Monday, November 28, 2016

ပါဝါသုံးမျိုး ပြန်နွှေးခြင်း၊ ပါဝါများနှင့် ရှေ့အလားအလာတချို့

ပြီးခဲ့သည့် ရက်သတ္တပတ်အတွက် တစ်ပတ်စာဖြစ်ရပ်နှင့် သတင်းသုံးသပ်ချက်တွေကို အထင်ကရအင်စ တီကျုကြီးများထံမှ အီးမေးလ်တွေ ဆက်တိုက်ဝင်လာ ချိန်၊ ၎င်းတို့၏ ကမ္ဘာတစ်ဝှန်းကို ထုတ်ပြန်ချိန်မှာ ရက်သတ္တပတ်အကုန် စနေ၊ တနင်္ဂနွေနေ့များဖြစ်ကြ၏။ မြန်မာနှင့် အချိန်ကွာဟချက် တစ်ရက်နီးပါးရှိနေသော အမေရိကန် အနောက်ဘက်ကမ်းခြေအခြေစိုက်ဌာန ကြီးတွေကဆိုလျှင် သူတို့ထုတ်ပြန်ချိန်မှာ မြန်မာ၌ တနင်္လာနေ့ထဲပင် ရောက်နေပြီဖြစ်၏။ အီကောနော မစ်တစ်ပတ်စာကတော့ စနေနေ့လယ်မှာရတတ်လေ့ ရှိပါသည်။ သို့ငြားအပတ်တိုင်းသည် တစ်ခုတည်းဖတ်နေ၊ ပြည့်နေ၍တော့ အမြဲမရနိုင်၊ မဖြစ်။ နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR)၊ ဘရွတ်ကင်းစ် အင်စတီကျူး ရှင်း(Brookings Institutions) နှင့် ကမ္ဘာ့နိုင်ငံရေးရီဗျူး (WPR-World Politics Review)၊ ဟတ်ဒ်ဆန်အဖွဲ့အစည်း (Hudson Institute) တွေ လောက်ကိုတော့ အနည်းဆုံးမဖြစ်မနေယှဉ်ထိုးလေ့လာရပါ၏။ ရံဖန်ရံခါ ဂျပန်တိုင်းမ်စ်နှင့် China-US Focus တို့ကိုလည်း အတော်ပြန်အားကိုးရတာမျိုး ရှိတတ်သည်။



တာဝန်ယူထားသော ဤအပတ်စဉ် ဆောင်းပါးတစ်ပုဒ်တည်းအတွက် သက်သက်မျှမဟုတ်။ အခြားသောလုပ်စရာ၊ ကိုင်စရာတွေနှင့်လည်း တိုက်ရိုက်ပတ် သက်နေခြင်း၊ အလေးထားလေ့လာအပ်သော ဘာသာရပ် နိုင်ငံတကာရေးရာနှင့် လေ့လာမှု (International Affairs and Studies) သာမက နိုင်ငံတကာ ဆက်ဆံ ရေးနှင့် မူဝါဒ၊ သီအိုရီရှုထောင့်တွေကပါ လွှမ်းခြုံ ကြည့်မြင်လာနိုင်ဖြစ်စေသော ကြောင့် ဖြစ်သည်။ ဆယ်စုနှစ်တစ်စုခွဲ ကျော်လောက် နယ်ပယ်တစ်ခုအဖြစ် လေ့လာဖြစ်ခဲ့ ခြင်းက ဂလိုဘယ်နိုင်ငံရေး၊ စီးပွားရေး အမြင်တွေ ပို ထင်ရှား ထိရောက်လာစေခဲ့သည့် အကျိုးရရှိစေသည်။ ယနေ့ကိုယ့်နိုင်ငံလို အနေအထားမှာလည်း ပိုလိုအပ် လာနေချိန်ဟု မြင်နေရသည်။ ‘ပါဝါ’ ဆိုသည်ကို ပိုသိမြင် နားလည်ဖို့၊ ကမ္ဘာ့ဆက်ဆံရေး နယ်ပယ်မှာ ပြန်အသုံးချနိုင်ကြစေဖို့၊ လက်တွေ့ လက်ထဲရှိထား သည်များနှင့် အခြေတည်၍ အသုံးပြုနိုင်ဖို့၊ ကိုယ်က လည်း ကစားတတ်ပါမှ သူတစ်ပါးအကစား မခံကြရ မည်မို့လည်း ပါဝင်ပါ၏။

