Thursday, November 24, 2016

အမေရိကန်၏ ခေတ်အမီဆုံး စစ်သင်္ဘော ပနားမား တူးမြောင်းထဲ စက်ချွတ်ယွင်း ရပ်တန့်

အမေရိကန် ရေတပ်၏ ခေတ်အမီဆုံး နောက်ဆုံးပေါ် တိုက်သင်္ဘောကြီးမှာ ပနားမားတူးမြောင်းကို ဖြတ်သန်းစဉ် စက်ရပ်သွားသဖြင့် မျက်နှာပျက်စရာ ဖြစ်ခဲ့ကြောင်း သိရသည်။ USS Zumwaltသည် ယခုသီတင်းပတ်အတွင်း တူးမြောင်းကို ဖြတ်သန်းခုတ်မောင်းစဉ် စက်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ရပ်တန့်သွားပြီး ဆွဲသင်္ဘော တစ်စီးက ဆိပ်ကမ်းထိ သွားရောက်ဆွဲယူခဲ့ရကြောင်း အမေရိကန် တတိယ ရေတပ်မ ပြောရေးဆိုခွင့်ရ အရာရှိ ရိုင်ယန်ပယ်ရီက အတည်ပြုခဲ့သည်။ေ ရဒါဖြင့် ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်သည့် ဖျက်သင်္ဘောကြီးကို မိန်းရှိ Bath Iron သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သင်္ဘောသည် ဆန်ဒီယေဂိုသို့ ဦးတည်ခုတ်မောင်းစဉ် စက်ရပ်သွားခြင်း ဖြစ်သည်။ “လောလောဆယ် သင်္ဘောရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတာ မရှိသေးပါဘူး။ အခုလည်း သင်္ဘောရဲ့ ကြံ့ခိုင်ရေးနဲ့ လုံခြုံရေးအတွက် ဆန်ဒီယေဂို ဆိပ်ကမ်းမှာ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ပယ်ရီက ပြောကြားခဲ့သည်။



အမေရိကန် ရေတပ်နှင့် နီးစပ်သည့် သတင်းဌာန တစ်ခုက သင်္ဘောသည် တူးမြောင်းထဲ ဖြတ်ကျော်နေစဉ် ပန်ကာဒလက်များ လုံးဝ ရပ်တန့်သွားခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ထို့အပြင် သင်္ဘောကိုယ်ထည် အပြင်ပိုင်းတွင် အသေးစား ထိခိုက်မှုများလည်း ရှိခဲ့ကြောင်း ဆိုသည်။

ပေပေါင်း ၆၁၀ ရှည်လျားသည့် သင်္ဘောသည် ကမ္ဘာ့ရေတပ်သမိုင်းတွင် ခေတ်အမီဆုံး နည်းပညာများ အသုံးပြု တည်ဆောက်ထားသည့် ရေယာဉ် တစ်စီးအဖြစ်လည်း သတ်မှတ်ခံရသည်။ သင်္ဘော၏ အထင်ရှားဆုံး လက်နက်စနစ် တစ်ခုမှာ စက်သေနတ်များဖြစ်ပြီး ရေမိုင် ၆၃ မိုင် အကွာမှ ပစ်မှတ်ကိုပင် တိတိကျကျ တိုက်ခိုက်နိုင်သည်။

USS Zumwaltကို တည်ဆောက်ရာတွင် ဒေါ်လာ ၄.၄ ဘီလီယံမျှ ကုန်ကျခဲ့ပြီး အောက်တိုဘာတွင် မေရီလန်း၌ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သည်။ အမေရိကန် ရေတပ်သည် Zumwaltကဲ့သို့ စစ်သင်္ဘောမျိုး နောက်ထပ် ၂ စီးကိုလည်း တည်ဆောက်သွားရန် စီစဉ်ထားသည်။

Ref: Guardian

No comments:

Post a Comment