန်းတက်ရတယ်။ သင်တန်းတွေက သီးသန့်မရှိပါ ဘူး။ ကုမ္ပဏီတွေကနေပြီး သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပြီး သင် တန်းပေးကြပါတယ်။ သူ့ရဲ့ သင်တန်းအလိုက် တစ်လတန်ရင်လည်း တန်တယ်။ တစ်ပတ်တန်ရင်တန်တယ်။ လုပ်ငန်းနဲ့ဆိုင်တဲ့ အခြေခံ လို အပ်ချက်တွေ အကုန်လုံးကို သင်ကြားပေးပါတယ်။ ကျွန်တော်တို့က ဒီလုပ်ငန်းမှာ ပတ်သက်တဲ့သူတွေ လုံခြုံဖို့ ခံယူထားကြပါတယ်။ ကျွန် တော်တို့ အလုပ်ကတော့ အချိန်ပိုင်း ရှစ်နာရီပါ။ တချို့နေရာတွေမှာတော့ ၂၄ နာရီ လုံခြုံရေးယူခိုင်းတာရှိတယ်။ ပေးတဲ့လစာကလည်း နိမ့်မယ်။ မြင့်ချင်မြင့်မယ်။ ကျေနပ်ချင်မှ ကျေနပ်မယ်။ ကျေနပ်လို့ လုပ်ကြတာများ ပါတယ်။ လစာက အကုန်လုံးကို ခြုံကြည့်ရင်တော့ မလုံလောက်ဘူး။ ဈေးရောင်းစင်တာဖြစ်တဲ့အတွက် အိမ်သုံးဓားတွေဆိုတာ ရောင်းရတာ တာပဲ။ ဒါမျိုးတွေကို ကန့်သတ်လို့မရဘူး။ နောက်တစ်ခုက ဒါက ပြည်သူ ပိုင်နေရာဖြစ်တဲ့အတွက် လူတွေကို ပုဂ္ဂလိကရေးရာအတွက် စစ်တပ်လို မျိုး တကယ် ကြပ်ကြပ်မတ်မတ် ရှာဖွေလို့မရဘူး။ အဲဒီအခါကျရင် ဈေး ဝယ်သူတွေ စိတ်အနှောင့်အယှက်ဖြစ်မယ်။ ဒါက လူ့အခွင့်အရေးလည်း ဟုတ်တယ်။ ဒါပေမဲ့ အတွင်းအပြင် လုံခြုံအောင်တော့ သတိအသိနဲ့ အမြဲစောင့်ကြည့်နေရတာတော့ ရှိတယ်။ စင်တာထဲမှာ ရန်ဖြစ်တယ်ဆိုရင်၊ စင်တာအတွင်း လူတွေထိခိုက်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် တို့ ဖြေရှင်းခွင့်ရှိပါတယ်။ ကိုယ့်ခြံထဲမှာရှိတဲ့ အမှိုက်ဆိုရင် ကိုယ်ကရှင်းရ မှာပဲ။ ဒါပေမဲ့ ကိုယ့်မှာက နံပါတ်တုတ်လောက်ပဲရှိတယ်။ ရန်သူမှာက ဓားတွေဘာတွေရှိတယ်။ ကိုယ်က အခုမှသင်တန်းဆင်းလာတာ။ ဟိုက လူတွေက အင်အားများမယ်ဆိုရင် ကိုယ့်ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်သင့်ရင် ဆက်သွယ်ရမှာပဲ။ အဲဒီလိုအခြေအနေမှာ နိုင်ငံခြား ဇာတ်ကား သွားရိုက်လို့မရဘူး။ အင်အားနည်းရင် ဘယ်သူမဆို နောက် ဆုတ်ရတာ သဘာဝပဲ။ စင်တာလုံခြုံရေးတွေဟာ ဘာလက်နက်မှ ကိုင် ဆောင်မရဘူး။ မကိုင်ရတာဟာ အားနည်းချက်တော့ မဟုတ်ပါဘူး။ ရမ်းကားတဲ့သူရှိရင်တောင် ကိုယ့်အတွက် ကာကွယ်ဖို့၊ ပြန်ခုခံဖို့လောက် ပဲ နံပါတ်တုတ် ကိုင်ဆောင်ကြပါတယ်။

ဦးဌေးဦး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီဝင်)

လတ်တလော ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာကတော့ ပြည့်ပြည့်စုံစုံ အကျိုးအကြောင်းမသိလို့ မှတ်ချက်မပေးလိုဘူး။ ဒါပေမဲ့ ဒီအနေအထားက ကောင်းတဲ့အနေအထားတော့ မဟုတ်ဘူး။ ဒါမျိုး အနေအထားမျိုးကို လုံးဝ လက်မခံလိုဘူး။ အဲဒီဟာနဲ့ပတ်သက်ပြီး မိတဲ့ လူကို ဟန့်တားလောက်တဲ့ပြစ်ဒဏ်မျိုးပေးမှ ပြည်သူတွေ လုံခြုံမှာ။ ပြစ်မှုကျူးလွန်တဲ့သူတွေကို ထိရောက်ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အရေး ယူသင့်တယ်။ ဒါမှ နောက်နောင် ထပ်မဖြစ်အောင် ဒီနည်းနဲ့ ကာကွယ်ရ မယ်။ အင်န်အယ်လ်ဒီကို ပြည်သူက မဲပေးပြီး အင်န်အယ်လ်ဒီအစိုးရ ဖြစ်တဲ့အချိန်ကစပြီး ကျွန်တော်တို့က ပြည်သူတွေနဲ့ တစ်သားတည်း ပြည်သူတွေကို မျက်နှာမူပြီးတော့ အပြောင်းအလဲတွေဖြစ်အောင် ကြိုး စားတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး နောက်တစ်ခါ တရားဥပဒေစိုးမိုးရေး ဒါတွေ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ လုပ်နေ တာတချို့ကလည်း သိသိသာသာ ရှေ့ရောက်တယ်။ တချို့ကျတော့ လည်း သိသိသာသာ ရှေ့မရောက်သေးဘူး။ အကြောင်းတွေ အများကြီး ရှိတယ်။ ပြည်သူတွေကို ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ ကျွန်တော်တို့သည် ပြည်သူတွေနဲ့ တစ်သားတည်း ပြည်သူတွေရဲ့ ခံစား ချက်ကို မျက်နှာမူပြီးတော့ ပြည်သူတွေ လွတ်လွတ်လပ်လပ်နေနိုင် အောင်၊ လုံလုံခြုံခြုံ နေနိုင်အောင်၊ တရားဥပဒေစိုးမိုးအောင်၊ စီးပွားရေး၊ ကျန်းမာရေးတွေ အားလုံးပြေလည်အောင် ကျွန်တော်တို့အစွမ်းကုန် ကြိုးစားနေတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ကိုတော့ အားလုံးကို မေတ္တာ ရပ်ခံပါတယ်။

မနောင်းနောင် (တောင်ဒဂုံမြို့နယ်)

အခုလို ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတော့ ကြောက်တယ်။ နေရတာ မလုံခြုံသလိုခံစားရတယ်။ အများပြည်သူသွားတဲ့နေရာတွေမှာ ဖြစ်တာဆိုတော့ ပိုကြောက်တယ်။ အခုဖြစ်တဲ့နေရာက ကိုယ့်အိမ်နဲ့နီးတော့ ပိုစိုးရိမ်တယ်။ နောက်ပိုင်းဆိုရင်လိုင်းကားတွေဘာတွေပေါ်တောင်ရောက်လာမလားမသိဘူး။ ကိုယ်တွေကလိုင်းကားကိုပဲ အားထားပြီးသွားလာနေရတာ။ တက္ကစီစီးတော့လည်း တစ်ယောက်တည်းဆိုအန္တရာယ်များတော့ မစီးရဲဘူး။ အခုဖြစ်တာက အရင်ကလို တစ်ခုတည်းကွဲတာမဟုတ်ဘဲ ဆက်တိုက်ဆက်တိုက်တွေဖြစ်နေတော့ ပိုပြီးကြောက်တယ်။ ဈေးဝယ်စင်တာလို လုံခြုံရေးရှိတဲ့နေရာမှာတောင်ဖြစ်တာ။ လိုင်းကားလို လုံခြုံရေးမရှိတဲ့နေရာတွေမှာဖြစ်မှာကိုတော့ကြောက်တယ်။ မသွားဘဲ နေလို့မှမရတာ။ အစိုးရအနေနဲ့ အများပြည်သူသွားလာမှုများတဲ့နေရာတွေမှာ လုံခြုံရေး ပိုထားသင့်တယ်လို့ထင်တယ်။ လိုင်းကားတွေပေါ်မှာကအစ ဘယ်လိုလုံခြုံရေးယူပေးနိုင်မလဲဆိုတာစဉ်းစားပေးစေချင်တယ်။ နောက် ကိုယ့်ရဲ့ကလေးကိုလည်း ကျောင်းတွေမှာ မသိတဲ့လူက လာခေါ်ရင်မလိုက်ဖို့ ကျွေးတာမစားဖို့ မှာထားရတယ်။ ကိုယ်က အလုပ်တစ်ဖက်နဲ့ဆိုတော့ ကိုယ့်ကလေးရဲ့ လုံခြုံရေးအတွက်လည်း စိတ်ပူရတယ်။ အခုအချိန်က ဘာမှပြောလို့ရတာ မဟုတ်ဘူး။

