Wednesday, November 30, 2016

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်သည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ကန့်ကွက်ထားသည့်အမှု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ပလပ်

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်သည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ကန့်ကွက်ထားသည့်အမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးတွင် နိုဝင်ဘာ ၂၈ ရက်တွင်စစ်ဆေးရာ၌ ပလပ်လိုက်ကြောင်း သိရသည်။ “ဦးဖြိုးမင်းသိန်းကို အနိုင်ပေးတယ်ပေါ့လေ။ ပြည်ခိုင်ဖြိုးပါတီဘက်က စွဲတဲ့အမှုကို ပလပ်လိုက်တာပေါ့။ ရွေးကောက်ပွဲမှာ ဦးဖြိုးမင်းသိန်းက တရားမဲ့ပြုကျင့်မှု လုပ်တယ်လို့ ဆိုပြီးတော့ စွပ်စွဲပြီးတော့ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးဖို့ဆိုပြီးတော့ စွဲတာ။ အဲဒါကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးပြီးတော့ သူတို့စွပ်စွဲတဲ့အတိုင်း မဟုတ်ဘူး။ တရားမဲ့ ပြုကျင့်မှုမရှိဘူးဆိုပြီး ဦးဖြိုးမင်းသိန်းကို အနိုင်ပေးတယ်။ အမှုကိုပလပ်လိုက်တယ်” ဟု ဦးဖြိုးမင်းသိန်း၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးမဲဆန္ဒနယ် (၂) လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာအောင်မြတ်သူက လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသူ ဦးဖြိုးမင်းသိန်းအား တိုင်းဒေသကြီး ရွေးကောက်ပွဲ ဥပဒေပုဒ်မပါ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁ နှင့် ၆၆ ပါ ပြဌာန်းချက်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပါ ကြေညာချက် ၁/ ၂၀၁၄ပါ အချက်များ ဖောက်ဖျက်ပြီး တရားမဲ့ ပြုကျင့်သည်ဆိုကာ ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် လှည်းကူးမြို့နယ်တွင် ဟောပြောခဲ့ရာ၌ သမ္မတ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့အား စွပ်စွဲပုတ်ခတ်ခြင်း၊ သနပ်ပင်မဲရုံတွင် ကော်မရှင်အဖွဲ့ဝင်များကို မဲရုံအတွင်းမှ မောင်းထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟုဆိုကာ စွပ်စွဲကန့်ကွက်ခံရ ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဦးဖြိုးမင်းသိန်းက မည်သူ့ကို မည်သည့်စကားရပ်ဖြင့် စွပ်စွဲပုတ်ခတ် ပြောဆိုပါသည်ဟု စွပ်စွဲသူဘက်မှ တင်ပြနိုင်ခြင်းမရှိခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေဦးကျော်ဟိုးက ပြောကြားသည်။
Writer:
ကျော်မျိုး

No comments:

Post a Comment