Saturday, November 26, 2016

ရေပူစမ်း အပန်းဖြေ စခန်း၌ လူတစ်ဦး ရေနစ် သေဆုံး

 ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ရေပူစမ်း အပန်းဖြေ စခန်း၌ ယမန် နေ့ ညနေ ၅ နာရီ ၁၅ မိနစ်က လူတစ်ဦး ရေနစ် သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ လားရှိုးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် လားရှိုး ပြည်သူ့ ဆေးရုံ အရေးပေါ်ဌာန၌ ရေနစ်သေဆုံးသည့် အလောင်းတစ်လောင်း ရောက် ရှိ လာကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အောင်နိုင်စိုး (၄ဝ)နှစ် အောင်မင်္ဂလာ ရပ်ကွက် လားရှိုးမြို့နေသူမှာ ပြင်ပဒဏ် ရာ မရှိဘဲ နှုတ်ခမ်း ပြာလျက် သေဆုံးနေသည်ကို တွေ့ရှိရ၍ ၎င်းနှင့်အတူ ပါသူ ကျော်သန်းဦး ၄၂ နှစ် ရေးမြို့နယ် မွန်ပြည်နယ် နေသူအား စုံစမ်း စစ်ဆေး မေးမြန်းကြရာ အောင်နိုင်စိုးပါ သူငယ်ချင်း ငါးဦးသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ရေပူစမ်း အပန်းဖြေ စခန်းသို့ ရေချိုးရန် သွားရောက်ခဲ့ ကြောင်း၊ ရေပူစမ်းသို့ ရောက်စဉ် အနီးရှိ စားသောက်ဆိုင်တွင် အရက် အတူတူ သောက်ကြပြီး အောင်နိုင်စိုးက ရေကန် အတွင်းသို့ ခုန်ချ ရေကူး/ရေငုပ် နေခဲ့ကာ ကျန်သူများမှာ အဝတ်အစား လဲလှယ်နေကြောင်း၊ အောင်နိုင်စိုး ရေကန်ပေါ်သို့ တက်လာခြင်း မရှိသည့် အတွက် ရေကန်အနီး ရှာဖွေရာ ရေကန် ရေလွှတ်ပေါက် အနီး၌ မှောက်လျက် အနေအထား တွေ့ရှိရသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်နိုင်စိုး သေဆုံးခြင်းအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် လားရှိုးနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂၉/၂ဝ၁၆)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment