Thursday, November 24, 2016

ယာယီနည်းပြ ဆောက်ဂိတ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ရက်အနည်းငယ်အတွင်း အက်ဖ်အေစီစဉ်မည်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများသည် နည်းပြ ဆမ်အလာဒွိုက်စ်နှင့် လမ်း ခွဲခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေသည့် ယူ-၂၁ အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်အား အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်တာဝန်ပေးရန် ရက်အနည်းငယ် အတွင်း စီစဉ်သွားမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဝါရင့်နည်းပြ ဆမ်အလာဒွိုက်စ်၏နေရာတွင် ယာယီနည်းပြအဖြစ် ခန့်အပ် တာဝန်ပေး ခံရသည့် နည်းပြဆောက်ဂိတ်သည် တာဝန်ယူကိုင်တွယ်ခဲ့သည့် ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် သုံးပွဲတွင် ရှုံးပွဲမရှိ ရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခြင်းနှင့်အတူ အမှတ်ပေးဇယားအား ဦးဆောင်နိုင်ခြင်း၊ ခြေစမ်းပွဲစဉ်များတွင် ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းများ ကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရန် အခြေအနေကောင်းနေခဲ့ခြင်း ဖြစ်သည်။



ထွက်ပေါ်လာသည့် သတင်းများတွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများအနေ ဖြင့် ယာယီနည်းပြ ဆောက်ဂိတ်နှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အတွက် လာမည့် နိုဝင်ဘာ ၃ဝ တွင် ပြုလုပ်မည့် အမှုဆောင်အစည်းအဝေးပွဲတွင် အမြဲတမ်းနည်းပြ အဖြစ် အတည်ပြုခန့်အပ်ဖွယ်ရှိနေကြောင်း သတင်း ထွက်ပေါ်နေခြင်းဖြစ်သည်။

အက်ဖ်အေ အမှုဆောင်အရာရှိများဖြစ်သည့် မာတင်ဂလင်းနှင့် ဂျရေမီလီဆောက်တို့ အပါအဝင် အခြား ထိပ်ပိုင်းအမှုဆောင်များအနေဖြင့် အမြဲတမ်း နည်းပြအဖြစ် ဆောက်ဂိတ်အား ထောက်ခံ မှတ်ချက်ပြုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment