Wednesday, November 30, 2016

အိမ်ရာနှင့်ဝေးသော ပြည်သူ၊ ပြည်သူနှင့်ဝေးသော အိမ်ရာ

စာရေးသူသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၂ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်ခန်းမ၌ ကျင်းပသော ‘မြို့ပြဝင်ငွေနည်းမိသားစုတို့၏ အိမ်ရာ နှင့် အခြေခံလိုအပ်ချက်ဆိုင်ရာ တင်ပြဆွေးနွေးပွဲ’ကို တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲဖိတ်စာကို လေးရက်ခန့် ကြိုတင်၍ အိမ်တိုင်ရာရောက် ပေးပို့ခဲ့ကြ၏။ စာရေးသူသည် မန္တလေးမြို့သို့ ခရီးသွားရောက်နေရာမှ အချိန်မီပြန်လာပြီး ၎င်းဆွေးနွေးပွဲကို မပျက်မကွက် တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အိမ်ရာမဲ့မိသားစုများ ပထမဆုံးအကြိမ် စုပေါင်း ကျင်းပသော အခမ်းအနားဖြစ်၍ ကြုံတောင့်ကြုံခဲပါဝင်ဆင်နွှဲခြင်း လည်း ဖြစ်ပါသည်။



ဆွေးနွေးပွဲကို ဦးဆောင်စီစဉ် သူမှာ ‘ပျိုမေ့အိမ်’ (Woman for the World)ဟူသော NGO အသင်းဖြစ်၏။ အိမ်ရာမဲ့မိသားစုများအား ကူညီရန်ဖွဲ့စည်းထားပြီး တစ်နိုင်တစ်ပိုင် မြေကွက်ဖော်ထုတ်ခြင်း၊ ငွေစုငွေချေးအသင်းထူထောင်၍ ချေးငွေထုတ်ပေးခြင်း၊ Com-munity Participation ဟူသော အိမ်ရာမဲ့မိသားစုဝင်များ အားလုံးပါဝင်၍ ၎င်းတို့အတွက်သင့်လျော်သော တန်ဖိုးနည်းအိမ်ပုံစံများ ရေးဆွဲခြင်း၊ နေအိမ်ဆောက်လုပ်ပေးခြင်းအပြင် အရစ်ကျချေးငွေကို ပြန်လည်ကောက်ခံခြင်းစသော Micro Financing လုပ်ငန်းများကိုပါ စနစ်တကျ ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်၏။

အမျိုးသမီးများသာပါဝင်သော အဖွဲ့လည်းဖြစ်ပါသည်။ မြောက်ဥက္ကလာပမြို့နယ် စိုက်ပျိုး ရေးခြံဟု လူသိများသော ‘ဌ’ရပ် ကွက်တွင် ၎င်းတို့၏ အောင်မြင်မှု ရရှိနေသော ဝင်ငွေနည်းပြည်သူ များအတွက် စံပြအိမ်ရာများကို သွားရောက်လေ့လာနိုင်ပါသည်။ ထိုင်း၊ ဖိလစ်ပိုင်နှင့် အိန္ဒိယ စသောနိုင်ငံများရှိ လူမှုရေးအဖွဲ့အစည်း များနှင့်ပါ ကျယ်ပြန့်စွာ ချိတ်ဆက် ဆောင်ရွက်နေကြောင်းလည်း ဝမ်း မြောက်ဖွယ်တွေ့မြင်ရ၏။ ယခုအခါ ခေါင်းလျှော်ရည်၊ ကိုယ်တိုက် ဆပ်ပြာရည်၊ ဆေးကြော/လျှော် ဖွပ်ဆပ်ပြာရည်မွှေး စသည်များကို သဘာဝအသီးအနှံများ (Organic Material)များဖြင့် စုပေါင်းထုတ် လုပ်နိုင်သော အဆင့်သို့ပင် ရောက်ရှိနေကြောင်း တွေ့ရှိရပါ သည်။ အိမ်ရာအခြေခံကုန်ထုတ် လုပ်မှု (Home-based Produc-tion)လည်းဖြစ်ကြောင်း သိရှိရ၏။

