Wednesday, November 23, 2016

အမျိုးသားကျောင်းများကို လွမ်းမိသည်

ပညာရေးနှင့် ပတ်သက်၍ စဉ်းစားတိုင်း အထူးတလည် ကျွန်တော်သတိရမိသည်မှာ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသား သပိတ်အပြီး တစ်နိုင်ငံလုံးမှာ အမျိုးသားကျောင်းများ တည်ထောင်ခဲ့ကြသည့် သပိတ်မှောက်ကျောင်းသားေ ခါင်းဆောင်များပဲဖြစ်သည်။ သူတို့၏ အနစ်နာခံမှု၊ တိုင်းပြည်အပေါ် စေတနာထားမှု၊ ပညာရေးနှင့် ပတ်သက်၍ အမြော်အမြင်ကြီးမှုတို့ကြောင့် နယ်ချဲ့တို့၏ အုပ်ချုပ်ရေး ယန္တရားတွင် အသုံးချရန်ရည်ရွယ် သင်ကြားပေးခဲ့သော ကျွန်ပညာရေးစနစ် ချုပ်ငြိမ်းကာလွတ်လပ်ရေးတိုက်ပွဲတွင် လူထုကို မှန်ကန်သော ဦးဆောင်မှုပေးမည့် ဗိုလ်ချုပ် အောင်ဆန်းလို ခေါင်းဆောင်မျိုး မွေးထုတ်ပေးနိုင်သည့် ပညာရေး စနစ်တစ်ခု ဖြစ်တည်လာခဲ့သည်။ ထိုစဉ်က အမျိုးသားပညာ ရေးအဖွဲ့ချုပ်၏ ပညာရေးရည် မှန်းချက်များကို ကြည့်လျှင် ထို ခေတ် မြန်မာများ ပညာရေးနှင့် ပတ်သက်၍ ခေတ်နှင့်အမီ ရင်ပေါင်တန်းနိုင်ရန် မည်မျှမျှော်မှန်း ခဲ့ကြကြောင်း တွေ့နိုင်သည်။ ထို ပညာရေး ရည်မှန်းချက်များကို အမျိုးသားပညာဝန် ဦးဖိုးကျားက အောက်ပါအတိုင်း မှတ်တမ်းတင် ခဲ့၏။



(က) ကျန်းမာခြင်း၊ ကိုယ် လက်ထွားကျိုင်းသန်စွမ်းလျင်မြန် သွက်လက်ခြင်း၊ ကစားခုန်စား၊ အပြေးအလွှား၊ လက်ဝှေ့၊ နပန်း၊ ဓားခုတ်၊ သေနတ်ပစ်၊ အမြောက် ပစ် စသည်တို့၏ ကျွမ်းကျင်ခြင်း စသော လက်ရုံးရည်။

(ခ) စာပေကျမ်းဂန်အရပ် ရပ်တတ်ခြင်း၊ နှုတ်မှု၊ လက်မှု၊ စက်မှု စသော အသက်မွေးဝမ်း ကျောင်းပညာတို့ကို လုံလောက် စွာ တတ်ခြင်းဟူသော ပညာရည်။

(ဂ) ရိုးသားဖြောင့်မတ်တည် ကြည်၊ အကျင့်စာရိတ္တကောင်း ခြင်း၊ စိတ်ထားမြင့်မြတ်၍ သူတစ် ပါးအကျိုး၊ ကိုယ့်အကျိုး၊ လော ကီ လောကုတ္တရာ အကျိုးတို့ကို ဆောင်ရွက်ခြင်း၊ စိတ်နေစိတ် ထား ယဉ်ကျေး၍ မှန်ရာကို ကြံဝံ့
  ပြုဝံ့သော သတ္တိရှိခြင်း၊ မှန်ရာ ကောင်းရာကို ပြုလုပ်ရာ၌ ဇွဲရှိ ခြင်း၊ မတရားမှုကို ရွံရှာ၍ တိုင်း ပြည်နှင့်လူအများကို ညာမတုတ် လိုသော စိတ်ကောင်းစိတ်မြတ် ရှိခြင်း စသော နှလုံးရည်။

ဤအရည်(၃)ပါး ပေးစွမ်း နိုင်သော ပညာမျိုးမှ ‘ပညာ’ခေါ် ရသည်။ ဤပညာမျိုးမှသာ အမျိုး ဘာသာ၊ သာသနာ၊ ဥစ္စာကြီးပွား တိုးတက်ရေးကို ပေးစွမ်းလေ သည်ဟု ဖော်ပြထားသည်ကို တွေ့ရ၏။

