Monday, November 28, 2016

ဝါးတားတား လမ်းမများ

'' ဖဝါးမှာဗွေ ထင်ရာ'လေ'မည် ပြည်နှင်ဒဏ်သာ ခတ်လှည့်ပါ ''
အနှီကဗျာကလေးကိုသာ ရုတ်တရက် သတိရမိပြန်ပါ၏။ ခြေဖဝါးမှာ ဗွေများလေသည့် ကျွန်ုပ် ဆာသော်ဒိုးကား 'မြစ်ကြီးနား'ကချင်မြေမှ ပြည်ရောက်တာနှင့် 'ပြည်'ကောလိပ်၏ ဆရာကန်တော့ပွဲကို တန်းလစ်။ အဲဒီ ကနေ ရန်ကုန်ပြန်ရောက်ပြီးတာနှင့် တစ်ပြိုင်နက် ယခုအခါ 'အာရှလမ်းမကြီး'ပေါ် ရောက်တော်မူရပြန်ပါ လေပြီ။ 'ရိုက်ကူးရေး'တစ်ခုအတွက် DVB Team နှင့်အတူတကွ 'မြဝတီ'ကရင် မြေသို့ လှမ်းကြွနေ ရခြင်း ဖြစ်ပါလေ၏။ 'လွင်မိုး'အစား 'ဆာသော်ဒိုး'ခရီးသွားနေ ပါသည် ခင်ဗျာ။ မြန်မာပြည်အနှံ့ ခရီးဆန့်တော်မူပါသည် ခင်ဗျာ။ သွားပါများ ခရီးရောက်သကဲ့သို့ သွားပါများ ဖိနပ် ပေါက်တာလည်း အကြိမ်ကြိမ်ပါ။



အခုလည်း မြို့တော်ရန်ကုန် ဗိုလ်တထောင်အရပ် 'Orchid' ဟိုတယ်မှနေ၍ စတင်ထွက်ခွာခဲ့သည့် ကျွန်ုပ်တို့၏ အဝေးပြေး အဲကွန်းအေးစက်လွန်းလှသည့် ဘတ်စ်ကြီးမှာ ည ၇ နာရီခွဲတိတိတွင် စ၍ထွက်လာခဲ့ပါ၏။ ရန်ကုန်မှ လှည်းကူး၊ ပဲခူးမှ ဘီးလင်း၊ ထိုမှ သထုံဟူသည့် မွန်ဒေသတွေကို ဖြတ်ကျော်ခဲ့ကာ ဘားအံ၊ ကျုံဒိုး ကရင်မြေတွေကို ညလုံးပေါက် ကျော်ဖြတ်ခဲ့ပါ၏။ ရန်ကုန်မှ ကျုံဒိုးအထိ လမ်းခရီးကား 'ဝါးတားဂိတ်'များ စွာနှင့် 'အညံ့စား'လမ်းမဟာများသာပါပေ။ 'ဝါးတားဂိတ်အရေးတော်ပုံ'ကား မြန်မာပြည်မှာ အမြစ်တွယ်နေဆဲ ဖြစ်ပါ၏။ ဤကဲ့သို့ 'လမ်းအသုံးပြုခ'ကောက်ခံခြင်းမှာ 'သဘာဝ'ပါပေ။ ဤလမ်း ဤမြေတွေကို အသုံးပြု သူတွေ အဆင်ပြေစေဖို့ရာအတွက် 'အခ'ကောက်ခံကာ 'ပြင်ဆင်'ရမှာ ဖြစ်ပါ၏။ လမ်း ကောင်းပါမှ ခရီးတွင်မည် မဟုတ်ပါလော။ 'ယာဉ်'ကောင်းသော်ငြား လမ်းကား'ဆိုး' လျှင် အချိန်ကုန်ကာ လူပင်ပန်းစိတ်နွမ်း ခရီးလမ်းများသာ ဖြစ်ပါပေလိမ့်မည်။ သို့ ပေမယ့် အနှီး'ဝါးတားဂိတ်' ခနောနီခနော် နဲ့များမှာ 'လူအုပ်စု'တွေနှင့် ဝိုင်းဝန်း ကောက်ခံနေသော်ငြားလည်း 'လမ်း'များ ကား ကျဉ်းမြောင်းကာ 'ညံ့'လွန်းပါပေ၏။ ဤကောက် ခံငွေတွေကို ဘယ်နေရာတွေ မှာ 'အသုံးပြု'နေပါသနည်းဟုလည်း မမေးရဲပါ ခင်ဗျာ။




