Wednesday, November 30, 2016

နိုင်ငံတစ်ဝန်း လှုပ်ခတ်ခဲ့သည့် နိုဝင်ဘာငလျင်

 မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်တိုက်ခိုက်ခံရမှုက မြန်မာ့လူ့အသိုင်းအ၀ိုင်းအတွင်း နာမည်ကြီးစကားပုံတစ်ခုကို သတိတရ ဖြစ်စေသည်။ ‘‘ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးတယ်’’ဟူသော စကားပုံ။ေ ညာင်ဦးတွင် ကမ်းပါးပြိုကျ သည့်သတင်းကြောင့် လူတွေ အထိတ်တလန့်ဖြစ်နေချိန် ထိုနေရာ နှင့် မိုင်ပေါင်းရာချီဝေးကွာသော စမ္ပာနဂိုရ်မှ လှည်းမောင်းသမားက ယင်းသတင်းကိုကြားကာ ကြောက်ကြောက်လန့်လန့်ဖြင့် နွားကို အတင်းမောင်းနှင်ရာ လှည်းဆွဲ သောနွားခြေချော်လဲ၍ ပေါင်ကျိုးသွားသည်ဟု အဓိပ္ပာယ်ရသော မြန်မာစကားပုံဖြစ်သည်။ ကမ္ဘာပြားပြီဆိုသော နည်း ပညာခေတ်တွင် နေရာဒေသမိုင် ပေါင်းများစွာ ဝေးကွာသော်လည်း အကျိုးအကြောင်းဆက်စပ်နေသည်ကို ယခုစကားပုံက မီးမောင်း ထိုးပြထားသည်။



နိုဝင်ဘာ ၂၀ရက်နံနက် ဝေလီဝေလင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တရုတ်နိုင်ငံနှင့် ကျောချင်းကပ်နေသော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို KIA၊ MNDAAနှင့် TNLA တို့ပူးပေါင်း လက်နက်ကိုင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့သည်။ လက်လီရောင်းချသော ဈေးဆိုင်မှသည် ပွဲရုံကြီးများအထိ ချက်ချင်းပိတ်လိုက်ရသည်။ ဒေသခံများ ဘေးလွတ်ရာသို့ အသက်လုပြေးကြရသည်။ မြန်မာနိုင်ငံတစ်ခုလုံးမှ နယ်စပ် ကုန်သွယ်ရေးစခန်းများအနက် အချက်အချာ အကျဆုံးဖြစ်သော မူဆယ် ၁၀၅  မိုင်ကုန်သွယ်ရေးဇုန်ကြောင့် နေ့ရောညပါစည်ကားနေသော မြို့မူဆယ်သည် တိုက်ပွဲကြောင့် ခြောက်ကပ်တိတ်ဆိတ်သွားကာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး ရုတ်တရက်ရပ်တန့်သွားသည်။

နယ်စပ်ကုန်သွယ်ရေး၏ ရာခိုင်နှုန်း ၈၀ ခန့်အထိ အရောင်းအ၀ယ်ပြုလုပ်သော နယ်စပ်ထွက် ပေါက်ဂိတ်အလုပ်မဖြစ်တော့ခြင်း၏ အကျိုးဆက်အဖြစ် မူဆယ်မြို့ နှင့် မိုင်ပေါင်းရာချီဝေးကွာသော ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တ လေးတိုင်းဒေသကြီးတို့မှ တရုတ် နိုင်ငံနှင့် ကုန်သွယ်မှုအသိုက်အ ၀န်းတွင်ပါဝင်သော တောင်သူ များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ယာဉ်မောင်းများ အကြီးအ ကျယ်ဒုက္ခရောက်ခဲ့သည်။

ပြောင်းနှင့် ဆန်ကဲ့သို့ ကုန်စည်များ ဈေးမကောင်း၍ တောင်သူများ အကျပ်ရိုက်နေချိန် တိုက်ပွဲဖြစ်၍ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသောအခါ အခြေခံလူတန်းစားတောင်သူများ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားသည်။

တိုက်ပွဲမဖြစ်မီ နိုဝင်ဘာ ၁၉ ရက်ည၌ တရုတ်နိုင်ငံသို့ တင်ပို့ ရန် ခြောက်ဘီးကား သုံးစီးအပြည့် သခွားမွှေးများ သယ်ဆောင်လာ သော ဘုတလင်မြို့မှ တောင်သူဦးစိုးမြိုင်က ‘‘ဖရဲတို့၊ သခွာမွှေးတို့ ဆိုတာ ဒီနေ့မှ မ၀ယ်ရင် စားမယ့်သူမရှိတော့ဘူး။ လမ်းပိတ်နေတဲ့ ကာလမှာ အရောင်းအ၀ယ်တောင်သူ အကြီးရော၊ အသေးရော၊ အလတ်ရော ထိတယ်ဗျာ။ ကျွန်တော်တို့ ကုန်တွေက တစ်ရက်ဆို တစ်ရက်အလျောက် ပျက်စီးတာလေ’’ဟု စိတ်ပျက်လက်ပျက်ညည်းညူ သည်။