တိုင်းပြည်၏ ပညာရေးစနစ် ပြောင်းလဲစေခဲ့သော အမျိုးသား ကျောင်းများ ပေါ်ပေါက်လာစေ သည့် ပထမကျောင်းသားသပိတ် ကြီး ဖြစ်ခဲ့သည်မှာ လာမည့် တန် ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့ ဆိုလျှင် (၉၆)နှစ်ပြည့်ခဲ့ပြီဖြစ် သည်။ တစ်ပြိုင်နက်မှာပဲ ရန်ကုန် တက္ကသိုလ်ကြီး၏ သက်တမ်းမှာ လည်း (၉၆)နှစ်ရှိခဲ့လေပြီ။ ပညာ ရေးကို အကြောင်းပြု သပိတ် မှောက်ခဲ့သည့်နေ့ကို ရွေးချယ် သတ်မှတ်ခဲ့သည့် အမျိုးသားနေ့ မှာလည်း (၉၆)နှစ် သက်တမ်းသို့
ရောက်ခဲ့လေပြီ။ ဤ (၉၆)နှစ်တာ ကာလအတွင်း မြန်မာ့ ပညာရေး သည် အမျိုးအမျိုး အဖုံဖုံ ပြောင်း လဲခဲ့၏။

 အမျိုးသားကျောင်းများ နိုင်ငံနှင့်အဝန်းမှာ တည်ထောင်ခဲ့ သည့် ၁၉၂၀ ပြည့်နောက်ပိုင်းတွင် မြန်မာ့ပညာရေးက နှစ်လမ်းသွား ဖြစ်ခဲ့သည်။ အမျိုးသားပညာရေး အဖွဲ့ချုပ်လက်အောက်ခံ အမျိုး သားကျောင်းပညာရေးနှင့် အစိုးရ ပညာဌာနလက်အောက်ခံ အစိုးရ ကျောင်းပညာရေးတို့ဖြစ်သည်။ ပညာရေးပြိုင်ကွင်းတွင် အမျိုး သားကျောင်းနှင့် အစိုးရကျောင်း အပြိုင်ဖြစ်ခဲ့၍ ဗိုလ်ချုပ်အောင် ဆန်းတို့၊ ဦးနုတို့၊ ဦးသန့်တို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ ဆရာ ဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာ သိပ္ပံမောင်ဝတို့လို စာပေပညာရှင် တွေ ထိုပညာရေးစနစ်ထဲမှ ထွက် ပေါ်ခဲ့သည်။ ထိုစဉ်က အစိုးရ အထောက်အပံ့ခံ အမျိုးသား ကျောင်းများ၏ အခန်းကဏ္ဍသည် မြန်မာ့ပညာရေးတွင် အဓိကကျ သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည် မှာ မည်သူမျှ မငြင်းနိုင်ပေ။ သို့ သော် ဤနှစ်လမ်းသွား ပညာရေး သည်  ဒုတိယကမ္ဘာစစ်တွင် ရပ်တန့် သွားခဲ့ရသည်။

 ဒုတိယ ကမ္ဘာစစ်အပြီး (၁၉၄၅)နောက်ပိုင်းတွင် အ ထောက်အပံ့ စနစ်ကို ပယ်ဖျက် ကာ နိုင်ငံတော် ကျောင်းများ၌ အသုံးပြုသည့် သင်ရိုးကို လိုက်နာ ၍ နိုင်ငံတော်က သတ်မှတ်ထား သည့် အရည်အချင်းနှင့် ပြည့်စုံသည့် ဆရာများ သင်ကြားသော၊ နိုင်ငံတော်က ချမှတ်သော စည်း မျဉ်း၊ စည်းကမ်းနှင့် ညီညွတ်သည့် ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများကို အစိုးရကျောင်း များနှင့်အပြိုင် တည်ထောင်ရပ် တည်ခွင့်ပြုခဲ့သည်။ ယင်းကျောင်း များတွင် သာသနာပြုကျောင်း များ၊ စစ်ကြီးပြီးနောက် ပြန်လည် ဖွင့်လှစ်သော အမျိုးသားကျောင်း များ ပါဝင်ခဲ့သည်။ ထိုစဉ်က ဖွင့် လှစ်ခဲ့သော ကိုယ်ပိုင်ကျောင်း များ၊ ပုဂ္ဂလိကကျောင်းများသည် လူချမ်းသာတို့၏ သားသမီးများသာ တက်နိုင်သည်မဟုတ်ဘဲ လူ တန်းစားမရွေး တက်နိုင်ခဲ့ကြ သဖြင့် နိုင်ငံ၏ ပညာရေးအတွက် အမျိုးသားကျောင်းများကဲ့သို့ပင် အထောက်အကူဖြစ်ခဲ့သည်။

