Friday, November 25, 2016

နောက်ထပ် ပွဲထွက်ခွင့်များ မျှော်လင့်ထားမိဟု မက်ကင်တာယန်း ဖွင့်ဟ

ဖိုင်ယန်နော့ဒ်နှင့် ပွဲစဉ်တွင် အထူးခြေစွမ်းပြ ကစားခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်နှင့်အတူ နောက်ထပ် ပွဲထွက်ခွင့်များ မျှော်လင့်ထားကြောင်း ဟင်းနရစ်ခ် မက်ကင်တာယန်းက ပြောကြားခဲ့သည်။ ဘိုရပ်ရှားဒေါ့တ်မန်မှ ပြောင်းရွှေ့လာပြီးကတည်းက အသင်းသစ်တွင် ခိုင်ခိုင်မာမာ ပွဲကစားခွင့် မရခဲ့သေးသည့် အာမေးနီးယား လက်ရွေးစင်သည် အိမ်ကွင်းတွင် (၄-၀)ဖြင့် အနိုင်ရသည့် ယူရိုပါလိဂ် ပွဲစဉ်၌ အထူးခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင် ဂိုးမသွင်းနိုင်သည့်တိုင် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။ ယူနိုက်တက် မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် မက်ကင်တာယန်းကို ဖိအားမဝင်စေရန်ဆိုသော အကြောင်းပြချက်ဖြင့် အကန့်အသတ်နှင့်သာ အသုံးပြုလျက် ရှိသည်။

ပြီးခဲ့သည့်ရာသီက ဒေါ့တ်မန်နှင့်အတူ စွမ်းဆောင်ရည်ကောင်းများ ပြသပြီး ဂျာမန်ဘွန်းဒစ်လီဂါ အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် မက်ကင်တာယန်းက ဖိုင်ယန်နော့ဒ်နှင့် ပွဲအပြီးတွင် မော်ရင်ဟို၏ ယုံကြည်မှု ပိုမိုရရှိလာရန် မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။ “ပွဲထွက်လူစာရင်းမှာ ပြန်ပါလာခွင့် ရတာဟာ ကျေနပ်စရာပါ။ ကျွန်တော့် အနေနဲ့ အစွမ်းရှိသမျှ ကြိုးစားခဲ့ပါတယ်။ အသင်းရဲ့ ရလဒ်ကလည်း တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ အသင်းကစားနေချိန်တွေကို ကွင်းဘေးက ထိုင်ငေးနေရတဲ့ ကာလတွေဟာ ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ကိုယ်က မမှိတ်မသုန်နဲ့ ဆက်ကြိုးစားနေဖို့ပဲ လိုပါတယ်။ နောက်ထပ်လည်း ပွဲထွက်ခွင့်တွေ ထပ်ရဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်”ဟု မက်ကင်တာယန်းက ပြောကြားသွားသည်။
Ref: BT

No comments:

Post a Comment