Monday, November 21, 2016

ဖားကန့်ဒေသမှ တရားမ၀င်ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရသစ်အနေဖြင့် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ဒေသခံပါတီများ ဝေဖန်

ဖားကန့်ဒေသသို့ တရားမ၀င် ယာဉ်ယန္တရား တင်သွင်းခဲ့မှုများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ အခြေအနေများနှင့် ပတ်သက်ပြီး  အစိုးရသစ်အနေဖြင့် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်နေကြောင်း ဒေသခံပါတီများ ဝေဖန်ထောက်ပြခဲ့ပြီး အစိုးရသစ်အနေဖြင့် ယခင် ပြုလုပ်ခဲ့သော ဖားကန့်ဒေသ စုံစမ်းရေးအဖွဲ့များနှင့် ပတ်သက်ပြီး သေချာသော သတင်းအချက်အလက်များ၊ ယန္တရားအရေအတွက်များ၊ အခြေအနေများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသင့်ကြောင်း ပြောကြားကြသည်။ ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ဒုဥက္ကဋ္ဌ ဒေါက်တာအင်ကွန်းလက “ဖားကန့် စုံစမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရပြောင်းပေမယ့် ပြီးမှ မပြီးသေးတာ။ ဆက်ပြီး အခုအစိုးရ ဆက်လုပ်ပါတယ်။ တွေ့ရှိချက်တွေကို ပြည်သူတွေကို ချပြသင့်တယ်။ ဒါကိုတော့ ပြည်သူတွေက လိုလားနေကြပါတယ်။ ကျွန်တော်တို့ပါတီကတော့ ဖားကန့်နဲ့ ပတ်သက်ပြီး မြေယာမူဝါဒထဲမှာလည်း ပါမယ်။ သယံဇာတမူဝါဒတွေကိုလည်း ဆွေးနွေးနေပါတယ်။

ဒီလိုကိစ္စရပ်တွေ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ၊ တခြားသော အဖွဲ့အစည်းတွေမှာ ဆွေးနွေးနေကြပေမယ့် အစိုးရအနေနဲ့တော့ လုပ်စရာရှိတာ ဆက်လက် လုပ်ဆာင်နေရမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုကတော့ လိုအပ်နေသေးတာ တွေ့ရပါတယ်”ဟု ပြောကြားသည်။

ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းဌေးအောင်က “ဖားကန့်ကိစ္စနဲ့က ပြောစရာအများကြီး ရှိနေပါတယ်။ ဥပဒေအတိုင်းလည်း  အခုအထိ လိုက်နာဆောင်ရွက်နေကြတာ မရှိကြသေးဘူး။ အဲဒီဒေသမှာက တရားဥပဒေစိုးမိုးမှုလည်း အခုထိမရှိသေးဘူး။ အခုအစိုးရပြောင်းပြီး တစ်ကြိမ်တော့ ပြည်ထောင်စုဝန်ကြီးတွေ ရောက်တယ်ဆိုပေမယ့် ပြောင်းလဲတာ သိပ်မရှိပါဘူး။ အရင်အစိုးရ ကားတင်သွင်းမှုကိုလည်း အခုထိ ထုတ်ပြန်တာမတွေ့ဘူး။ ဖားကန့်ဒေသကြီးဟာ လယ်ယာမြေ လုပ်ကိုင်စားသောက်တဲ့ လယ်မြေတွေ အများစုလည်း ပျက်သုဉ်းခဲ့ပါပြီ။ ဌာနေတိုင်းရင်းသားတွေအတွက်လည်း စဉ်းစားသင့်ပါတယ်။ နောင်တစ်ချိန်မှာ ပြန်လည်ထူထောင်ရေးတွေပါ စဉ်းစားရတော့မှာပါ။ အစိုးရပိုင်းက ပွင့်လင်းမြင်သာလာတာ မတွေ့ရသေးပါဘူး”ဟု ပြောကြားသည်။

ကချင်ဒီမိုကရက်တစ်ပါတီက တွဲဖက်အတွင်းရေးမှူး ဦးဂျော်ဆန်နော်က ဖားကန့်သို့ တရားမ၀င် ယာဉ်ယန္တရားတင်သွင်းမှုကို စစ်ဆေးခဲ့သည့်အဖွဲ့နှင့် ပတ်သက်ပြီး ရလဒ်တစ်စုံတစ်ရာကို ထုတ်ပြန်ကြေညာသင့်ကြောင်း၊ အစိုးရအဖွဲ့နှင့် စုံစမ်းရေးကော်မရှင်အနေဖြင့် ပွင့်လင်းမြင်သာမှု လိုအပ်နေကြောင်း၊ ဖားကန့်ဒေသမှာ ရေရှည်ထိန်းသိမ်းရမည့်နေရာ ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ဖားကန့်ဒေသသို့ တရားမ၀င်ယာဉ် ယန္တရားတင်သွင်းမှုနှင့် ပတ်သက်ပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများ၊ နိုင်ငံတော်ပိုင် သိမ်းယူမှုများ ပြုလုပ်သည်ကို မတွေ့ရသေးကြောင်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ဆိုသည်။

ဖားကန့်ဒေသတွင် စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အရ ယန္တရား ၁၀၂၈၂ စီး တွေ့ရပြီး အထောက်အထား မပြနိုင်သည့် ယာဉ်/ယန္တရားမှာ ၁၈၈၇ စီးဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသသို့ ယာဉ်/ယန္တရား တင်သွင်းမှုနှင့် ပတ်သက်၍ လေးကြိမ်တိုင် စစ်ဆေးခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြည်ထောင်စု အဂတိတိုက်ဖျက်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မောင်ရှိန် (ငြိမ်း) ဦးဆောင်အဖွဲ့က ဖားကန့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရဲဌာန၊ ဌာနများနှင့် ကုမ္ပဏီများကို တစ်ပတ်နီးပါးကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများသို့ ယာဉ်ယန္တရားတင်သွင်းမှုနှင့် ပတ်သက်ပြီး အကောက်အခွန်၊ စီးပွား/ကူးသန်းညွှန်ကြားရေးမှူးချုပ်နှစ်ဦးကို အငြိမ်းစားပေးခဲ့ပြီး ကချင်ပြည်နယ် အတွင်းရေးမှူးကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။

ဖားကန့်ကျောက်စိမ်းတူးဖော် ကုမ္ပဏီများသို့ ယာဉ်ယန္တရားတင်သွင်းကိစ္စနှင့် ပတ်သက်၍ အငြိမ်းစားပေးခြင်း၊ အလုပ်ထုတ်ပယ်ခြင်း ပြစ်ဒဏ်မှာ တရားမျှတမှုမရှိကြောင်း ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီခေါင်းဆောင်များက သုံးသပ်ခဲ့ကြသည်။

ယခုအချိန်တွင် ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ ၁၅၆၀ အနက် သက်တမ်းကုန် ၆၈၆ ကုမ္ပဏီကို သက်တမ်းတိုးပေးခြင်းမရှိဘဲ လုပ်ကွက်များ ပိတ်သိမ်းရန် စိစစ်နေကြောင်း သိရသည်။

Writer:
ထွန်းလင်းအောင် (မြစ်ကြီးနား)

No comments:

Post a Comment