ထိုသို့ ပုဂ္ဂလိကကျောင်းများ နှင့် အစိုးရကျောင်းများ အပြိုင် ဖြစ်ခဲ့သည့် ပညာရေးမှာလည်း ၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းမှုနှင့်အတူ ချုပ်ငြိမ်း ခဲ့ရသည်။ ထိုစဉ်က ကိုယ်ပိုင် ကျောင်းပညာရေး မည်မျှအား
ကောင်းခဲ့သနည်းဟူမူ အာဏာ သိမ်းအပြီး ၁၉၆၅ခု ဧပြီ ၁ ရက် နေ့၌ ပထမအသုတ်အဖြစ် ကိုယ် ပိုင်အထက်တန်းကျောင်း ၁၀၂ ကျောင်းနှင့် အလယ်တန်းကျောင်း ၂၇ ကျောင်း စုစုပေါင်း ၁၂၉ ကျောင်းကို လည်းကောင်း၊
၁၉၆၆ ခု ဧပြီ ၅ ရက်တွင် ဒုတိယအသုတ်အဖြစ် ကိုယ်ပိုင်အထက်တန်းကျောင်း ၈၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၀၉ ကျောင်း၊မူလတန်းကျောင်း ၄၉၃ ကျောင်း၊ စုစုပေါင်း ၆၈၅ ကျောင်းကိုလည်းကောင်း ပြည်သူပိုင်
သိမ်းခဲ့သည်။ ဤနည်းဖြင့် ကျွန်တော်တို့ နိုင်ငံတွင် ကိုယ်ပိုင်ကျောင်းများ ရပ်စဲသွားကာ ပညာရေးတွင် အစိုးရကျောင်းများသာ  တစ်ကောင်တည်းပြေးသည့် မြင်းသဖွယ် ဖြစ်ခဲ့လေသည်။

ထိုမှ ၂၀၁၂ တွင် ကိုယ်ပိုင် ကျောင်းများဥပဒေ ထွက်ပေါ်လာ ရာ မြို့ကြီးပြကြီးများ၌ ယခင်က တည်းက နာမည်ရှိပြီးသား ဘော် ဒါကြီးများမှာ ကိုယ်ပိုင်အထက် တန်းကျောင်းများ ဖြစ်လာကြ သည်။ နှစ်ပေါင်း ၅၀ ကျော် ကိုယ် ပိုင်ကျောင်းပညာရေးနှင့် အဆက်ပြတ်နေသော မိဘများမှာ သားသမီးများ၏ ပညာရေးအတွက် ရွေးချယ်စရာ အခွင့်အလမ်းများ ပွင့်သွားခဲ့ကြသည်။ ငွေကြေး ချမ်းသာသူ မိဘများ၏ သူတို့၏ သားသမီးများကို အစိုးရကျောင်း များမှထုတ်ကာ ကိုယ်ပိုင်ကျောင်း များဆီ ပို့ကြသည်။ အထူးသဖြင့် နယ်မြို့များမှ လူချမ်းသာမိဘ များက နယ်အစိုးရကျောင်းများ တွင် ထားလျှင်လည်း ကျူရှင် မလွတ်၊ Guide မလွတ်နှင့် ကလေးပင်ပန်းသည်ဟုဆိုကာ ရှစ်တန်း၊
ကိုးတန်းကတည်းက မြို့ကြီးပြကြီးမှ ကိုယ်ပိုင်ကျောင်းများဆီ ပို့လိုက်ကြသည်။