ကြည်ငြိမ်းသော် (ခေတ္တ ဒူဘိုင်း)

ဒီလိုဖြစ်နေတာတွေက တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေ တာ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရသစ် လက်ထက်မှာ တိုင်းပြည်ဟာ အရင်ထက်ပိုပြီး ဆိုးရွားလာတယ်လို့ ပြည် သူကထင်အောင် ဇာတ်လမ်းဆင်နေတယ်လို့ပဲမြင်တယ်။ ရန်ကုန်မြို့က အရင်လို မလုံခြုံတော့ဘူး။ လူတွေက သွားသတိလာသတိ ရှိနေရတယ်။ ဒါကို အစိုးရအနေနဲ့ အသေအချာ ကိုင်တွယ်ဖြေရှင်းစေချင်တယ်။ အရင် အစိုးရလက်ထက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ရာဇဝတ် သားတွေကို ဆက်လက်ပြီး စောင့်ကြည့်မှုမရှိဘူးလားလို့လည်း သိချင် တယ်။ ဖောက်ခွဲမှုလုပ်တာက လူများတဲ့နေရာတွေပဲ ရွေးလုပ်တာ။ လူ မရှိတဲ့နေရာကိုတော့ လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် ဈေးဝယ်စင်တာတွေ မှာထားတဲ့ လုံခြုံရေးကို ရဲသင်တန်းဆင်းပြီးသားတို့ ဒီလုံခြုံရေးနဲ့ပတ် သက်ပြီး တကယ်တတ်ကျွမ်းတဲ့သူကို ခန့်ထားစေချင်တယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်ရင် အရင်ဦးဆုံး ခံစားရတာ ပြည်သူပါ။ ပြည်သူဟာ ဒုက္ခအရောက်ဆုံးပါ။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးကိုလည်း ထိခိုက်ပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်ခါစဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေချိန် နိုင်ငံခြားခရီးသွားတွေလာဖို့၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စီစဉ်နေချိန်မှာ သူတို့အတွက် ပြန်စဉ်းစား စရာဖြစ်နေပါတယ်။ နိုင်ငံရဲ့ ပုံရိပ် ထိခိုက်ပါတယ်။ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ အပြင်းထန်ဆုံး လုပ်ဆောင်သင့်ပါ တယ်။ သေဒဏ်လိုမျိုးပေါ့။

ကိုစောလွင် (လှိုင်သာယာမြို့နယ်)

အသေးစားပေါက်ကွဲမှုကတော့ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေး အားနည်းတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပါ။ ဈေးဝယ်စင်တာ တွေနဲ့ပတ်သက်လို့ကတော့ အရင်ကလည်း မြေနီကုန်းဖြစ်ရပ်မှာကတည်းက သိရှိပြီးသားပါ။ အပြည့်အဝ အကာအကွယ်မပေးနိုင်တာကတော့ အသေအချာပါပဲ။ လုံခြုံရေးနဲ့ပတ်သက်လို့ တောင်းဆိုရမယ်ဆိုရင်တော့ စူပါမားကက်ကြီးတွေကျတော့ ငွေကုန်ကြေးကျ အများကြီး အကုန်ခံ ဆောက်ကြပေမယ့် ခေတ်မီလုံခြုံရေးစနစ်ကျတော့ အားနည်းလွန်းပါ တယ်။ ခေတ်မီလုံခြုံရေးစနစ်နဲ့ နားလည်တတ်ကျွမ်းတဲ့ လုံခြုံရေးလုပ် သားတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ Over Sea အတွေ့အကြုံအရ ပြောရင် ကိုရီးယားမှာဆိုရင် လူစည်ကားတဲ့နေရာတို့၊ မြေအောက်ရထား ဘူတာ စတဲ့နေရာတွေမှာ လုံခြုံရေးဝန်ထမ်းတွေက ၂၄ နာရီ ယူနီဖောင်း အပြည့်နဲ့ လမ်းလျှောက်နေတာပါ။ ဒီမှာကတော့ ဖြစ်ရင်တောင် အတော် နဲ့ရောက်မလာပါဘူး။ ထိုက်တန်တဲ့လစာပေးပြီး ရဲတပ်ရင်းက ရဲအင်အားတွေကို အရေးအခင်းဖြစ်မှ ဖြိုခွင်းရုံ အသုံးမပြုဘဲ လူစည်ကားရာ နေရာတွေမှာ လုံခြုံရေးကို တိုးမြှင့်အသုံးပြုသင့်ပါတယ်။ အသေးစား ပေါက်ကွဲမှုနဲ့ သက်ငယ်မုဒိမ်းမှုခင်းဖြစ်စဉ်တွေ အတွက်ကတော့ ထိ ရောက်တဲ့ ဥပဒေနဲ့ ထိထိရောက်ရောက် အပြစ်ပေးစေချင်ပါတယ်။ လူသိရှင်ကြားဖြစ်အောင်လည်း ကြေညာစေချင်ပါတယ်။ ဖြစ်စဉ်အပေါ် မူတည်ပြီး သေဒဏ်အထိ ပေးစေချင်ပါတယ်။

