Sunday, November 27, 2016

မင်းပြားမြို့ မီးဘေးသင့်ပြည်သူ ၁ဝဝ ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်နေ

မင်းပြားမြို့ရှိ ဦးစိုးတင့်ရပ်ကွက်မီးလောင်မှုကြောင့် မီးဘေးဒဏ်သင့်ပြည်သူ ၁ဝဝ ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု မင်းပြားမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကို ယနေ့ နေ့လယ်ပိုင်းက ပြောသည်။ “တစ်ခုမှကို မကျန်ခဲ့တဲ့အတွက် သူတို့တွေမှာလက်ရှိ အစားအသောက်၊ အဝတ်အထည်၊ ခြင်ထောင်နဲ့ စောင်တွေ အရေးပေါ်လိုနေပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။ အကူအညီလိုအပ်နေသည့် မီးဘေးသင့်ပြည်သူ ၁ဝ၇ ဦးတွင် ၁၈ နှစ်အထက် ကျား ၂၆ ဦး၊ မ ၂၃ ဦးနှင့် ၁၈ အောက် ကျား ၂၆ ဦး၊ မ ၃၂ ဦးတို့ပါဝင်ပြီး သူတို့သည် လက်ရှိတွင် ဦးစိုးတင့်ရပ်ကွက်တွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ဆွေမျိုးများနေအိမ်တွင် နေထိုင်နေကြရသည်ဟုလည်း ရဲမှတ်တမ်းများအရ သိရသည်။


“အခုလက်ရှိတော့ ပြည်နယ်အစိုးရက ခေါက်ဆွဲခြောက်တစ်ဖာနဲ့ အဝတ်အထည်၊ ဒန်အိုးဒန်ခွက် တချို့ မနေ့က လာပေးပါတယ်။ ကျနော်တို့ကတော့ ပုံမှန်အနေအထားတစ်ခုကို ပြန်လိုချင်ပါတယ်”ဟု အိမ်နှင့်တွဲလျက်ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်တစ်ခုလုံး မီးလောင်ဆုံးရှုံးခြင်းခံလိုက်ရသူ ဦးစိန်ကျော်သန်းက နိရဉ္စရာသို့ပြောသည်။
အဆိုပါရပ်ကွက်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ကုန်စုံဆိုင်တစ်ခု၌ ဓာတ်ဆီပေပါမှ ဂါလံခွက်ထဲသို့ ဆေးလိပ်သောက်လျက် ဓာတ်ဆီလောင်းထည့်စဉ် ဆေးလိပ်မီးမှတဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် လူ ၅ ဦးဒဏ်ရာ အပြင်းအထန်ရရှိပြီး အိမ်ဆိုင်များအပါအဝင် နေအိမ် ၁၂ လုံးနှင့် ဆိုင်ခန်း ၉ ခန်းပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၉ဝ ခန့်ရှိသည်ဟုလည်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ဒဏ်ရာရရှိပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသနေကြသူများမှာ ဦးထွန်းအောင်ကျော် (၅၅) နှစ်- ဥက္ကာပျံရွာ၊ မစိုးစိုး (၃၅)နှစ်- ကေသလာချောင်းဝရွာ၊ မလှမြသန်း (၃၂)နှစ် ပန်းဇင်းမော်ရွာ၊ ၊ ကိုအောင်မျိုးသန့် (၂၇) နှစ်- အလယ်ပိုင်း လမ်းသစ်ရွာ၊ ကို အောင်သန် (၂၂) နှစ်- ဦးစိုးတင့် လမ်းသစ်ရွာတို့ ဖြစ်ကြသည်။

No comments:

Post a Comment