အစိုးရကျောင်းများကိုချည်း အားကိုးနေကြရရာမှ ကိုယ်ပိုင် ကျောင်းများ ပေါ်လာသည့်အ တွက် ပညာရေးတွင် အပြိုင်ဖြစ် လာသည်မှာ ကိစ္စကောင်းဟုဆို နိုင်ပါသည်။ သို့သော် ယခုပေါ် ထွက်လာသော ကိုယ်ပိုင်ကျောင်း များသည် ကိုလိုနီခေတ်တွင် ပေါ် ပေါက်ခဲ့သော အမျိုးသားကျောင်း များလို၊ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်ခဲ့သော ကိုယ်ပိုင် ကျောင်းများလို လူတိုင်းလက် လှမ်းမီသော ကိုယ်ပိုင်ကျောင်း များမဟုတ်ပေ။ ကိုးတန်း၊ ဆယ် တန်းကျောင်းသားတစ်ယောက် အတွက် တစ်နှစ်စာ ပေးသွင်းရ သော ကျောင်းစရိတ်မှာ ကျပ်သိန်း ၃၀ အထက်ရှိလေသည်။ ကျောင်း သား၏ အပြင်ဗာဟီရ သုံးတာစွဲ တာပါ ထည့်တွက်လျှင် ကိုယ်ပိုင် ကျောင်းမှာ ထားနိုင်ဖို့ ကလေး တစ်ယောက်အတွက် အနည်းဆုံး ကျပ်သိန်း ၄၀ အထက်မှာ ကုန်ပါ လိမ့်မည်။

ထို့အပြင် ကိုယ်ပိုင်ကျောင်း အများစု၏ သင်ကြားရေးပုံစံမှာ အလွတ်ကျက်၊ ပြန်ရေးသည့်စနစ် ဖြစ်ကြောင်း ထိုကျောင်းများတွင် တက်ခဲ့ကြသည့် ကလေးအချို့ထံမှ သိရသည်။ စာတစ်ပုဒ်ကို အလွတ်မရမချင်း ကျက်ခိုင်းသည့် အတွက် ဒဏ်မခံနိုင်သည့်ကလေး များ ပြန်ပြေးကြသည်။ ကျက်အားကောင်း၍ မှတ်ဉာဏ်ကောင်း သည့် ကလေးများကတော့ ဂုဏ် ထူးတွေ တသီကြီးနှင့် အောင်ကြ သည်။ အမြင့်ဆုံး အမှတ်တွေ ရကြသည်။ နိုင်ငံ၏ လက်ရှိ ပညာ ရေးစနစ်အရလည်း တက္ကသိုလ် ဝင်တန်းတွင် အမှတ်ကောင်းသူ တို့ လိုင်းကောင်းကောင်းရနေကြ ပေရာ ဘာသာရပ်တစ်ခုကို နား လည်တတ် မြောက်ဖို့ထက် အ မှတ်များများရဖို့က ပိုအရေးကြီး နေပေသည်။ သို့ဖြစ်ရာ ကိုယ်ပိုင် ကျောင်းတွေမှာ အပြင်းအထန် ဖိ အားပေးမောင်းနှင်ကာ အမှတ် များများရအောင် လုပ်ပေးသည့် နည်းကို မိဘများကလည်း သ ဘောကျ နှစ်ခြိုက်နေကြပေသည်။ ကိုယ်ပိုင်ကျောင်းများကလည်း သူတို့ကျောင်းအောင် ချက်ကောင်းလေ ဂုဏ်ထူးရသူများလေနောက်တစ်နှစ် ကျောင်းသားများလေဆိုတော့ မိဘများအကြိုက်အစွမ်းကုန်မောင်းလေတော့သည်။သည်လိုနှင့် ကိုယ်ပိုင်ကျောင်းများ တစ်ဖန်ပြန်လည် နိုးထလာခြင်းသည် လူနည်းစု လူချမ်းသာ မိဘများအတွက်သာသူတို့၏ သားသမီးများကို ဓနအင်အားဖြင့် တွန်းတင်ပေးရာ သီးခြားဝန်းကျင်တစ်ခု ဖြစ်လာခဲ့သည်။