အခြေခံ ‘ပါဝါ’ သုံးမျိုး

နိုင်ငံတိုင်းမှာ ရှိပါသည်။ ပမာဏနှင့် အသုံးပြုပုံ ချင်း ကွဲပြားသွား၍ ထိုနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်သွား စေတာလည်း ဖြစ်သည်။စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံးကာလစခဲ့သည့်၊ ဇာတ်ရှိန်အပြင်းဆုံးလည်း ဖြစ်သည့် ၁၉၆ဝ ပြည့်လွန် နှစ်တွေက ကျူးဘားဒုံးပျံအရေးကိစ္စအလွန်၌ ပါဝါအ မာနှင့် ပါဝါအပျော့ကို စတင် ခွဲခြား ပြသနိုင်ခဲ့ကြ၏။ သို့ငြား ပါဝါအမာမှာပဲ ဇာတ်လမ်းက ဆုံးဆုံးသွားတတ် ခဲ့တာများသည်။ ရော်နယ်ရီဂင်လက်ထက်နှင့် ဂျင်မီ ကာတာ လက်ထက် ၁၂ နှစ်မှ ၁၅ နှစ် ကြားကာလ ကြယ်တာရာစစ်ပွဲများ (Star Wars) မဟာဗျူဟာတွေ ကိုမှတ်မိကြလျှင်တော့ ထိုထိုကမ္ဘာဖျက်လက်နက်ကြီး တွေ အပြိုင်အဆိုင်နောက်မှာ သိမ်မွေ့နက်ရှိုင်းစွာကပ် လျက်တွဲပါလာခဲ့သည်က ပါဝါအပျော့ဖြစ်ခဲ့ပါသည်။ အင်မတန် အင်အားကြီးလှပါ၏။ ကိုင်ဆုပ်ပြရတာအ တော်လက်ပေါက်ကပ်သည်။ ဟောလီးဝုဒ်ဇာတ်ကားများ၊ ကိုကာကိုလာနှင့် ဟမ်ဘာဂါတို့က ဆိုဗီယက်ပြည် ထောင်စုကို သေချာပေါက် အထိနာခဲ့စေခြင်းအပေါ် အငြင်းထွက်နိုင်သူ သိပ်ရှိမည်မထင်။ နိုင်ငံရေးနှင့် စီးပွားရေး၊ နယ်မြေဒေသ ကျူးကျော်ချဲ့ထွင်၍ သြဇာ ခံအဖြစ် သိမ်းသွင်းမှုတို့ကြောင့် မနိုင်ဝန်ထမ်းရင်း၊ ပိရင်း ဆိုဗီယက်အုပ်စု ပြိုလဲရခြင်းဖြစ်သည်။ ဒီမိုက ရေစီသို့ ပြန်ဦးလှည့်စေခြင်းကသာ ထွက်ပေါက် အမှန်ဖြစ်သည်ဟု ဂေါ်ဘာချော့ဗ်ကြီးကိုယ်တိုင် ထုတ် ပြောခဲ့ဖူးတာများကလည်း မှန်ပါသည်။ ပါဝါအမာနှင့် နိုင်ငံရေးအင်စတီကျူးရှင်းတွေ ပြိုလဲရခြင်းက သိသာ မြင်သာသော်လည်း လူမှု၊ လူထုဆိုင်ရာကိစ္စရပ်များ (Societal Issues) အပေါ် အတော်အခြေခံသက်ရောက်သည့် ပါဝါအပျော့ကို ဤကာလ တွေမှာ ကမ္ဘာက ပိုသိလာကြသလို ထပ်ဆင့်ပွားလေ့လာခြင်းဖြင့် သိမှုဗေဒ (Epistimology) နယ်ပယ်လည်း မြင့်တက်လာခဲ့ပါသည်။

