Wednesday, November 30, 2016

မုံးကိုးနယ်မြေအား တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀၀၀ ကျော် တရုတ်နိုင်ငံ မန်စီမြို့နယ်ရှိ စာသင်ကျောင်းဟောင်း၊ စက်ရုံဟောင်းနှင့် ကွင်းပြင်များတွင် ခိုလှုံနေရ

KIA၊ TNLA၊ MNDAA လက်နက်ကိုင်များသည် မုံးကိုးနယ်မြေအား တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀၀၀ ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ်ရှိ စာသင်ကျောင်းဟောင်း၊ စက်ရုံဟောင်းနှင့် ကွင်းပြင်များတွင် ခိုလှုံနေရကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် KIA၊ TNLA၊ MNDAA လက်နက်ကိုင်များသည် မုံးကိုးနယ်မြေအား တိုက်ခိုက်မှုကြောင့် တိုက်ပွဲရှောင် ဒေသခံ ပြည်သူ ၁၀၀၀ ကျော်တို့သည် တရုတ်နိုင်ငံ မန်စီမြို့နယ် မန်ဟိုင်မြို့ရှိ အသုံးမပြုသည့် စာသင်ကျောင်း၊ စက်ရုံဟောင်းနှင့် ဈေးအနီး ကွင်းပြင်တို့၌ ယာယီတဲ ငါးလုံးဖြင့် နိုဝင်ဘာ ၂၈ ရက်အထိ နေထိုင်လျက် ရှိကြောင်းနှင့် ကိုးကန့်ဒေသမှ လူမှုရေးအသင်း တစ်ခုတို့သည် ရွှေလီမှတစ်ဆင့် မန်ဟိုင်မြို့သို့ ၀င်ရောက်၍ လူမှုကူညီရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ကွတ်ခိုင်နှင့် မန်ပြိန်းကြား လမ်းလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီတွင် ကားလမ်းမကြီးပေါ်၌ အရှေ့မှ အနောက်သို့ သွယ်တန်းထားသည့် အကျယ်နှစ်ပေခန့်ရှိ ကွန်ကရစ်ပြွန်အတွင်း အချင်း လေးလက်မ၊ အမြင့် ခြောက်လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း လေးလုံးနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိရသဖြင့် မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ဒုရဲအုပ်မြင့်ဌေးနှင့် ရဲတပ်ကြပ် လင်းထက်တို့သည် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ကွတ်ခိုင်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားသည့် တရားခံအားမြို့နယ် တရားရုံးသို့ တရားစွဲတင်ခဲ့ပြီး လုပ်ငန်းတာဝန် ပြီးဆုံး၍ ညနေ ၃ နာရီတွင် နမ့်ဖတ်ကာ ရဲစခန်းသို့ ပြန်လာခဲ့ကြောင်း၊ ဒုရဲအုပ်နှင့် ရဲတပ်ကြပ်တို့သည် ည ၇ နာရီအထိ စခန်းသို့ ပြန်လည်ရောက်ရှိခြင်း မရှိသဖြင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်း ရှာဖွေရာ ည ၁၀ နာရီ ၂၅ မိနစ်တွင် ကောင်းလိမ်ရွာအနီး ပြည်ထောင်စုကားလမ်း မိုင်တိုင် အမှတ် ၂၃၃/၅-၆ အကြား ၎င်းတို့ အသုံးပြုသည့် ဟွန်ဒါဖစ်ယာဉ်အား တွေ့ရှိရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
Writer:
ဆန်းထူးအောင်

No comments:

Post a Comment