နိုင်ငံအနှံ့က အခြေခံပညာ ကျောင်းတွေမှာတော့ ပညာသင် စရိတ် ခေါင်ခိုက်နေသည့် ကိုယ် ပိုင်ကျောင်းများကို လက်လှမ်းမမီ နိုင်သော ကျောင်းသားအများစု ပညာ သင်ကြားနေကြသည်။ သူ တို့တွေကကော ဘာများထူး
သနည်း။ ကိုယ်ပိုင် ကျောင်းများ လောက် ကုန်ကျစရိတ်မများ သော်လည်း အစိုးရကျောင်းတစ်ခု တည်းဖြင့် သင်ကြားမှု မပြည့်စုံ သည့်အတွက် အပြင်ကျူရှင်တွေ မှာ တက်ကြရသည်။ တက္ကသိုလ် ဝင်တန်း ကျောင်းသား တယောက် အတွက် ပျမ်းမျှ ကျူရှင်စရိတ် တစ်လ ကျပ်ငါးသောင်း ရှိသဖြင့် တစ်နှစ်စာ ကုန်ကျစရိတ် ကျပ်ငါးသိန်းအထက် ရှိလေသည်။ သည်ငွေပမာဏသည် လူချမ်းသာတို့အတွက် မထောင်းတာသော်လည်း ဝန်ထမ်းငယ်များ၊ သာမန် လက်လုပ်လက်စားများအတွက် တနင့်တပိုးပင်ဖြစ်သည်။

ထိုသို့သော အစိုးရကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် နှစ်စဉ် ဂုဏ်ထူးရှင်ပေါင်းများစွာ ထွက်ပေါ်နေသည်။ ထို့အတူ တက္ကသိုလ်ဝင်ခွင့် အမှတ်များကလည်း တစ်နှစ်ထက်တစ်နှစ်
ကြောက်ခမန်းလိလိမြင့်တက် လျက်ရှိသည်။ ရေကြောင်းတက္က သိုလ်၊ ဆေးတက္ကသိုလ်၊ ရန်ကုန် နှင့် မန္တလေး နည်းပညာတက္က သိုလ် စသည့် တက္ကသိုလ်များ၏ ဝင်ခွင့်အမှတ်တွေက ပျမ်းမျှတစ် ဘာသာ ၈၅  မှတ်လောက်
  ဖြစ်နေ သည်။ ပညာသင်စရိတ်တွေ ကြီး မြင့်သလို အသက်မွေးမှု သေချာ သည့် တက္ကသိုလ်များ၏ ဝင်ခွင့် အမှတ်ကလည်း ကြီးမြင့်လှပေရာ ပညာသင်ကြားရေး၏ အဓိက ဦး တည်ချက်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်များများ ရရေး ဖြစ်နေပေသည်။

၁၉၂၀ ပြည့် ပထမကျောင်း သားသပိတ်အပြီး တည်ထောင်ခဲ့ သော အမျိုးသားကျောင်းများတွင် အစိုးရအထောက်အပံ့မရသော ရှေ့ပိုင်း သုံးနှစ်လောက်၌ ဆရာ တွေကလည်း လစာအဖြစ် တတ် နိုင်သည့် ကျောင်းသားက
ပေးသော ငွေကြေးအနည်းငယ်နှင့် အုန်းသီး၊ ငှက်ပျောသီး၊ ဆန် စသည်တို့သာ ရကြသည်။ အရပ် ကလည်း တတ်နိုင်သမျှ ဝိုင်းဝန်း ထောက်ပံ့ကြကာ အမျိုးသားစိတ် ဖြင့် တည်ထောင်ခဲ့ကြသဖြင့် သူ့ ခေတ်နှင့်သူ အဆင်ပြေ ခဲ့ကြ သည်။

 နောက်ပိုင်းတွင် အစိုးရ အထောက်အပံ့ခံ ကျောင်းများ အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြ သည်။ ထိုကျောင်းများတွင် သူ ဌေးသား၊ ဆင်းရဲသား တန်းတူ တက်ခွင့်ရခဲ့ကြသည်။ နိုင်ငံ အ တွက် အဖိုးတန်သော နိုင်ငံရေး သမားတွေ၊ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ ထိုကျောင်း များမှ ပေါ်ထွက်ခဲ့သည်။

ယခုလက်ရှိ အစိုးရကျောင်း တွေ၊ ကိုယ်ပိုင်ကျောင်းတွေက ကော နိုင်ငံအတွက် မည်သည့် ပညာရှင်တွေ ပေါ်ထွက်လာလေ မလဲ။ ကျွန်တော် စဉ်းစားရင်း (၉၆)ကြိမ်မြောက် အမျိုးသားနေ့ မှာ အမျိုးသားကျောင်းများကို လွမ်းနေ မိပါသည်။  မင်းသန်းထိုက်(ဒေးဒရဲ) ။

ကိုးကား - အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှု သမိုင်းအကျဉ်း (လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၊ ၁၉၇၀ နိုဝင်ဘာ)

No comments:

Post a Comment