Sunday, November 20, 2016

ရှေ့တော်မှောက် အရောက်လာစေ ဂနိုင့်ကျက်သရေ


(တစ်) လူတွေလုပ်သလို အကုန် လိုက်လုပ်တဲ့တော။ အခု တိရစ္ဆာန်တွေကို ဆုချီးမြှင့်ကြပြန်ဦးမတဲ့။ ဆုနာမည်က ဘယ့်နှာတဲ့တုံးလို့ဆို ပြီး မေးရပါတယ်။ ဘယ်တိရစ္ဆာန် ကို မေးရမှာတဲ့တုံး။ ဦးဆောင်သူ ဖွတ်ကျားကြီးကိုပဲ ဦးတည်ကာ မေးရမြန်းရပေတာပေါ့။ ‘‘လောလောဆယ်ကတော့ ဂနိုင့်ကျက်သရေဆိုပြီး စဉ်းစား ထားတယ် ဂျက်ရယ်’’တဲ့။ အနံ့အသက် သိပ်မကောင်း လှတဲ့ လက်ခုပ်ပင်ကြီးရဲ့ ခွကြား တစ်နေရာဆီမှာ မိန့်မိန့်ကြီးထိုင် ရင်းက ဖွတ်ကျားကြီးက အနို့ ကလို ဂျက်ကိုအဖြေပေးပါတယ်။ ရှင်းရှင်းပြောရရင် နာမည်က တော့ ဂျက်သဘောကျတဲ့ နာမည် မျိုးပဲပေါ့။ ဟိတ်တွေ ဟန်တွေက အပြည့်။



ဂနိုင့်ကျက်သရေလို့ဆိုတာ ကိုး။ စုံနံ့သာမြိုင်တောကြီးထဲမှာ ကျက်စားသွားလာ မှီတင်းနေထိုင် ကြတဲ့ သတ္တဝါတွေ သတ္တဝါတွေ အထဲကနေ ထူးချွန်တဲ့ တိရစ္ဆာန် တွေကို ချီးမြှင့်မြှောက်စားဂုဏ်ပြု မှတ်တမ်းတင်ထားဖို့ရာအတွက် အဲသည် ဂနိုင့်ကျက်သရေဆုကို ပေးဖို့ စီစဉ်တာပါတဲ့။ နှစ်စဉ်နှစ် စဉ် တိရစ္ဆာန်ထိပ်တန်းတွေကို ရွေးရွေးပြီး တောရဲ့ဂုဏ်ဆောင် သတ္တဝါတွေအဖြစ် ထုတ်ဖော်သွားမှာ ဆိုလား။

‘‘ဂနိုင့်ကျက်သရေဆိုတဲ့ နာ မည်က လွန်စွာတည်ငြိမ်ပြီး အနှစ်သာရနဲ့ ပြည့်ဝပေတာပ။ ကျွန်ုပ် တော့ ကြိုက်သဗျာ’’

ဂျက်က ကိုယ်မြင်တာကို ကိုယ်မြင်တဲ့အတိုင်း အနို့နှယ် ပြောချပစ်လိုက်တော့ ဖွတ်ကျား ကြီးက ပြုံးပြုံးကြီးလုပ်နေရာက လျှာနှစ်ခွနဲ့ သူ့နှုတ်ခမ်းကိုသူ ပြန် သပ်ပြီးတဲ့အခါ ဆုနာမည်ကို အ တည်ပြုပါတယ်။ ဂနိုင့်ကျက်သ ရေဆိုတာပါပဲပေါ့။

အဲဒါနဲ့ သည်နှစ် ဂနိုင့်ကျက် သရေဆုကို စုံနံ့သာမြိုင်တောကြီး ထဲက အဘယ်သတ္တဝါတွေများ ရရှိပါလိမ့်မလဲဆိုပြီး ဂျက်တစ် ယောက် မကြာခဏနားစွင့်နေခဲ့ မိတာကတော့ အမှန်ပဲခင်ဗျ။

(နှစ်)


