Saturday, November 19, 2016

ထရမ့်ပ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ယုံကြည်မှုကို တည်ဆောက် သွားမည်ဟု အာဘေးဆို

ယခုရက် သတ္တပတ်အတွင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံ စဉ် ဂျပန်နိုင်ငံ၏ သံတမန်ရေးနှင့် လုံခြုံရေးအတွက် အဓိကမဟာမိတ်ဖြစ်သည့် အမေရိကန် နှင့် ယုံကြည်မှုကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက နိုဝင်ဘာ ၁၇ ရက်တွင်ပြောသည်။ အမေရိကန်-ဂျပန် မဟာမိတ် ဆက်ဆံရေးသည် ဂျပန်နိုင်ငံ၏ သံတမန်ရေးနှင့် လုံခြုံရေး တို့အတွက် အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် အပြန် အလှန်ယုံကြည်မှု ဆက်လက်တည်ရှိ စေရေးသည် အရေးကြီးကြောင်း အာဘေးက တိုကျိုမြို့ မှ မထွက်ခွာမီ သတင်းထောက်များ အားပြောကြောင်း Kyodo သတင်းဌာနက ဖော်ပြသည်။ သို့သော် ၎င်းတို့ နှစ်ဦးတွေ့ဆုံမည့် အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက် အလက် များကို တိတိကျကျ မသိရသေးကြောင်းနှင့် ထရမ့်ပ်၏ သမ္မတရာ ထူးလွှဲပြောင်းလက်ခံရေး အဖွဲ့ကလည်း ယင်းကိစ္စအပေါ် မှတ်ချက်ပြုပြောဆိုခြင်း မရှိကြောင်း သိရသည်။ ထရမ့်ပ်၏ အကြံပေး တစ်ဦးကမူ ထရမ့်ပ်အနေဖြင့် ဂျပန်နိုင်ငံ အပါအဝင် အခြားအာရှ နိုင်ငံများနှင့် ဆက်ဆံရေးကို ပြန်လည်တိုးတက် ကောင်းမွန်စေရန် တည်ဆောက် သွားမည်ဖြစ်ကြောင်း ယခု ရက်သတ္တပတ် အစောပိုင်းတွင် ပြောသည်။ ထရမ့်ပ်နှင့် ရှင်ဇိုအာဘေးတို့သည် နိုဝင်ဘာ ၁၇ ရက်နှောင်းပိုင်းတွင် နယူးယောက် မြို့၌တွေ့ဆုံသွားမည်ဖြစ်ပြီး ယင်းသို့တွေ့ဆုံခြင်းဖြင့် အာဘေးသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ထရမ့်ပ်အနိုင်ရပြီးနောက် ၎င်းကို ပထမ ဆုံးလာရောက်တွေ့ဆုံ သည့် နိုင်ငံခြား အဆင့်မြင့်သံတမန်ဖြစ်လာမည် ဖြစ်ကြောင်းသိရသည်။
မြ၀တီ

No comments:

Post a Comment