Monday, November 28, 2016

နယ်သာလန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ဘဲအကောင်ရေ ၁၉၀၀၀၀ ကို သုတ်သင်

နိုဝင်ဘာ ၂၆ ရက်တွင် နယ်သာလန်နိုင်ငံ၌ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေသောကြောင့် မွေးမြူရေးခြံ ခြောက်ခုမှ ဘဲအကောင်ရေ ၁၉၀၀၀၀ ကို သုတ်သင်ခဲ့ကြောင်း သိရသည်။ အများအားဖြင့် H5N8 ဗိုင်းရပ်စ်ပိုးမှဖြစ်ပွားသော ကြက်ငှက်တုပ်ကွေးရောဂါသည် ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီနှင့် ဆွီဒင်နိုင်ငံများတွင် လွန်ခဲ့သော သီတင်းပတ်များက ဖြစ်ပွားခဲ့သည်။ သို့သော် နယ်သာလန်အာဏာပိုင်များက ဗိုင်းရပ်စ်ပိုးအမျိုးအစားကို မပြောခဲ့ပေ။ အဆိုပါ ရောဂါပိုးကို အမ်စတာဒမ်မြို့အရှေ့ပိုင်း ကီလိုမီတာ ၇၀ ခန့် ဘစ်ဒင်းဟူဇန်ကျေးရွာရှိ ကြက်၊ ဘဲမွေးမြူရေးခြံတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ေ ရာဂါဖြစ်ပွားကြောင်း အတည်ပြုထားသောနေရာမှ သုံးကီလိုမီတာအကွာအတွင်း မွေးမြူရေးခြံများကို စစ်ဆေးခဲ့ပြီး ၁၀ ကီလိုမီတာ ပတ်လည်အတွင်း မွေးမြူရေး ခြံထွက်ပစ္စည်းများ တင်ပို့ခြင်းကို တားမြစ်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။


ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တင်ပို့သော နယ်သာလန်နိုင်ငံသည် မွေးမြူရေးခြံများတွင် ကြက်၊ ၀က်၊ နွားနှင့် သိုးအကောင်ရေ သန်း ၁၀၀ ကျော် အရေအတွက်အထိ ရှိကြသည်။

ထိုသို့ အစုလိုက်အပြုံလိုက် မွေးမြူခြင်းကြောင့် ရောဂါပိုး ပိုမိုကူးစက်ပျံ့ပွားစေသည်။

၁၉၉၇ ကတည်းက ၀က်တုပ်ကွေးရောဂါနှင့် ခွာနာလျှာနာရောဂါများ ဖြစ်ပွားခဲ့သောကြောင့် ကြက်၊ နွား၊ ဆိတ်၊ ၀က်နှင့် သိုး အကောင်ရေ သန်း ၄၀ ကို သုတ်သင်ခဲ့ရသည်။
—Ref: Reuters

No comments:

Post a Comment