ဥတုကတော့ ဟေမန္တဥတု ခင်ဗျ။ တောထဲမှာ သဇင်ပန်းတွေ လှိုင်လှိုင်ပွင့်ကြတဲ့ ရက်တွေပဲ ပေါ့။ နှင်းတွေက ထူထူပိန်းပိန်း ကြီးကျလို့။ အအေးပိုတဲ့ရက်တွေ ပါ။ အနို့ကလို သို့ကလို အခါကာ လ သမယကြီးထဲမှာ တစ်တော လုံး အံ့ဩတကြီးဖြစ်သွားစေခဲ့ တာဟာ ရုတ်ခြည်းကြေညာထည့် လိုက်တဲ့ ဂနိုင့်ကျက်သရေဆုရ တိရစ္ဆာန်များစာရင်းပါ။ ဟိုသစ် ပင်အောက်မှာ ပွစိပွစိ၊ သည်ရေ ကန်စပ်မှာ ပွစိပွစိနဲ့။ တိရစ္ဆာန် တွေ တစ်ကောင့်တစ်ကောင် မတွေ့လိုက်နဲ့၊  တွေ့တာနဲ့ အဲသည့်ဂနိုင့်ကျက်သရေဆု အ ကြောင်းကိုပဲ ပြောနေခဲ့ကြတော့ တာပါ။

တိရစ္ဆာန် နေ့စဉ်သတင်းစာ ထဲမှာ ဂနိုင့်ကျက်သရေဆုရ တိရစ္ဆာန်တွေရဲ့စာရင်းကို စတွေ့ လိုက်တုန်းက ဆရာကြီးဂျက် ကိုယ့်မျက်စိတောင် ကိုယ်မယုံချင် ခဲ့ပါဘူး။ ဟုတ်မှဟုတ်ပါရဲ့လားပေါ့။ တော်တော်ကလေး
ကြာတော့မှ ဩော်.. ထူးလည်းထူးတဲ့ သည်မြိုင်ရယ်လို့ ရွတ်ဆိုမြည် တမ်းရင်း ရင်ထဲမှာ ခုလုခုလုဖြစ် သွားရတာပါ။

တေးဂီတဆုအဖြစ် အပေးခံ ရတဲ့ သတ္တဝါက အရပ်ထဲမှာ ငှက် ဆိုးလို့ အခေါ်များတဲ့ လင်ကောင် ပိုးငှက်ပါ။ ဂနိုင့်ကျက်သရေဆိုင် ရာ တေးဂီတဆုနဲ့ ဘယ့်နှာမှ မလိုက်ဖက်ပါဘူး။ ဂိဆိုပြီး အာ ခေါင်ကြီးကိုခြစ်လို့ အော်လိုက်တဲ့ အသံက နားထဲကို ထော်လော် ကန့်လန့်ကြီးဝင်လာလို့။ အဲဒါ ဘယ့်နှာကြောင့် ဂနိုင့်ကျက်သရေ တေးဂီတဆိုင်ရာဆုကို ချီးမြှင့်ရ ချေသတုံးဗျ။

ဂနိုင့်ကျက်သရေအကဆုက လည်း တောထဲမှာ ပွစိပွစိပါပဲ။ မျောက်တစ်ကောင်ကို ပေးလိုက် လေသတဲ့။ မျောက်မျက်ကွင်းညို ကြီး။ နည်းနည်းပါးပါးလက် မြှောက် ခြေမြှောက်တော့ တတ် တာပေါ့။ အနို့သော် ဂနိုင့်
ကျက်သရေဆိုတဲ့ တောဂုဏ်ဆောင်ဆု နဲ့ကတော့ ဘယ့်နှာမှ ယှဉ်တွဲလို့ ခံစားမရနိုင်ပေါင်ဗျာ။

သို့လင့် တစ်မူဖွတ်ကျားကြီးဦးဆောင်တဲ့ ဆုရွေးချယ်သူ သတ္တဝါတစ်စုကတော့ ဂနိုင့်ကျက်သရေဆိုင်ရာ အကဆုအဖြစ် မျောက်မျက်ကွင်း ညိုကြီးကို ထုတ်ပြန်ကြေညာခဲ့လိုက်တာပါ။