မြို့ပြဝင်ငွေနည်းမိသားစုများ၏ အိမ်ရာနှင့် အခြေခံလိုအပ်ချက်များ တင်ပြဆွေးနွေးပွဲတွင် ကျူးကျော်ရပ်ကွက်နေ ပြည်သူတို့၏ ခံစားချက်များကို သရုပ်ပြကွက် (Performance)တင်ဆက်ခြင်း၊ တေးသီချင်းများ စုပေါင်းသီဆို ခြင်း၊ သံချပ်များတိုင်ခြင်း၊ ဗိသုကာ ကျောင်းသူ၊ ကျောင်းသားများက ၎င်းတို့ရေးဆွဲထားသော ကျူးကျော်အိမ်ရာများကို ပြန်လည်နေရာချထားမည့် မြေကွက်ဖော်ထုတ်မှုပုံစံများကို တင်ပြဆွေးနွေးခြင်း၊ တန်ဖိုးနည်းသစ်သားအိမ်ရာ ပုံစံများကို တင်ပြဆွေးနွေးခြင်း၊ ကျူးကျော်ရပ်ကွက်နေ ပြည်သူတို့၏ လိုလားချက်များကို တင်ပြခြင်းစသော အစီအစဉ်များ ပါဝင်ကြောင်း တွေ့ရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျူးကျော်ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နေ ပြည်သူများ ပါဝင်တင်ဆက်ကြခြင်းဖြစ်ပါသည်။ အမျိုးသမီးများ အများဆုံးပါဝင်ပြီး ခန်းမဆောင်တစ်ခုလုံး ပြည့်လျှံနေကြောင်း တွေ့ရှိရ၏။

တင်ဆက်မှုအားလုံးသည် စနစ်တကျညီညွတ်မှုရှိခြင်း၊ နိုင်ငံရေးလှုပ်ရှားမှု ပုံစံလုံးဝမပါဝင်ခြင်း၊ တင်ပြဆွေးနွေးချက်များအား ပျော့ပျောင်းညင်သာစွာဖြင့် ထိရောက်သော ပြောစကား၊ ပြကွက်နှင့် တေးသီချင်းများကို အား ပြုတင်ဆက်ထားပုံမှာ လွန်စွာချီး ကျူးဖွယ်ကောင်းလှ၏။ စာရေးသူသည် သရုပ်ဖော်မှုများကို ကြည့်ရှုရင်း အိမ်ရာနှင့်ဝေးသော ပြည်သူတို့၏ ဘဝအကြောင်းကို အသေးစိတ်စဉ်းစားနေမိပါသည်။ သူတို့ကား ဤကမ္ဘာမြေပေါ်တွင် အမိုးအကာလုံခြုံမှု (Shelter Security) အောက်၌ အခြေချရှင်သန်ခွင့်မရရှိသော လူသားများဖြစ်၏။ သူတို့ လောက၌ တဲအိမ်၏ ကြမ်းပေါက်မှ အောက်သို့ပြုတ်ကျပြီး ရေစပ်စပ်တွင်နစ်၍ အသက်ပျောက်သွား ရှာသော ရင်သွေးငယ်၏ အလောင်းကို ဈေးအပြန်တွေ့မြင်ရသည့် မိခင်၏ ဆို့နင့်ကြေကွဲဖွယ် သတင်းကို ကြားသိခဲ့ဖူး၏။ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ဒဂုံ မြို့သစ်အရှေ့ပိုင်းတွင် ဂိုဒေါင်ကို အဖီဆွယ်ပြီး ၁၀ ပေပတ်လည်သာသာ အိမ်ကလေးအတွင်း ပြတင်းပေါက်ဘေး၌ အိပ်နေရှာသော (၅) နှစ်သမီးအား မုဒိမ်းသမားက ပြတင်းပေါက်မှ အလွယ်တကူ ပွေ့ယူသွားပြီး မုဒိမ်းကျင့်၏။ အိမ်နှင့် မလှမ်းမကမ်းတွင် သွေးသံရဲရဲ နှင့် ငိုယိုနေသော သမီးငယ်ကို မိဘများက ရှာဖွေတွေ့ရှိ၏။ မိန်းမအင်္ဂါမှ မစင်စွန့်သည့် အင်္ဂါအထိ ပေါက်ပြဲသွားသည်ကို အလူးအလဲခံစားရပြီး ဆေးရုံ၌ ခွဲစိတ်ကုသခံ နေရရှာ၏။ ဤဖြစ်စဉ်အတွက် မိဘချင်းကိုယ်ချင်းစာရင်း မျက်ရည်ပင် ကျမိပါသည်။ အိမ်ရာမဲ့ဘဝ၌ သက်ငယ်မုဒိမ်းသည် တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ခွင့်ရှိနေ၏။