သခွားမွှေးသီးကားတစ်စီးလျှင် ကားတန်ဆာခအပါအ၀င် ၁၀ သိန်းကျပ်ခန့် တန်ကြေးရှိပြီး လူထုက ဘာမှန်းညာမှန်းမသိသေး သော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်နယ်မှ တောင်သူတစ်ဦး သိန်း ၂၀ မှ ၃၀ ကြား ဆုံးရှုံးနစ်နာခဲ့သည်။ မူဆယ်ဒေသသို့ ကျသော သေနတ်ကျည်က ဘုတလင်အထိ မရောက်သော်လည်း အညာဒေသမှ တောင်သူကို အကျပ်ရိုက်စေခဲ့သည်။

ဆန်ကဲ့သို့ ကြာရှည်ခံကုန် စည်အတွက် ပြဿနာများစွာ မကြီးမားခဲ့သော်လည်း အထက်အညာဒေသမှထွက်သော သီးနှံများ၊ ဧရာဝတီနှင့် ရခိုင်ဒေသမှ ရေထွက်ကုန်များ အနည်းနှင့်အများ လေလွင့်ပျက်စီးခဲ့သည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦးက နိုင်ငံတော် ၀င်ငွေအဓိကရှာဖွေပေးနေသော ကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရမှုသည် မူဆယ်ဒေသသာမက မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ပြောသည်။

ကုန်သွယ်ရေးဇုန်ပုံမှန် ရောင်းဝယ်ဖောက်ကားနိုင်အောင် အစိုးရက စီမံမည်ဖြစ်ကြောင်းလည်း သတင်းစကားပါးသည်။


ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၄ ရက်အထိ ငါးရက်ကြာအရောင်းအ၀ယ် မပြုလုပ်နိုင်ခဲ့ပေ။ မူဆယ်ခရိုင်အထွေထွေအုပ် ချုပ်ရေးရုံးမှရရှိသော ကိန်းဂဏန်းများအရ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ နေ့စဉ်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ရှိသည်။ငါးရက်အတွင်း အမေရိကန်ဒေါ် လာ သန်း ၅၀ ကျော် နိုင်ငံတော်အတွက် နစ်နာခဲ့သည်။ အစိုးရနှင့်တပ်မတော်က ကုန်သွယ်ရေးဇုန် ပုံမှန်လည်ပတ်ရန် အာရုံစိုက်ပြီးလုံခြုံရေးအတွက် သိသိသာသာ တိုးချဲ့လုပ်ဆောင်ခဲ့သည်။

သို့သော်ပစ်ခတ်တိုက်ခိုက်မှုများက အဓိကနယ်စပ်ဒေသကို ခြိမ်းခြောက်နေဆဲပင်။ ယခု ဆောင်းပါးရေးနေချိန် နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီခန့်ကပင် မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးသို့ လက်နက်ကြီးဖြင့် အ ပစ်ခံရပြီး ဒေသခံများထိတ်လန့်ခဲ့ရပြန်သည်။ ည ၁၀ နာရီကျော်တွင် လက်နက်ကြီးသံ ဆူညံစွာ ကြားရ ပြန်သည်။

ဒေသတွင်းမငြိမ်းချမ်းသေးသည့်အပေါ် ဒေါသထွက်နေသော မူဆယ်မြို့ခံတစ်ဦးက ‘‘ကျွန်တော်တို့တွေက ပြည်သူလူထုလေ။ လက်နက်ကိုင်ထားသူတွေ မဟုတ်ဘူး။ လက်နက်ကိုင်သူအချင်းချင်း ဖြစ်မှာလား။ ကျွန်တော်တို့ ဖယ် ပေးမယ်။ ချကြ။ အခုက လူတွေ နေတဲ့ နေရာနားလာပစ်ခတ်နေကြတာ။ ဒါလွန်သွားပြီ’’ဟု ဆိုသည်။

လက်နက်ကိုင်အဖွဲ့များဘက်က တိုင်းရင်းသားဒေသများတွင် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တုံ့ပြန်သည့်အနေဖြင့် စုပေါင်းကာကန့်သတ်စစ်ဆင်နွှဲရခြင်းဖြစ်ပြီး လူထုကိုဦးတည်တိုက်ခိုက်မည်မဟုတ်ကြောင်း အ ကြောင်းပြထားသည်။ သို့သော်လည်း တိုက်ခိုက်မှုဖြစ်ပွားသည့် နိုဝင်ဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ ကိုးရက်တာအတွင်း အရပ်သား ကိုးဦးသေဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးဒဏ်ရာရသူအများစုမှာ မူဆယ်ဒေသခံမဟုတ်ဘဲ ဒေသပေါင်းစုံမှဖြစ်သည်။ Global Time သတင်းဌာနက မြန်မာနိုင်ငံမြောက်ပိုင်း ဒေသမှ ယခုတစ်ကြိမ်တိုက်ပွဲသည် မြန်မာ-တရုတ်အပြန်အ လှန်ဆက်သွယ်နေသော စီးပွားရေးအချက်အချာနေရာကို လူသိရှင်ကြား တိုက်ခိုက်ခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်သူ့ဆန္ဒကို ကျောခိုင်းဖောက်ဖျက်ခြင်းဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရှမ်းမြောက်ဒေသမှ ပူးပေါင်းလက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်နှင့်ပတ်သက်၍ တံတားများ မိုင်းခွဲခံရခြင်း နှင့် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းပြတ် တောက်ခဲ့ပြီး ပြည်သူများ၏ လူမှုစီးပွားဘ၀များ ထိခိုက်စေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရမှုများအတွက် အထူးပင် ၀မ်းနည်းကြေကွဲရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားခဲ့သည်။