ရှိသေးတယ်။ ဂနိုင့်ကျက် သရေ နောက်တစ်ဆု။ ဗိသုကာ ဆုတဲ့။ တိရစ္ဆာန်များပင် ဖြစ်လင့် ကစား ကိုယ်နေထိုင်တဲ့ အ ဆောက်အအုံကို အနုပညာပါပါ လှလှပပ ကျကျနန ဘယ့်နှာသို့ တည်ဆောက်တတ်သလဲဆိုတာ ကို ကြည့်ပြီးပေးအပ်တဲ့ဆု။ အဲ သည့်ဆုကိုကျတော့ နွားချေးပိုး ထိုးကြီးက ရသွားတယ်။ နွားချေး ပုံကြီးထဲကိုဝင်ပြီး နေစရာဖန်တီး နိုင်တဲ့ အနုပညာကြောင့်ဆိုလား။ အဲသည့်အတွက် ဂနိုင့်ကျက်သရေ ဗိသုကာ ဆုပေးထည့်
လိုက်တာ။ တိရစ္ဆာန်လောကမှာကတော့ ပွစိပွစိ ပဲပေါ့။

 ထူးခြား ပြောင်မြောက်ကာ တဲလင့် (Talent)ရှိတဲ့ တိရစ္ဆာန် တွေကို ဖော်ထုတ်ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ စီမံဖော်စပ်ထုတ်လုပ် ထားတဲ့ အဲသည့်ဖွတ်ကျားကြီးတို့ ရဲ့ ဂနိုင့်ကျက်သရေဆုကြီးဟာ စ,ပေးတဲ့နှစ်မှာကတည်းက ပူညံ ပူညံဖြစ်နေခဲ့တာပါပဲလေ။

(သုံး)


နည်းနည်းကလေး အချိန်ရ တဲ့ တစ်ရက်မှာတော့ ဂျက်လည်း ပျင်းပျင်းရှိတာနဲ့ စုံနံ့သာမြိုင်ရှိရာ အရပ်ဆီကို ခရီးနှင်ခဲ့မိပါလေရဲ့။ စုံနံ့သာမြိုင်ထဲက တိရစ္ဆာန်တွေရဲ့ ကြားမှာ ပွစိပွစိဖြစ်နေကြတဲ့ တိရစ္ဆာန်ဒေးလီးသတင်းစာထဲမှာ ကျွက်ညံကျွက်ညံဖြစ်နေကြတဲ့ အဲသည့်သတင်းကို ကြားမိတဲ့လူ တွေရဲ့ လောကမှာ နှာခေါင်းရှုံ့ နေကြတဲ့ ဂနိုင့်ကျက်သရေဆုနဲ့ ပတ်သက်ရာရာကလေးတွေကို မေးစမ်းကြည့်ချင်လွန်းလှတာနဲ့ ဖွတ်ကျားကြီးဆီကိုတော့ ဝင်သွား ဦးမှလို့ စိတ်ကူးပေါ်သွားမိပါရဲ့။

တွေ့တာပေါ့။ တစ်ကောင် တည်းတောင်မဟုတ်ဘူး။ လက် ခုပ်ပင်ကြီးရဲ့ ခြေရင်းဆီမှာ ဖွတ် ကျားနဲ့အတူ ဝံပုလွေရယ်၊ ခွေးအ ရယ်တောင် ပါလိုက်သေး။ ဂနိုင့် ကျက်သရေဆု ရွေးချယ်ရေးမှာပါ တဲ့ သတ္တဝါတွေ။

‘‘ပြောစရာရှိတာကလေး တော့ ပြောဦးမှ ကိုဖွတ်ကျားရဲ့။ ဂနိုင့်ကျက်သရေ (ဂီတ)နဲ့ပတ် သက်လို့ ပေးတဲ့အခါ တကူကူး ကူးလို့ လွမ်းစရာသီဆိုတဲ့ ချိုးငှက် ကလေး၊ ဥဩလို့ ဆွေးစရာတေး ကို ဖွဲ့ဆိုတဲ့ ဥဩ
ငှက်ကလေး၊ ရွှေပြည်စိုးရယ်လို့ ချစ်စရာကျီကျီ ကျာကျာပြောတတ်တဲ့ ငှက်က လေးတွေရှိပါလျက်နဲ့ တဂိဂိတဂစ်ဂစ်နဲ့ ဘယ်သူကမှ မချစ်တဲ့ ငှက် ဆိုးကိုမှ ဂနိုင့်ကျက်သရေဆုပေး တာကိုဖြင့် ဘဝင်မကျပေါင်ဗျာ’’