ဒဂုံ(တောင်) ကျူးရပ်ကွက်၌ လက်လုပ်လက်စား အိမ်ထောင်ဦးစီးဘဝတွင် ဈေးဖိုးမှန်မှန်မပေး၍ ဇနီးက သနပ်ခါးတုံးဖြင့် ခေါင်းပေါက်အောင် အထုခံရ၏။ မိသားစုစားသောက်ရန် ဈေးဖိုး ၁,၀၀၀ သာပေး၍ မကြာခဏရန်ပွဲဆင်ကြ ၏။ တစ်နေ့တွင် စားစရာမရှိ၍ မိန်းမနှင့် ကလေးများက သူ၏ မိဘအိမ်၌ ထမင်းသွားစားရ၏။ ရှက်လွန်း၍ ထင်၏။ သူက အတူလိုက်ပါမသွားခဲ့။ ပြန်လာသော ဇနီးနှင့် မိသားစုသည် ထုပ်တန်း၌ ကြိုးဆွဲချသေဆုံးနေသော အိမ်ထောင် ဦးစီးကြီးကို ရင်နင့်ဖွယ် တွေ့ကြရ၏။ သူ၏ ခေါင်းမှ သနပ်ခါးတုံးကြောင့် ကွဲနေသောဒဏ်ရာကို သေမှပင် ဆေးရုံက ချုပ်ပေးရ၏။ သူတို့ဘဝမှာ စားရေးလုံခြုံမှု (Food Security)မရှိ၊ ရေသောက်ဗိုက်မှောက်နေရန်တွက် သောက်ရေလုံခြုံမှု (Water Security) မရှိ၊ ကျန်းမာရေးလုံခြုံမှု (Health Security) မရှိ၊ အလုပ်အကိုင် လုံခြုံမှု (Job Security) လည်းမရှိသော ဘဝဖြစ်၏။

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်း၌ ကျူးကျော်ဘဝဖြင့် တဲပုတ်အတွင်း နေထိုင်သော မိသားစုတစ်စုကိုလည်း တွေ့ဖူး၏။ ခင်ပွန်းသည် မကျန်းမာသဖြင့် ရင်သွေးငယ်ကို မိဘနေအိမ်တဲနန်းသို့ ခေတ္တပို့ထားရပြီး ဇနီးဖြစ်သူက ကြုံရာကျပန်းလုပ်ကိုင်၍ ဆေးကုပေးရှာ၏။ မြစ်ကမ်းစပ်ချုံပုတ်နှင့် ရေပုပ်များအလယ်ရှိ အိမ်စုတ်စုတ်၌ ခင်ပွန်း၏ ရောဂါမှာ ဆုတ်ယုတ်လာနေသည်ကို ကြံ့ကြံ့ခံရင်း တန်ဖိုးနည်းအငှားအိမ်ရာမှ တိုက်ခန်းရတော့မည်ဟူသော သတင်း ကြောင့် အားတက်လာကြသည်ကိုလည်း တွေ့ခဲ့မြင်ခဲ့ရ၏။ အိမ်ရာဟူသည် သူတို့ဘဝ၏ အနန္တစွမ်းအားရှင် အမှန်ပင်မဟုတ်ပါလော။