စစ်အေးခေတ်အပြီး အရှေ့နှင့် အလယ် ဥရောပ နိုင်ငံအများအပြား ခွဲထွက်ကြတော့ ဝရုန်းသုန်းကား တွေ ဖြစ်ကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဓိက ဒေါက်တိုင်ကြီးတွေ အားလုံးမှာ ရှုပ်ထွေးကုန် သည်။ ယနေ့ထိ မပြီးပြတ်နိုင်သေးတာတွေ အများကြီး တွေ့မြင်ကြားသိနေရဆဲ။ သို့ငြား ဘယ်လာရုစ်တစ်နိုင်ငံ မှလွဲ၍ ဥရောပနိုင်ငံတွေ အားလုံး (အားလုံး) အနိမ့်ဆုံးအနေအထားမှသည် Minimal Democracy အုပ်စုထဲ တန်းဝင်စာရင်းပေါက်လာဖို့ ဆယ်စုနှစ်တစ်စု သာသာပဲကြာခဲ့ပါသည်။ ထား၊ ဖြစ်ရပ်တွေက အသေး စိတ်လေ့လာချက် (Case Studies) တွေ တောင်လိုပုံ နေပြီဖြစ်တာတောင် သင်ခန်းစာယူကြည့်မြင်တတ်စရာတွေ အများကြီး ရှိနေဆဲ။ ပါဝါတွေဘက် ပြန်သွားကြရလျှင် ထိုကာလမှာ ပါဝါအမာ၊ ပါဝါအပျော့ကို ပေါင်းစပ်လိုက်သော စမတ်ပါဝါ (Smart Power) အယူအဆ သီအိုရီတစ်ရပ် ကမ္ဘာကျော်ရုပ်လုံြး<ွကခဲ့ခြင်းပဲဖြစ်သည်။ ဂျိုးဇက်အက်စ်နိုင်းဂျူနီယာ (Joseph S. Nyes, Junior) က အထင်ရှားဆုံးဖြစ်၏။ သူ့ရှေ့၊ သူ့နောက်မှာ ပြောဆို ရေးသားထုတ်ပြန်ပြခဲ့တာတွေ ရှိသော်လည်း ဒေါက်တာနိုင်းစ်ကိုပဲ ရည်ညွှန်းခဲ့ကြပါ၏။ ရည်ညွှန်း ကြသူများကြပါ၏။ အကျဉ်းချုပ် ခြုံငုံကြည့်ကြမည်။

(၁) ပါဝါအမာ – Hard Power စစ်ရေး၊ စီးပွားရေးအပြင် နိုင်ငံရေး သြဇာကိုပါ မဖြစ်မနေ ထည့်သွင်းကြရသည်။ ကုန်သွယ်ရေး၊ ဆက်ဆံမှု၊ ပိတ်ဆို့မှု၊ အင်အားအသုံးပြုမှုတို့က ပေါ်လွင်ထင်ရှား သောကိစ္စများ ဖြစ်ကြသည်။

(၂) ပါဝါအပျော့ – Soft Power

လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်တွေမှာ အတွေ့ရများသည်။ ဝါဒဖြန့်ချိရေး ယန္တရားများသည် လည်း ပါဝါအပျော့ဖြစ်သလို စာပေနှင့် မီဒီယာလည်း ဤပါဝါထဲမှာ ပါဝင်သည်။