‘‘နေဦး.. ပြောဦးမယ်။ ဂနိုင့် ကျက်သရေ (အက)ဆု ဥပမာ ပြောရရင် ဒေါင်းဗျာ ဒေါင်းက, တာ ဘယ်လောက်လှသလဲ။ တိရစ္ဆာန်တိုင်းသိတယ်။ သို့လင့် ကစား လက်မြှောက်၊ ခြေမြှောက် ကလေးသာ တတ်တဲ့မျောက်မျက် ကွင်းညိုကြီးကို ပေးထည့်လိုက်တာ သင့်ပါရဲ့လားလို့’’

‘‘ရှိသေးတယ်။ ဂနိုင့်ကျက် သရေ နောက်တစ်ဆု။ ဗိသုကာ ဆု ကိုယ်နေမယ့်အသိုက်ကို နှုတ် သီးကလေးနဲ့ လှလှပပလုပ်တတ် တဲ့ စာဘူးတောင်း ငှက်ကလေး တွေ ပေးလို့မရဘူးလား။ အခု နွားချေးပိုးထိုးကောင် ကို
ပေးတယ်ဆိုတာက’’

ဂျက်လည်း ခေါင်းစဉ်ကွဲ များစွာနဲ့ ပေးခဲ့တဲ့ ဂနိုင့်ကျက် သရေဆုနဲ့ပတ်သက်ကာ ရင်ထဲရှိ တာတွေကို ပြောမိပါရဲ့။ ဖွတ် ကျားကြီးက စကားဆုံးတဲ့အထိ ပြုံးပြီးနားထောင်နေခဲ့ကာ တိုနံ့နံ့ စကားကလေးနဲ့ ပြန်ဖြေပါတယ်။

‘‘မှန်တယ်။ အဆွေဂျက်ခင် ဗျား ပြောတာမှန်တယ်။ အနို့ သော် ခင်ဗျားပြောတဲ့ သတ္တဝါ တွေက လာမပြိုင်ကြဘူးလေ။ ဂနိုင့်ကျက်သရေဆုက ကျုပ်တို့ ရှေ့မှာ လာပြီးပြိုင်ပွဲဝင်တဲ့ သတ္တ ဝါတွေကိုပေးတာ။ သူတို့ဘာသာ တောထဲမှာ ဘယ်လောက်ကျက် သရေ ရှိရှိ၊ မရှိရှိ ကျုပ်တို့ရှေ့ မှောက်ကို မရောက်လာလို့က တော့ ဂနိုင့်ကျက်သရေဆု မပေး နိုင်ပေါင်’’တဲ့။

ဩော်.. ငှက်ဆိုးတို့၊ မျောက်မျက်ကွင်းညိုတို့၊ နွားချေးပိုးထိုး တို့က ဆုပေးတဲ့ တိရစ္ဆာန်တွေ ရှေ့မှောက်ကို လာရောက်ပြီး ပြိုင်ပွဲဝင်လို့ ဂနိုင့်ကျက်သရေဆုကို ပေးခဲ့ရတယ်လို့ ဆိုပါလား။

ဩော်.. ဆင်ကြီးက လာ မပြိုင်တာကြောင့် ခါချဉ်ကောင် ကလေးကိုပဲ ဂနိုင့်ကျက်သရေ ဗလထိပ်ခေါင်တင်ဆုကို ပေးလိုက်ရပါတယ်ဆိုတဲ့ သောက်တလွဲ စည်းမျဉ်းတွေနဲ့ ချောက်ထဲကို အ ပြီးဆင်းနေတဲ့ တိရစ္ဆာန်ကမ္ဘာကြီး ပါပေတမုံ့တကား ဟူလို။  ဂျက်ကွမ်းခြံကုန်း ။

No comments:

Post a Comment