Wednesday, November 23, 2016

လှည်းဝိုင်းကြီးတွေနဲ့ ကောင်းမှုတော်တန်ဆောင်တိုင်

သာလွန်မင်းတည်ခဲ့တဲ့ စစ်ကိုင်းကောင်းမှုတော်ဘုရားဟာ သုံးပွဲရဘုရားပါ။ နှစ်စဉ် သီတင်းကျွတ်လပြည့်တစ်ပွဲ၊ လပြည့်ကျော် ၈ ရက်တစ်ပွဲ၊ တန်ဆောင်မုန်းလပြည့် တစ်ပွဲပါ။ လာမယ့် တန်ဆောင်တိုင်ကောင်းမှုတော်ပွဲကတော့ ရုပ်သေးစင်၊ လက်ဝှေ့ပွဲ၊ ကြည့်ချင်ပွဲတွေနဲ့ လယ်ယာသုံးကုန်ရောင်းသူ ၁၂ ပွဲ ဈေးသည်တွေနဲ့ အစည်ကားဆုံးပါ။ ဒီနှစ်မှာတော့ ကောင်းမှုတော်ပတ်လည်တစ်ခို စစ်ကိုင်းနယ်မှာ မိုးကောင်းလို့ တောင်သူတွေအများစုပျော်ကြတယ်။ လယ်ကွင်းမှာ အောင်ရေအပြည့်နဲ့ ဖုံးတုံးလုံးတုံးမက ရိတ်ရခါနီးပြီ။ နှမ်းတွေလည်းရ မြေပဲ လည်းအောင်၊ ဂျုံကုလားပဲဆောင်းသီးနှံတွေလည်း ဟန်ကျနေလို့ ဘုရားပွဲကိုလှည်းတွေနဲ့ ပျော်ပျော်ကြီးလာနေကြပြီ။




ကောင်းမှုတော်သမိုင်း

သာလွန်မင်းတရားကြီး  (၁၅၈၄ ခုနှစ် မေလတွင်ဖွား၍ ၁၆၄၈ ခုနှစ် စက်တင်ဘာလတွင် ကံတော်ကုန်နတ်ရွာစံသည်) က ကောင်းမှုတော်စေတီကို စတင်တည်ထားခဲ့တာပါ။

ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့မြေးဖြစ်သူ သာလွန်မင်းတရားကြီးဟာ နောင်တော် အနောက်ဘက်လွန်မင်း နတ်ရွာစံ ကံတော်ကုန်တာနဲ့တစ်ပြိုင်နက် အဘိုးလက်ထက်မှ စစ်တိုက်ခြင်းကြောင့်ရရှိလာတဲ့ တိုင်းပြည်နစ်နာမှုတွေကို သိရှိတာကြောင့် စစ်ကို သိပ်မုန်းတီးခဲ့သူဆိုရင် မမှားပါဘူး။ ဒါကြောင့်လည်း တိုင်းပြည်ကို စီးပွားရေးဖြင့်သာ သာယာဝပြော စည်ပင်အောင်လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားပြီး စစ်တိုက်ဖို့၊ စစ်အင်အားစုဆောင်းဖို့ ကုန်ကျမယ့်စရိတ်တွေကို ပြည်သူတွေ စီးပွားဖြစ်ထွန်းအောင်သာ ကြိုးစားခဲ့တာပါ၊

သူ့ရည်ရွယ်ချက်က တိုင်းပြည်စည်ပင်ဝပြောပြီး အေးချမ်းနေလျှင် စစ်မက်အင်အားလည်း အလိုလိုပါပြီးသားဖြစ်တယ်။ တကူးတက စုဆောင်းစရာမလိုဟု ယူဆခဲ့ဟန်ရှိတယ်။ ဒါကြောင့်လည်း သာသနာတော်ကို ကြည်ညိုသည့်အလျောက် မြန်မာနိုင်ငံ သာသနာ့သမိုင်းတွင် ထင်ရှားခဲ့သော တောင်ဖီလာဆရာတော်၏ အမိန့်ကိုနာခံကာ သာသနာတော်အရေး၊ ဘာသာရေး၊ တိုင်းပြည်စီးပွားရေး စသည်ကို အဘက်ဘက်က တိုးတက်အောင် စီမံအုပ်ချုပ်တော်မူခဲ့တယ်။ တိုင်းပြည်ကို သာယာဝပြောအောင် စီမံအုပ်ချုပ်နိုင်ခဲ့လို့လည်း သာလွန်မင်းတရားကြီးလို့ ပြည်သူပြည်သားများက ချစ်ခင်မြတ်နိုး ခေါ်ဝေါ်ခဲ့ကြတယ်။

တိုင်းပြည်အတွင်းသာမကဘဲ အိမ်နီးချင်း အိန္ဒိယ၊ သီဟိုရ် (သီရိလင်္ကာ) နိုင်ငံများနှင့်လည်း စီးပွားရေးအရ အများအပြားဆက်ဆံကာ တိုင်းပြည်ဖွံ့ဖြိုးအောင် ကြိုးပမ်းခဲ့တယ်။ မြန်မာကောဇာသက္ကရာဇ် ၉၉၁ ခုနှစ်တွင် နန်းတက်တော်မူသော မင်းတရားကြီးဟာ ကောင်းမှုတော်စေတီကြီးကို တည်ဆောက်ဆဲမှာပင် ကံမကောင်းစွာ နတ်ရွာစံကံတော်ကုန်ခဲ့တယ်။ ဆက်လက်၍ မပြီးပြတ်သေးတဲ့ စေတီတော်ကြီးကို သားတော်မင်းက ဆက်လက်တည်ထားကာ ထီးတော်တင်လှူနိုင်ခဲ့တယ်။။