(၃) စမတ်ပါဝါ – Smart Power

ပါဝါအမာနှင့် ပါဝါအပျော့ကို (လိုအပ်သလို) အချိုးအစားတစ်ရပ်ဖြင့် ပေါင်းစည်း၍၊ နုတ်ပယ် ဖြည့်စွက်၍ အသုံးပြုခြင်းဟု အတိုဆုံးဖွင့်ဆိုကြပါသည်။ စစ်တုရင် (Chess Board) ခုံအဆင့်ဆင့်များဖြင့် ခိုင်း နှိုင်းစံပြုပြကြရာ၌ ရှုပ်ရှုပ်ထွေးထွေးနိုင်လှသည်။ ဈေးကွက်၊ လုပ်အား၊ ပညာရေး၊ ပထဝီနိုင်ငံရေး၊ နိုင်ငံရေး ပထဝီ၊ ပထဝီစီးပွားရေး၊ မိတ်ဖက်အဖွဲ့များဆိုင်ရာ၊ စနစ်များ၊ မဟာဗျူဟာနည်းဗျူဟာနှင့် ပေါ်လစီများ၊ …အသေးစိတ်နယ်ပယ်တွေအထိ အကျုံးဝင်ပါသည်။ ဥာဏ်ပညာဖြင့် ကစားကြရပြီး ကျယ်ပြန့်လှပါ၏။

စူပါ၊ ဂရိတ်၊ မေဂျာနှင့် သာမန်

၁၉၉ဝ ပြည့်လွန်ကတည်းက ယနေ့ထိ တစ်ဦး တည်း စူပါပါဝါမှာ အမေရိကန်ပြည်ထောင်စုပဲ ဖြစ် နေပါသေးသည်။ ဂရိတ်ပါဝါထဲမှာတော့ အစဉ်လိုက်အားဖြင့် တရုတ်၊ ဗြိတိန်၊ ဂျာမနီ၊ ရုရှား၊ ပြင်သစ်၊ ဂျပန်၊ ကနေ ဒါ၊ ဂျီ-၇ နိုင်ငံအများစု ပါဝင်နေကြပါသည်။ မေဂျာပါဝါထဲမှာ အိန္ဒိယ၊ ဘရာဇီး၊ တောင်အာ ဖရိကတို့အပြင် ယခုနောက်ဆုံး အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ တောင်ကိုရီးယား ၊ စင်ကာပူတို့ ပါဝင်လာကြသည်။ ရှေ့မှာ အကျဉ်းဖွင့်ဆိုပြထားသော ပါဝါသုံးမျိုး စလုံးနှင့် စမတ်ပါဝါကို ပိုအခြေခံ၍ ပြောဆိုနိုင်ခြင်း ဖြစ်သည်။

ဤမှာ ပြိုင်ဆိုင်မှု အကြီးမားဆုံးအဖြစ် စူပါပါဝါ ယူအက်စ်နှင့် ဂရိတ်ပါဝါကြီး (တချို့က စူပါပါဝါ လောင်းလျာဟု သုံးစွဲတတ်ကြ၏) တရုတ်တို့ပဲ ဂလို ဘယ်စီးပွားရေးမှာ အပြိုင်တိုးနေကြတာဖြစ်၏။ အ မှန်တော့ တရုတ်သည် စူပါပါဝါဖြစ်နိုင်ခြေ အလွန် နည်းပါသည်။ စမတ်ပါဝါအမြင်အရ တစ်ခုတည်း မဟုတ်၊ ကိုယ်ကျိုးကြည့်လွန်းတတ်ခြင်းနှင့် နိုင်ငံရေး အယူအဆက စီးပွားရေးလုပ်ပုံကို ပြောင်းပြန်အချိုးကျ နေခြင်းဖြစ်၏။ နောက်တစ်ချက်က ကမ္ဘာ့တိမ်းညွတ် ချက်လားရာဖြစ်နေသော ‘ဒီမိုကရေစီရေး’ လိုအပ်ချက်ဖြစ်သည်။ သို့သော် ဂလို ဘယ်လိုက်ဇေးရှင်းကို အမေရိကန် နိုက်ဇေးရှင်း (Americanization) ပုံစံလမ်းကြောင်းကနေ တရုတ်ပုံစံပြုမှု (Chinization) အဖြစ် လက်ဦးမှု ယူလာ နေနိုင်ခဲ့တာ ဆယ်စုနှစ် တစ်ခုမကတော့ပြီ ဟုလည်း သုံးသပ်မှုတွေ ရှိပြန်သည်။ ဆောင်းပါးအစကို ပြန်ကောက် မည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွက် စာရေးသူ အထူးပြုလိုက်သည်က ‘နိုင်ငံခြားရေးမူဝါဒ’ ကျွမ်းကျင်သူများ၏ လာမည့်ခေတ် (တည့်တည့်ပြောရလျှင် ဒေါ်နယ်ထရမ့်ခေတ်) အတွက် ကမ္ဘာလုံးဆိုင်ရာအမြင်များ ဝိုင်းဝန်းစုဖွဲ့ ဆွေးနွေး ထုတ်ပြန်နေ ကြသော ပညာရှင်ဖိုရမ်တွေဖြစ်ပါ၏။ နိုင်ငံခြားဆက် ဆံရေးကောင်စီ (CFR) နှင့် ဘရွတ်ကင်းစ် အင်စတီ ကျူးရှင်းများက ထိပ်ဆုံးတန်းနေရာမှာရှိသည်။ ခုနက ပြောခဲ့သော စူပါ၊ ဂရိတ်၊ မေဂျာနိုင်ငံအားလုံး အပြင် ခပ်မှိန်မှိန် သာမန်နိုင်ငံများမှ ပညာရှင် ခပ်ထက်ထက် တွေလည်း ပါဝင်နေကြပါ၏။ ထုတ်ပြန်ချက်တချို့တစ် ဝက်လောက်ပဲရသေးတာတောင် စာမျက်နှာ ၂ဝဝ ကျော်နေပြီဖြစ်သည်။ ဆက်လည်း လုပ်နေကြပေမည်။ ‘နိုင်ငံခြားရေးမူဝါဒ’ ခေါင်းစဉ်မှာပင် အပြီးမသတ် သေး၍ ‘နိုင်ငံတကာဆက်ဆံရေး’၊ ‘ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး’ အပြင် ‘လွတ်လပ်သော ကုန်သွယ်ရေး’ မှ သည် အငြင်းပွားဆဲ ဖြစ်ရပ်များကိစ္စများ ဆက်တိုက်လာနေမည်ဟု သိရှိထားရသည်။