အနှီ 'ဝါးတားတား'ဂိတ်များ ဂိတ်များ ဂိတ်များကို အမျှင်မပြတ် ဖြတ် ကျော်ကာ တစ်ဂိတ်တစ်ခါ တစ်ရွာဝေပုံကျ လမ်းအသုံးပြုခများ ပေးဆက်နေရသည်ကို မြင်နေရင်း ပြီးခဲ့သည့်ရက်က ကျိုက်ထီးရိုး စေတီတော်၏ တစ်လစာ အလှူခံပုံးများ ဖွင့်ဖောက်တာကိုသွားပြီး သတိရမိပါလေ၏။ တစ်လအတွင်း အလှူ ငွေ 'သိန်းလေးရာ'ကျော်ကျော်ရကာ ယခင် ခေတ်အဆက်ဆက်က တစ်နှစ်စာရရှိသည့် အလှူငွေထက်တောင်မှ 'ပို'များ နေ တာ တွေ့ရပါသည်တဲ့ခင်ဗျ။ 'အံ့သြကုန်နိုင်ဖွယ် ကဲ မယုံချင်နေ'ပါလားဗျာ။ လူတွေ လူတွေ..ဘုရားအတွက် အလှူ ငွေကိုတောင်မှ 'စား' ရဲကြပါပေ့။ ရန်ကုန်-မြဝတီ ခရီးစဉ်တစ် လျှောက် ဤကဲ့သို့ မြို့ဝင်ကြေးဂိတ်၊ မြို့ ထွက်ကြေးဂိတ်ပေါင်းများစွာကို ဖြတ်သန်း လာခဲ့ရပေရာ ဒါသည်ကား အခြားအခြား သော မြို့ရွာ၊ ပြည်နယ်နှင့် တိုင်းပေါင်းစုံက အတိုင်းပါပေ။



သို့ပေမယ့် တစ်မူမတူ ထူးခြားတာကား မြို့တစ်မြို့ရောက်သည့်အခါ ကျွန်ုပ်တို့၏ စင်းလုံးငှားဘတ်စ်ကြီး ပေါ်သို့ တာဝန်ရှိသူ 'လဝက'များ တက်လာကာ စစ်ဆေးသမှုပြုပါ၏။ ရဲကိုကို ကြီးများလည်း ပါဝင်ကာ မှတ်ပုံတင် ဘာညာ စစ်ဆေးပါ၏။ အားလုံးအဆင်ပြေ၍ ကားထွက်မည်ပြုသည့်အခါ ကားရှေ့မှတစ်ဦးသောသူသည် ပိတ်၍ 'အလုပ်သမားခ'ဟုဆိုကာ 'နှစ်ထောင်'တောင်း နေတာ တွေ့ရပါလေ၏။ 'မည်သည့် အလုပ်သမားခ' လည်းတော့ မသိပါ။  နောက်ထပ် 'မတူကွဲပြားခြားနား'တာကား ဤသို့ဖြစ်ပါ၏။ ကော့ကရိတ်နှင့် မြဝတီသို့ မရောက်ခင် ယခုန 'လမ်းညံ့'ဂိတ်ဆုံးမြို့မှာ 'ဝါးတားဂိတ်' ရှိ နေပါလေ၏။ တစ်ခုတည်းမဟုတ်ပါ။ တံစက် မြိတ်ချင်းဆက်ကာ 'သုံးဂိတ်'တိတိ ဖြစ်ပါလေ၏ ခင်ဗျာ။ အံ့သြစရာပါပေ။ ကျွန်ုပ်တို့လည်း တစ်လျှောက်လုံး ခရီးလမ်းအခြေအနေကို 'မှတ်တမ်းတင်'ဓာတ်ပုံ ရိုက်ယူလာခဲ့ကြပေရာ အနှီဂိတ်အ ရောက်မှာလည်း ဆက် လက်ရိုက်ကူးနေတာပေါ့ ခင်ဗျာ။


'ဟာ..ဟိုမှာ..ဟိုမှာ..ကားပေါ်ကနေ ဓာတ်ပုံတွေ ရိုက်နေတယ်'
'မရိုက်ရဘူး..မရိုက်ရဘူး .. ဒီနေရာမှာ လုံးဝရိုက်ခွင့် မရှိဘူး'
'ဟေ့..ဟေ့ အဲဒီကင်မရာ တွေ ဖုန်းတွေထဲက ဓာတ်ပုံ တွေကို အခုချက်ချင်းပြန်ဖျက် ပေးပါ'
'ဝါးတားဂိတ်'မှ 'ဝါးတားတား'  များကား အုံနှင့်ကျင်းနှင့်ပါ။



အားလုံး ပေါင်း အသက်နှစ်ဆယ်ဝန်းကျင် ခေတ် ပေါ်တောဒီဇိုင်းများနှင့် အချို့ကား နေကာမျက်မှန် အမည်းကြီးများ တပ်ထားကာ ကားပေါ်မှ ကျွန်ုပ်တို့ကို အောက်မှ နေ၍ ခပ်တင်းတင်း'အမိန့်ပေး'နေကြပါ လေ၏။ ကားပေါ်မှ ဓာတ်ပုံရိုက်နေကြသည့်အထဲမှ 'ကိုကြီးဆန်'က ပြေရာပြေ ကြောင်း ပြောပါ၏။
'လမ်းခရီးကို ရိုက်နေတာပါ ကွာ..ဘာဖြစ်လို့လဲ'
'ခင်ဗျားတို့ 'ဂိတ်'ကိုလည်း ရိုက်နေတယ်'
အဲဒါနဲ့ ကျွန်ုပ်တို့ကားပေါ်မှ 'မကြီးနေ'က အောက်ကို လှမ်းပြောပါ၏။


