Monday, November 28, 2016

မနီလာရှိ အမေရိကန် သံရုံးအနီး မသင်္ကာစရာ အထုပ်တစ်ထုပ်ကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ထိန်းချုပ်ဖောက်ခွဲ

ဗုံးထည့်ထားသည်ဟု ယူဆရသော အထုပ်တစ်ထုပ်ကို အမေရိကန် သံရုံးအနီး၌ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ထိန်းချုပ် ဖောက်ခွဲခဲ့ရကြောင်း သိရသည်။ မနီလာမြို့တော်ရှိ အမေရိကန် သံရုံးအနီးတွင် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မသင်္ကာဖွယ် အထုပ်တစ်ထုပ်ကို တွေ့ရှိရသည့်နောက် ရဲတပ်ဖွဲ့၏ ဗုံးရှင်းလင်းရေး ယူနစ်က လိုအပ်သလို တုံ့ပြန် ကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။ “စနစ်တကျ ထိန်းချုပ်ဖောက်ခွဲမှုကြောင့် ဘေးထွက် ထိခိုက်သက်ရောက်မှု ဘာမှ မရှိပါဘူး”ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျိုဝယ်လ် ကိုရိုနဲလ်က ဆိုသည်။ သို့သော် စည်ကားရှုပ်ထွေးသည့် နေရာကို ကန့်သတ် ပိတ်ဆို့ ထားရသဖြင့် ယာဉ်ကြော ကျပ်တည်းမှုများ ပေါ်ပေါက်ခဲ့သည်။



မနီလာရှိ ဖိလစ်ပိုင် သံရုံးတွင်မူ လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း လည်ပတ်နေပြီး ဖိလစ်ပိုင် နိုင်ငံသား များစွာက ဗီဇာရရှိရေးအတွက် တန်းစီ စောင့်ဆိုင်းနေကြသည်။ သံရုံးတာဝန်ရှိသူများက ယခုဖြစ်စဉ်အပေါ် မှတ်ချက် တစ်စုံတရာပေးရန် ငြင်းဆိုခဲ့သည်။

ကိုရိုနဲလ်က မနက် ၇ နာရီ မထိုးမီတွင် မနီလာ မြို့တော်စည်ပင် ဝန်ထမ်းတစ်ဦးက မိုဘိုင်းဖုန်း အဟောင်းတစ်လုံးကို အနီနှင့် အနက်ရောင် ဝါယာကြိုးများ တွဲဆက်ထားသည့် မသင်္ကာဖွယ် အထုပ်ကို ရှာတွေ့ပြီး ရဲများထံ အကြောင်းကြားလာခြင်းဟု ဆိုသည်။ “ပတ်ဝန်းကျင် အန္တရာယ် မရှိလောက်တဲ့အတွက် သတိပေး ကြေညာချက်တွေတော့ သီးသန့် ထုတ်ပြန်မနေတော့ပါဘူး”ဟုလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။

“လောလောဆယ်တော့ ဒီအထုပ်ကို အမှိုက်ပုံးနား ထားခဲ့တဲ့သူ ဘယ်သူဘယ်ဝါ ဆိုတာကို ကျွန်တော်တို့ စုံစမ်းနေပါတယ်။ ကျွန်တော်တို့ အတည်ပြုနိုင်တာက ယမ်းမှုန့်လို ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ အထုပ်ထဲမှာ မပါဝင် ပါဘူး။ ပေါက်ကွဲသံတစ်ခု ကြားလိုက်တယ် ဆိုတာက ဗုံးရှင်းလင်းရေး အဖွဲ့ရဲ့ ထိန်းချုပ် ဖောက်ခွဲမှုကြောင့်သာ ဖြစ်ပါတယ်”ဟုလည်း ကိုရိုနဲလ်က ပြောကြားသွားသည်။

သို့သော် အခြား အမည်ဖော်ပြမှု မရှိသည့် ထောက်လှမ်းရေး အရာရှိ တစ်ဦးကမူ ကိုရိုနဲလ်၏ မှတ်ချက်နှင့် ဆန့်ကျင်၍ အထုပ်ထဲရှိ မိုဘိုင်းဖုန်းကို ၈၁ မမ မော်တာကျည် တစ်တောင့်နှင့် ဆက်သွယ်ထားကြောင်း ဆိုသည်။ “ကျွန်တော်တို့ ဆက်ပြီး စုံစမ်းနေဆဲ ဆိုတာလောက်ပဲ ပြောပါရစေ”ဟု ၎င်းက Reutersထံ အသိပေးခဲ့သည်။

အဆိုပါ မော်တာကျည်မျိုးကို နိုင်ငံတောင်ပိုင်းရှိ မင်ဒါနာအို ပြည်နယ်တွင် အဓိက လှုပ်ရှားနေသည့် အစ္စလာမ်မစ် ခွဲထွက်ရေး စစ်သွေးကြွ အဖွဲ့များက အဓိက အသုံးပြုလေ့ရှိပြီး စက်တင်ဘာလက ဒါဗာအိုမြို့တွင် ဖြစ်ပွားသည့်
ပေါက်ကွဲမှုတွင်လည်း ယင်းကျည်ဆန်နှင့် အမျိုးအစားတူ အသုံးပြုခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသွားခဲ့သည်။

Ref: Reuters

No comments:

Post a Comment