ဒေသတွင်းမတည်ငြိမ်မှု ကြောင့် တိုင်းရင်းသားတို့ တန်ဖိုး ထားရာ ရိုးရာအစဉ်အလာကိုပါ ဖျက်ဆီးခဲ့သည်။ နှစ်စဉ်ကျင်းပနေ ကျဖြစ်သော ရှမ်းနှစ်သစ်ကူးပွဲ တော်နှင့် ရှမ်းကောက်သစ်စားပွဲ များ ယခုနှစ်မကျင်းပနိုင်ခဲ့ပေ။ လတ်တလောအခြေအနေအရ တွေ့ကြုံလာနိုင်သော လူထု၏ အသက်အန္တရာယ်ကို ထောက်ရှုငဲ့ညှာသောအားဖြင့် မိမိတို့ တန်ဖိုး ထားထိန်းသိမ်းခဲ့သော ရှမ်းနှစ် သစ်ကူးပွဲတော်နှင့် ကောက်သစ် စားပွဲကို ယခုနှစ်တွင် မကျင်းပရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် မူဆယ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက သတင်းထုတ် ပြန်သည်။

ဝက်လက်မြို့နယ် လှတောရွာဇာတိဖြစ်ပြီး ယခုအခါမူဆယ် မြို့တွင် အခြေချနေထိုင်သော ကိုကျော်ကျော်ကို ရှမ်းနှစ်သစ်ကူးပွဲမကျင်းပနိုင်ခြင်းအပါအ၀င် ပစ်ခတ်မှုများကြောင့် မူဆယ် ဒေသ၏ စိုးရိမ်ထိန်လန့်နေမှုအ ပေါ် မေးမြန်းရာ လှတောသားပီပီ ‘‘အထိနာတာများ ရည်းစားဦး လင်နောက်လိုက်ပြေးသလိုပဲ’’ဟု ဆိုပေသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်သည် နိုင်ငံ့စီးပွားရေးအတွက် အဓိကျ၍ အစိုးရက အလျင်အမြန်ပြန်ဖွင့်ခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်တွင် တစ်ကျော့ပြန်ဖွင့်ခဲ့သော မူဆယ် ၁၀၅ မိုင်ကုန်သွယ် ဇုန်သည်ကုန်တင်ကားများ မောင်းနှင်သံဖြင့် နံနက်မလင်းမီ အသက်ပြန်ဝင်လာသည်။ သို့သော်ပစ်ခတ်မှုမဖြစ်ပွားမီကာလကဲ့သို့ မဟုတ်သေး။ ကုန်တင်ယာဉ်အများစုမတက်ရဲသေးသကဲ့သို့ ရောက်နေသောယာဉ်မောင်းများသည်လည်း ၎င်းတို့တစ်ဦးချင်း လုံခြုံရေးအပေါ် စိုးရိမ်မကင်းဖြစ်နေကြသေးသည်။ နိုဝင်ဘာ ၂၉ ရက်ကစ၍ ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်နီးပါးပြု လုပ်နေပြီဖြစ်သည်။

သို့သော်ဘ၀တူယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ကားသုံးစီးမီးရှို့ခံထားရသည့် ကုန် သွယ်ရေးဇုန်နှင့် တစ်ဆက်တည်းရှိသော ပြည်ထောင်စုလမ်းမပေါ်မှ အနိဋ္ဌာရုံမြင်ကွင်းများက ကုန် သွယ်ရေးဇုန်မိသားစုအသိုက်အ၀န်းကို ခြောက်လှန့်နေဆဲဖြစ် သည်။

လုံခြုံရေး အခြေအနေကြောင့် အမည်ထုတ်ဖော်မပြောလိုသော ကုန်သည်တစ်ဦးက နိုဝင်ဘာ ၂၀ ရက်မှလကုန်ပိုင်းအထိ ကြုံတွေ့ခဲ့သော အခြေအနေကို ‘‘ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရတဲ့ နောက်ဆက်တွဲပြဿနာက ရှမ်းမြောက်ကနေ အညာဒေသအထိ တစ်ကြောလုံးငလျင်လှုပ်သွားသလိုပဲဗျာ’’ဟု ဆိုသည်။  အောင်သစ်လွင်

No comments:

Post a Comment