အချို့က သူတို့သည် အလုပ်ကောင်းကောင်းမလုပ်၊ သောက်သောက်စားစား လူပျင်းများဟု လွဲမှားစွာ မှတ်ယူနေကြ၏။ ဤကဲ့သို့ မြင်သည့်အထဲတွင် အုပ်ချုပ်မှုတာဝန်ကြီးကြီး ယူထားသော ပုဂ္ဂိုလ်အချို့ပင် ပါဝင်နေ၏။ အမှန်အားဖြင့် သူတို့လောကတွင် ရရာအလုပ်ကို လုပ်ကိုင်ပြီး သမ္မာအာဇီဝဖြင့် အသက်မွေးနေကြသူများမှာ အများစုဖြစ်၏။ လက်သမား၊ ပန်းရန်၊ သံချည်သံကွေး၊ ယာဉ်မောင်း၊ စက်ပြင်နှင့် စက်မှုလုပ်သားများ စသောကျွမ်းကျင် လုပ်သားများရှိသကဲ့သို့ စားပွဲထိုး၊ သန့်ရှင်းရေး၊ ကယ်ရီမောင်း၊ အုတ်သဲကျောက်ထမ်းပိုးသူများလည်း ပါဝင်၏။ ဆောက်လုပ်ရေးလုပ် သားအများဆုံးဟု သိရှိရ၏။ သူတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံရေးနှင့် စီမံခန့်ခွဲမှု အမှားများ ကြောင့် ဖြစ်ပေါ်လာသော ဝင်ငွေခွဲဝေမှုနှင့် မြေယာခွဲဝေမှု ညီမျှမှုမရှိခြင်း၏ သားကောင်များသာဖြစ်၏။ အမှန်တော့ မြို့ပြသည် နေ့စဉ်နှင့်အမျှ သူတို့၏ လုပ်အားအရင်း အနှီးများကို အမှီပြုပြီး ရှင်သန်ကြီးထွားနေရ၏။ ထို့ကြောင့် နိုင်ငံ့အစိုးရများသည် ‘သားမျက်စိမြင် ရွှေအိုးထမ်း’ဆိုသကဲ့သို့ မြို့ပြဖွံ့ဖြိုးရေးနှင့် သူတို့အတွက် အိမ်ရာများ ဖြည့်ဆည်းမှုကို ဆောင်ရွက်ပေးရခြင်းဖြစ်၏။ နိုင်ငံ၏ မြို့ပြမြေယာသယံဇာတကို မျှတစွာ ခွဲဝေသုံးစွဲ ခွင့်ပေးအပ်ခြင်းသည်လည်း ဖြစ်၏။ မြန်မာနိုင်ငံ၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၆ (ဂ) နှင့်အညီ သူတို့အားလုံး၏ လူနေမှုဘဝကို မြှင့်တင်ပေးခြင်းလည်းဖြစ်ပေသည်။

အထက်ပါဆွေးနွေးတင်ပြပွဲတွင် စိတ်ဝင်စားစရာအကောင်းဆုံးမှာ ဆင်နွှဲသူအားလုံး ဝတ်ဆင်ထားသော ငှက်ပျောညွန့်ရောင် တီရှပ်ပေါ်မှ ဆောင်ပုဒ်များဖြစ်၏။ ‘လူတိုင်း အိမ်ရာပိုင်ဆိုင်ဖို့ စု ပေါင်းအားနဲ့ ဆောင်ရွက်စို့’ ဟူသော ဆောင်ပုဒ်ကို ကျောဘက်၌  ဖော်ပြထားကြောင်း တွေ့ရှိရ၏။ မျက်နှာစာတွင် 'Housing For All' ဟူသော ဆောင်ပုဒ်ကို တွေ့ရှိရပေသည်။

၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂ၏ ဒုတိယအကြိမ် လူ နေမြို့ရွာ ညီလာခံ (Habitat II) ကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့ပြီး 'Adequate and Affordable Housing for all' ဟူ သော စကားရပ်ကို ထပ်တလဲလဲ သုံးစွဲခဲ့ကြောင်း တွေ့ရှိရ၏။ ‘အ ရည်အသွေးကောင်းမွန်ပြီး ဝင်ငွေ နှင့် လက်လှမ်းမီသော အိမ်ရာများကို ပြည်သူအားလုံးအတွက် တည်ဆောက်ရေး’ ဟူ၍ အဓိပ္ပာယ်ရရှိပါ သည်။ ထို့ကြောင့် ပြည်သူအားလုံးအတွက် အိမ်ရာဟူသည် (၁) ဝင်ငွေနှင့် လက်လှမ်းမီရမည် (၂)အ ရည်အသွေးကောင်းမွန်ရမည်ဟူသော အချက်နှစ်ရပ်ပါဝင်ရမည် ဖြစ်ပါသည်။