ကိုရဲလင်းဦး (လှိုင်မြို့နယ်)

ရန်ကုန်မှာ အသေးစားပေါက်ကွဲမှုတွေဖြစ်နေတဲ့အတွက် ပြည်သူ တွေ အထိတ်တလန့်ဖြစ်မှာတော့ စိုးရိမ်မိတယ်။ လူမျိုးရေး၊ ဘာသာရေး ကြောင့်ပဲဖြစ်စေ၊ နိုင်ငံရေးကြောင့်ပဲဖြစ်စေ ရန်ကုန်မှာ အဲဒီလို ပေါက်ကွဲ မှုတွေ ဆက်မဖြစ်ဖို့ လုံခြုံရေးကို တိုးမြှင့်စေချင်တယ်။ အရင်အစိုးရ လက်ထက်ကလည်း အဲဒီလိုဘာသာရေး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး သာဓကတွေရှိခဲ့တော့ အခု ပေါက်ကွဲမှုမှာ ဘယ်သူတွေက ကြိုးကိုင်နေ လဲဆိုတာ မသိပေမယ့် ရွေးကောက်ပွဲနီးလာတိုင်း ဒီလိုတွေကြားရတာ တော့ မဆန်းတော့ပါဘူး။ တာဝန်ရှိတဲ့သူတွေကတော့ အတတ်နိုင်ဆုံး ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ရတာပဲ။ အခုဖြစ်နေတဲ့ ပေါက်ကွဲမှုတွေ ကလည်း ကြီးကြီးမားမား ထိခိုက်လောက်တဲ့အထိဖြစ်တဲ့ ပေါက်ကွဲမှုမျိုး မဟုတ်တော့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တဲ့ လှည့်ကွက်လို့ပဲ သုံးသပ်လို့ရတယ်။ တာဝန်ရှိသူတွေအနေနဲ့လည်း မသင်္ကာတဲ့သူတွေကို သေချာစစ်ဆေးစေချင်တယ်။ လူအဝင်အထွက်ဂိတ်တွေ၊ လူစည်တဲ့နေ ရာတွေ၊ သာသနာရေးအဆောက်အအုံတွေမှာ လုံခြုံရေးတိုးမြှင့်စေချင် တယ်။ ဘယ်လိုမှုခင်းမျိုးပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ ထိထိရောက်ရောက် ကိုင်တွယ်စေချင်တယ်။ မုဒိမ်းမှုဆိုရင်လည်း နောက်လူတွေ ထပ်မကျူး လွန်ရဲအောင် ပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ပေးစေချင်တယ်။ အဲဒီ လိုချမှတ် နိုင်ဖို့ ဥပဒေတွေကို ပြင်ဆင်ချမှတ်စေချင်တယ်။ ဆိုလိုတာက အမှိုက်မပစ်ရ ဒဏ်ငွေ ၁၀,၀၀၀ ဆိုပြီး ဆိုင်းဘုတ်ထောင်ထားရုံနဲ့တော့မရဘူး။ ကျူးလွန်လာရင် ထိထိရောက်ရောက် အရေးယူစေချင်တယ်။

No comments:

Post a Comment