(၁) ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ( Protectionism) ထက်ပင်ပို ကြီးမားလာမှာ စိုးရိမ်ကြခြင်း။
(၂) မရေရာ၊ မသေချာလှသော ထရမ့်ဘာတွေလုပ်မည် မသိသေး၍ ဖြစ်နိုင်ခြေများ၊ ဖြစ်တန်ရာများကို အားသာချက် မူဘောင်တစ်ရပ်အတွင်း ထည့်သွင်း ထားပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကြိုတင်ပြင်ဆင် နေကြခြင်း။
(၃) အမေရိကန်နိုင်ငံရေး အင်စတီကျူးရှင်းများသာမက ဂလိုဘယ်အုပ်ချုပ်ရေး (အမြဲပြောနေခဲ့ကြငြား ဖြစ်မလာသေး) ဘော်ဒီများ၊ ကုလသမဂ္ဂဆိုင်ရာတို့အ တွက်ပါ ပိုမိုအားဖြည့် စောင့်ကြည့်ထိန်းကျောင်းရေး။

(၄) အရှေ့အာရှနှင့် ပစိဖိတ်စီးပွားရေး။ TPP ပြုပြင် ပြောင်းလဲရေး။

လောလောဆယ်မှာတော့ စိတ်ချမ်းသာစရာ အပြုသဘောတွေ ပိုမြင်နေကြရသေးသည်။ ပြိုင်ဘက် နှင့် မိတ်ဖက်ဟူသည်က တကယ်တမ်းတော့ ရန်သူ မဟုတ်ကြပေ။ တစ်ပြိုင်တည်းမှာ ပြိုင်လည်းပြိုင်၊ မိတ် လည်းဆက်ဖွဲ့ ထားကြရပေမည်။ ကမ္ဘာကြီးမှာ ရန်ဖြစ်နေ၍လည်း အကျိုးထက်အပြစ်ကသာ ပိုများလှပါ ၏။ နံပါတ် (၄)ကိုတော့ မြန်မာအနေဖြင့် ပိုဦးစားပေး လေ့လာကြရပေမည်။

မင်းတင်

No comments:

Post a Comment