Thursday, November 24, 2016

ရန်ကုန်မြို့တွင် ငါးလခန့် ရပ်ဆိုင်းခဲ့သည့် သုံးထပ်နှင့်အထက် ကန်ထရိုက် ဆောက်လုပ်ခွင့်များ စည်ပင်မှ ပြန်လည်လက်ခံ

ရန်ကုန်မြို့တွင် သုံးထပ်နှင့်အထက် ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် လက်ခံခြင်းအား ငါးလခန့် ရပ်ဆိုင်းထားခဲ့ရာ နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ ပြန်လည်လက်ခံနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။ အဆောက်အအုံဆိုင်ရာ မူဝါဒအသစ်များ ထွက်ပေါ်မည် ဖြစ်သောကြောင့် သုံးထပ်နှင့်အထက် ကန်ထရိုက်တိုက်များအား ဆောက်လုပ်ခွင့် အမှုတွဲလက်ခံခြင်းအား ပြီးခဲ့သည့် ဇူလိုင်လကတည်း ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ယခုထိ အဆောက်အအုံဆိုင်ရာ မူဝါဒအသစ်များ မပြီးစီးသေးသော်လည်း ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် အမှုတွဲများကို ပြန်လည်လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။




“အဆောက်အအုံမူဝါဒ အသစ်ထွက်မယ်ဆိုတုန်းက ကန်ထရိုက်တိုက်တွေ ဆောက်လုပ်ခွင့် လက်ခံတာကို ရပ်ထားခဲ့တာပါ။ အဲဒီတုန်းက အဆောက်အအုံမူဝါဒ အသစ်တွေ ထွက်မယ်ဆိုတော့ လက်ရှိ ကန်ထရိုက်တိုက်တွေ ခွင့်ပြုရင် မူဝါဒအဟောင်းတွေ၊ အသစ်တွေနဲ့ ရှုပ်သွားမှာစိုးလို့ ခေတ္တရပ်ထားခဲ့တာပါ။ ငါးလလောက် ကြာခဲ့ပါတယ်။ ဒါပေမဲ့ အခုအဆောက်အအုံဆိုင်ရာ မူဝါဒကလည်း  လုပ်ဆောင်နေတုန်း ရှိသေးတော့ ပြန်လက်ခံလိုက်တာပါ”ဟု ယင်းတာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ယင်းသို့ ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့်များအား ငါးလခန့် ရပ်ဆိုင်းခဲ့မှုအပေါ် ဆောက်လုပ်လိုသည့် လုပ်ငန်းရှင်များက Complain တက် မတက်နှင့် ပတ်သက်၍မူ Complain တက်လာခြင်း မရှိကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ထိုသို့ ပြန်လည် လက်ခံခဲ့ရာတွင် ယခုရက်ပိုင်းအထိ ဆောက်လုပ်ခွင့် တင်ပြလာသည့် ကန်ထရိုက်အလုံး ၄၀ ခန့် ရှိနေကြောင်း  သိရသည်။

ယခင်အစိုးရလက်ထက်က ဆောက်လုပ်ခွင့်ပြုခဲ့ပြီးသော အထပ်မြင့် အဆောက်အအုံများအား ယခုအစိုးရလက်ထက်တွင် ပြန်လည်စိစစ်ရန်အတွက် ၁၂ ထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံ စုစုပေါင်း ၂၀၀ နီးပါးကို မေ ၁၄ ရက်တွင် ရပ်ဆိုင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့ပြီး  ပြန်လည်စိစစ်ခဲ့ကြောင်း၊ ယင်းသို့ အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းရန် စာထုတ်ပြီး နှစ်လခန့်အကြာတွင် ယခု သုံးထပ်နှင့်အထက် ကန်ထရိုက်ဆောက်လုပ်ခွင့် အမှုတွဲများ လက်ခံခြင်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ ရပ်ဆိုင်းထားခဲ့ရသည့် အထပ်မြင့် အဆောက်အအုံ ၂၀၀ နီးပါးအနက် အရေးကြီး အဆောက်အအုံ ၁၂ လုံးကို သြဂုတ်လတွင် ပြန်လည် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခင်မူဝါဒအောင်ပြီးသား ၄၅ လုံးကိုလည်း နိုဝင်ဘာ ၈ ရက်တွင် ပြန်လည် ဆောက်လုပ်ခွင့် ပြုလိုက်ရာ အဆိုပါ အဆောက်အအုံ ၄၅ လုံးသည် ခြောက်လနီးပါး ရပ်ဆိုင်းပြီးမှ ပြန်လည်ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။        ရန်ကုန်မြို့တွင် ယခင်နှစ်များက တစ်လလျှင် အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ပျှမ်းမျှ  ၅၀၀ ခန့် ခွင့်ပြုခဲ့သော်လည်း ယခုဘဏ္ဍာနှစ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လတွင် အဆောက်အအုံ ၂၃၉ လုံး၊ သြဂုတ်လတွင် ၃၈၆ လုံး၊ စက်တင်ဘာလတွင်၂၃၂ လုံး နှင့်အောက်တိုဘာလတွင် ၂၇၈ လုံး ခွင့်ပြု ခဲ့ကြောင်း သိရသည်။
Writer:
ကျော်ထင်

No comments:

Post a Comment