ဤနေရာတွင် ဧရာဝတီမြစ်ကမ်းမှ ကျူးကျော်အိမ်ရာများအတွက် ဆောက်လုပ်ထားသော မန္တလေးမြို့မှ ၁၂ ခန်းတွဲ ခြောက်ထပ်တိုက်များအား ၂၀၁၆ ခုနှစ် နိုဝင် ဘာ ၂၂ ရက်နေ့တွင် စာရေးသူ သွားရောက်လေ့လာစဉ် တွေ့ရှိရသော အချက်အချို့ကို ဆွေးနွေးဖော်ပြလို၏။ ၁၀ ပေ× ၂၀ ပေ မျှသာရှိသော အိမ်ခန်းအရွယ်အစားမှာ လွန်စွာကျဉ်းမြောင်းလွန်းလှ၏။ စုစုပေါင်း ခြောက်ခန်းစီ ကျောချင်းကပ်ပြီး ၁၂ ခန်းတွဲ ခြောက်ထပ်၊ ခြောက်လုံးပါဝင်ရာ စုစုပေါင်း ၄၃၂ ခန်းရှိ၏။ ရေ၊ မီး အစုံပါဝင်ပြီး ငှားရမ်းခ တစ်လလျှင် ကျပ် ၃၀,၀၀၀ သတ်မှတ်ကြောင်း တွေ့ရှိရပါသည်။

‘‘ကျွန်မတို့ ထုံးစံအရ ဘုရားစင်ကို တောင်ဘက်မှာထားပြီး တောင်ဘက်ကို ခေါင်းပြုရပါတယ်။ ယခုတော့ တောင်ဘက်မှာ ခြေကျော်ဝင်ပေါက်တံခါး တပ်ဆင်ထားတော့ ဖိနပ်ချွတ်နဲ့ ဘုရားစင်၊ ပြီးတော့ အိမ်သာဝင်ပေါက်ပါ တစ်တန်းတည်းဖြစ်နေတယ်။ နေရတာ လုံးဝအဆင်မပြေပါဘူး။ ခြောက်ခန်းတွဲမှာ သုံးခန်းက မြောက်ဘက်မှာ ခြေကျော်ဝင် ပေါက်ထားပြီး သုံးခန်းက တောင်ဘက်မှာ ဝင်ပေါက်တံခါးရှိတော့ နှစ်မျိုးကွဲနေပြန်ပါတယ်’’ဟု ဒေါ်တင် (အမည်ပြောင်း)က ရှင်း ပြရှာပါသည်။ ဤသည်မှာ တန်ဖိုးနည်း အငှားအိမ်ရာတွင် နေထိုင်မည့် ပြည်သူတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်မှု (Lack of attention to the cultural dimensions)ဟု ဆိုရမည်ဖြစ်၏။ အဆိုးရွားဆုံးမှာ မီးဖိုနေရာလုံးဝ မပါရှိခြင်းဖြစ်၏။ နေ့စဉ် ထမင်းဟင်းကို အိမ်တွင်း၌ မည်သို့ချက်ပြုတ်မည်နည်းဟု ထည့်သွင်းစဉ်းစားခဲ့ပုံမရသည်မှာ အလွန်ထူးဆန်းလှ၏။ ဤအိမ်ခန်းမျိုးကို မြန်မာပြည်၌သာရှိသည်ဟု ဆိုရမည်ဖြစ်၏။ ဤသို့ ချို့ယွင်းချက်သည် အိမ်ရှင်မများအပေါ် နေ့စဉ်ဖိအားကြီးမားစွာ သက်ရောက်စေခဲ့၏။ ၎င်းကို Non-gender Sensitive Design ဟုလည်း မြို့ပြ ဖွံ့ဖြိုးရေးပညာရှင်များက ခေါ်ဆိုကြကြောင်း တွေ့ရှိရ၏။ အိမ်ရှင်မတို့အပေါ် လျစ်လျူရှုသော သဘောထားအမြင်ရှိမှုဟု ဆိုနိုင်၏။ တိုက်ခန်းအချို့၏ ရေချိုးခန်းအပေါ် တည့်တည့်မှ ရေစိမ့်ခြင်းကို ခံစားနေရသူများလည်း ရှိ၏။ လေးထပ် ရှိ အိပ်ခန်းတစ်ခန်းမှ မိသားစုအတွင်း ပူလောင်လွန်း၍ မနေနိုင်ရှာသော အသက် (၉၅)နှစ်အရွယ် အဘွားအိုအား မူလအတိုင်း လမ်းဘေး၌ တဲထိုးပေးပြီး နေကြရရှာသည်ကိုလည်း တွေ့ရှိရပြန်၏။ ပင်မတိုက်အဝင်လမ်းမကို မြေသားနှင့် သဲဖို့ထားကြပြန်သည်လည်း ရှိ၏။

