Monday, November 28, 2016

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ညောင်ရွှေမြို့ ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံခြား ခရီးသွားလာရောက်ရန် ကျပ်သိန်းပေါင်း ၂၀၀၀ ခန့် သုံးစွဲ၍ ညဈေးဖွင့်လှစ်မည်

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ညောင်ရွှေမြို့၌ ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံခြားခရီးသွား လာရောက်လည်ပတ်ရန် ကျပ်သိန်းပေါင်း ၂၀၀၀ ခန့် သုံးစွဲ၍ ညဈေးတန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (အင်းလေးဇုန်) ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က ပြောကြားသည်။ေ ညာင်ရွှေမြို့၌ ဖွင့်လှစ်မည့် ညဈေးတန်းတွင် ရိုးရာလက်မှု ပစ္စည်းဆိုင်၊ ဒေသထွက်ကုန် အရောင်းဆိုင်များ အဓိကထား ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ရေကူးကန်၊ ကလေးကစားကွင်း နှင့် ရိုးရာလက်မှု ပြခန်းများကိုပါ ထည့်သွင်း ပြသမည်ဖြစ်ကြောင်း သိရသည်။ "ညောင်ရွှေမှာ ဖွင့်လှစ်မယ့် ညဈေးက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဖွင့်လှစ်ဖို့ အရင်က စီစဉ်ထားတာပါ။ အခုကတော့ မမီတော့တဲ့အတွက် လာမယ့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ အပြီးဖွင့်လှစ်နိုင်ဖို့ စီစဉ်ရတာပါ။ ညဈေးဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က နိုင်ငံခြားသားတွေ လည်ပတ်တဲ့နေရာတစ်ခု တိုးလာတာရယ်၊ ဒေသဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ အဲဒီအတွက် ကုန်ကျစရိတ်ကတော့ ကျပ်သိန်းပေါင်း ၁၅၀၀ နဲ့ ၂၀၀၀ ကြား သုံးစွဲမယ်လို့ ခန့်မှန်းထားပါတယ်" ဟု ဦးမျိုးမင်းဇော်က ပြောကြားသည်။



ထို့ပြင် နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှုကောင်းမွန်၍ သန့်ရှင်းလတ်ဆတ်သည့် စားသောက်ဆိုင်ကြီး ၂၀၊ ဆိုင်သေး ၁၅ ဆိုင်ခန့်နှင့် အမှတ်တရပစ္စည်း ဆိုင်ခန်းငယ် ၂၀ ကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညဈေးတန်း အကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ညဈေးဖွင့်လှစ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် အဓိက လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ညောင်ရွှေမြို့တွင် ဖွင့်လှစ်မည့် ညဈေးတွင် ရောင်းချမည့် စားသောက်ဆိုင်များနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်များကို ဟိုတယ်လုပ်ငန်းရှင်များ အသင်း၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ အမှတ်တရပစ္စည်း ရောင်းချသူများအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ အသင်းဝင်များကိုသာ အဓိကဦးစားပေး ရောင်းချခွင့်ပြုပေးမည်ဖြစ်သည်။  
Writer:
မြတ်စုနိုင်

No comments:

Post a Comment