'ဟေ့..ဒီမှာ ဓာတ်ပုံမရိုက်ရ ဘူးလို့ စာကပ်ထားလား..ပြောစမ်း'
'အဲ..စာတော့ဘယ်ကပ်ထား မှာလဲ။ ဟိုမှာတွေ့လား CCTV  တပ်ထားတယ်။ အဲဒါကြောင့် ဓာတ်ပုံရိုက်ခွင့် မရှိဘူး'
'ဘာဆိုင်လို့လဲဟေ'
'ကဲကဲ ကြာတယ်ကွာ.. ဒီ ကားနံပါတ်ကို မှတ်ထားကြ ဟေ့'
အပေါ်နှင့်အောက်အတိုင် အဖောက်ပါ ခင်ဗျာ။ ပြီးတော့ အောက်က မောင်များက လှမ်းပြောပြန်ပါ၏။


'ဒီမှာ..ဒီမှာ..ဒီနေရာက 'အရပ်သား'တွေ ဓာတ်ပုံရိုက် ခွင့် မရှိဘူး'
'ဒါဆို ဘယ်သူတွေ ရိုက်ခွင့် ရှိလဲဟေ့.. ပြောပါဦး'
'သတင်းထောက်တွေဗျ
သတင်းထောက်တွေပဲ ရိုက် ခွင့်ရှိတယ် သိပြီလား..ခင် ဗျားတို့..ဟင်း ဟင်း ဟင်း ဟင်း'



ဤလူငယ်များကား မောက် မောက်ကြွားကြွားပါလေ။ ပိုင်ပိုင်ကြီးကို ပြောချလိုက်ပါလေရာ 'ဗြုန်း'ဆို ကျွန်ုပ်တို့ ယာဉ်ပေါ်ပါ လူအစိတ်လုံးလုံးမှာ 'အုံးအုံး ထ' ရယ်ချလိုက်ပါပေ၏ခင်ဗျာ။ ပြီးသည့်အခါ နိုင်ငံတော် အသိအမှတ်ပြု 'သတင်း ထောက်ကတ် ကိုယ်စီကိုယ်ငှထုတ်၍ အောက်သို့ 'ပြ'သကြလေတော့ရာ အနှီ 'ဝါးတားတားမောင်မောင်'တို့အဖွဲ့မှာ မည်သို့ ပြောရမည်မသိတော့ပါဘဲ အနောက်သို့ 'ရှဲ'သွားကြပါပေတော့၏။ အနှီသုံးဂိတ်ဆက်ကို ကျော်တာနှင့် တစ်ပြိုင်နက်တည်းမှာ ဘယ်လိုက ဘယ်လိုမှ 'မဆိုင်'တော့သည့် ဖြောင့်ဖြူး ချောမွေ့လွန်းလှသည့် 'အာရှလမ်းမကြီး' ပေါ်ကို ရောက်ရှိခဲ့ပြီဖြစ်ပါ၏။ မြေပြင်မှ သည် တောင်တွေ ရစ် ပတ်ခွေ၍ 'ဖောက်' ထားပါလေသည့် 'အာရှလမ်းမကြီး'ကား အဆင့်မီပါပေ။ လမ်းအူကြောင်း၊ လမ်းသား၊ လမ်းဘေးတစ်လျှောက် 'သင်္ကေတ' ဆိုင်းဘုတ်များ၊ ရေနုတ်မြောင်း၊ တောင်ကမ်းပါးယံ၊ အန္တရာယ် အတားအဆီး စသည်စသည်များကား 'ပညာရှင်'များ၏ လက်ရာမှန်း 'တန်းကနဲ'ကို သိသာစေပါ၏။ ကျွန်ုပ်တို့၏ အဲကွန်းဘတ်စ်ကြီးမှာ လမ်းမထက်၌ 'ငြိမ်'ကာ 'ငြိမ့်'နေပါလေ၏။


ကျွန်ုပ်တို့တိုင်းပြည်လည်း အနှီကဲ့သို့ 'ဝါးတားတား'များကို ဖျက်သိမ်းရန် အချိန်တန်လေပြီ။ 'ဟောက်စား ခြောက်စား'များကို 'ထား'ခဲ့ရန်လည်း အချိန်တန်ပါပြီ။ ရှေ့ခရီးတွင် 'ပညာရှင်'တို့၏ 'စိတ် စေတနာ'ကောင်းေ ကာင်းဖြင့် ဖောက်သောလမ်းကို လျှောက်ချင်ကြပါပြီ။ ခရီးဘယ် လောက်ဝေးဝေး အကွေ့အဝိုက် ဘယ် လောက် မတ်စောက်စောက်ပါလေ၊ ပညာရှိတို့၏ စိတ်စေတနာအားမန်ဖြင့်ဖောက် သောလမ်းမှာ အဆင်ပြေေ ချာမွေ့ လိမ့်မည်ဟု ယုံကြည်ပါသည် ခင်ဗျာ။



ဆာသော်ဒိုး

No comments:

Post a Comment