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလတန်ဖိုးနည်းအိမ်ရာသည် အိမ်ခန်းအကျယ်စတုရန်းပေ ၆၀၀ ခန့်ရှိပြီး အိမ်ခန်းငှားရမ်းခကို တစ်လလျှင် ကျပ် ၃၀,၀၀၀ ဖြင့်ပင် သတ်မှတ်ခဲ့ကြ၏။ ဤနှုန်းအတိုင်းဆိုလျှင် မန္တလေးမြို့ မြစ်ဧရာကမ်းဘေးမှ အိမ်ခန်းများ၏ ငှားရမ်းခသည် ကျပ် ၁၀,၀၀၀ ထက် မပိုသင့်ပေ။ နိုင်ငံတော်အတွင်း ဝင်ငွေနည်း ပြည်သူများအတွက် အိမ်ငှားရမ်းခ သတ်မှတ်ကြရာတွင် အခြေခံရမည့်အချက်များ တစ်ပြေးတည်းရှိ သင့်ပါသည်။ အထက်ပါအတိုင်း ရန်ကုန်၌ အိမ်ငှားရမ်းခမှာ ပိုမိုဈေးသက်သာပါသော်လည်း အရည်အသွေးကို ဆန်းစစ်လျှင် အိမ်ခန်းများ၏ တံခါးများမှာ ပိတ်မရသည်ကများနေကြောင်း တွေ့ရှိနိုင်၏။တိုက်များအားလုံး ကြိမ်ဒဏ်သင့် သည့် ခန္ဓာကိုယ်ပမာ ဖူးရောင်ကြွတက်နေ၏။ လက်ရာအလွန်ညံ့ ဖျင်း၏။ အရည်အသွေးကို လုံးဝ ဦးစားပေး စဉ်းစားပုံမရဟုပင် ပြောချင်၏။ Apron များ အားလုံးနီးပါးအက်ကွဲနေ၏။ အဆိုးရွားဆုံးမှာ တိုက်ခန်းအားလုံး၏ မျက်နှာစာ လမ်းမအလယ်တည့်တည့်၌ ဓာတ်တိုင်များ စိုက်ထူထားရာ ဝင်ရထွက်ရမလွယ်ကူသည့်အပြင် ဓာတ်ကြိုးများပြတ်ကျလျှင် ဓာတ်လိုက်မည့် အန္တရာယ်ကို အစဉ်အမြဲဖိတ်ခေါ်နေကြောင်း တွေ့ရှိရ၏။

အင်္ဂလိပ်လူမျိုး ‘အိမ်ရာ ဒဿနပညာရှင် (Housing Philo-sopher)ဖြစ်သော John.F.C Turner အမည်ရှိ ပုဂ္ဂိုလ်ကြီး၏ 'Housing by people' ဟူသော စာအုပ်သည် ကမ္ဘာကျော်ခဲ့၏။ ကျူးကျော်ရပ်ကွက်ရှိ ပြည်သူများ ကို အိမ်ရာနှင့်နီးအောင် ဖန်တီးပေးကြရာမှ အိမ်ရာနှင့်ဝေးသော ဘဝကို ပြည်သူများ ခံစားကြရပုံများအား အလေးအနက်ဖော်ပြ ဆွေးနွေးထား၏။ သူတို့အတွက် အိမ်ရာများ အမှန်တကယ် ဖြစ်ထွန်းလာစေရန် သူတို့ကိုယ်တိုင် ပါဝင်ဖန်တီးခွင့်ပေးအပ်သင့်ကြောင်းလည်း ရေးသားထား၏။ မှန်ပါသည်။ ကိုယ်တိုင်ပါဝင်ဖန်တီးခွင့် မပေးနိုင်သေးသည့်တိုင်အောင် သူတို့အတွက် အရည်အသွေးမီသော အိမ်ရာများကို ဖန်တီးပေးသင့်၏။ သူတို့၏ လိုအပ်ချက် နှင့် ဆန္ဒသဘောထားကို အသေးစိတ်လေ့လာပြီး ဖြည့်ဆည်းပေး ကြရန် အလေးအနက်စဉ်းစားသင့်၏။  သို့မဟုတ်ပါက ဝင်ငွေနည်း ပြည်သူတို့အတွက် အိမ်ရာဟူသည် အရည်အသွေးအရ ပြည်သူတို့နှင့် အဝေးဆုံးသော အိမ်ရာများ ဖြစ်လာမည်သာတည်း။    မြင့်မိုရ်ဆွေ

No comments:

Post a Comment