ကောင်းမှုတော် စေတီပုံစံ

သရေခေတ္တရာပြည် ဒွတ္တပေါင်မင်းကြီး၏ ကောင်းမူတော်ဖြစ်သော စေတီခြောက်ဆူတွင် တစ်ဆူအပါအ၀င်ဖြစ်သော သရမာစေတီကို ပုံတူယူကာ ကောင်းမူတော်စေတီ (ရာဇမဏိစူဠာ) အဖြစ် တည်ထားတော်မူခဲ့တယ်။ အ၀န်းအတောင် ၃၀၀၊ အမြင့် အတောင် ၃၀၀ တည်ထားတော်မူခဲ့ပြီး စေတီ၏ လေးဘက်လေးတန်တွင် ကျောင်းတိုက် လေးတိုက်ကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့တယ်။ အရှေ့ဘက်ကျောင်းကို ပုဗ္ဗ၀န်ကျောင်း၊ မြောက်ဘက်ကျောင်းကို ဥတ္တရ၀န်ကျောင်း၊ အနောက်ဘက်ကကျောင်းကို ပစ္ဆိမာရုံကျောင်း၊ တောင်ဘက်ကကျောင်းကို ဒက္ခိဏ၀န်ကျောင်းလို့ မှည့်ခေါ်ခဲ့ကာ ယနေ့ခေတ်တွင်တော့ ကျောင်းနေရာများ၊ အုတ်ရိုးဟောင်းနေရာများစွာကို တွေ့ရှိနိုင်ပါသေးတယ်။

သို့သော် ကောဇာသက္ကရာဇ် ၉၉၆၊ သာသနာသက္ကရာဇ် ၂၁၇၈ ခုနှစ်တွင် သာလွန်မင်းတရားကြီးသည် စေတီတော်ကြီးကို ထီးမတင်ရသေးဘဲ နတ်ရွာစံခဲ့ကြောင်းကို ဘုရားဖြူဆရာတော် အရှင်ရာဇိန္ဒရေးသားသော သာသနဗဟုဿုတ ပကာသနီကျမ်းမှာ လေ့လာဖူးပါတယ်။

နောက်တစ်ချက်အနေဖြင့် မိမိလက်ထက်တွင် သာသနာရေးအရ အမြဲတမ်းအဆက်သွယ်ရှိခဲ့သော သီရိလင်္ကာနိုင်ငံမှ စေတီတော်ပုံစံများကို အတုယူသည်ဟုလည်း သိရတယ်။ ဘယ်ကြောင့်ဆို သီရိလင်္ကာ တစ်နိုင်ငံလုံးမှာ ယနေ့ခေတ်အထိ တည်ရှိနေကြတဲ့ စေတီတော်မှန်သမျှ ကောင်းမှုတော်ပုံစံချည်းသာဖြစ်တယ်။ စေတီအားလုံးကို ထုံးဖြူဖြူဖြင့်သာ ပူဇော်လေ့ရှိကြတယ်။ မြန်မာနိုင်ငံမှာလို ရွှေသင်္ကန်းကပ်သည်ဟူ၍ လုံးဝမရှိပါ။ အဖြူရောင်ထုံးသင်္ကန်းသည် စင်ကြယ်ဖြူစင်ခြင်းကို ကိုယ်စားပြုတယ်လို့လည်း ဆိုပါတယ်။

အဘိုးဖြစ်သူ ဘုရင့်နောင်မင်းတရားကြီး လက်ထက်ကတည်းက သီဟိုရ်ကျွန်း (ယနေ့ သီရိလင်္ကာနိုင်ငံ Sri lanka) မှ ပင့်ဆောင်လာခဲ့တဲ့ ဘုရားရှင်ရဲ့ လက်ဝဲဘက်အောက်စွယ်တော် အံတော်ပွားကို တောင်ငူတွင် ဌာပနာထား ပူဇော်ထားရာမှ ရန်သူတို့၏ရန်ကို ကြောက်သောကြောင့် မိမိနန်းစိုက်ရာ အင်းဝမြို့တော်အနီးတွင် ပူဇော်ထားရှိလိုရကား ယနေ့စစ်ကိုင်းမြို့တွင် ပြောင်းရွှေ့ ပူဇော်ထားတယ်လို့ ဆိုပါတယ်။၊

ဘုရားရှင်၏ အံတော်စွယ်တော်ဟာ ဆွတ်ဆွတ်အဖြူရောင်ဖြစ်လို့ ထိုသို့ရည်ရွယ်တော်မူကာ ထုံးသင်္ကန်းဖွေးဖွေးကိုသာ ကပ်လှူခဲ့တယ်လို့ သိရပါတယ်။ ကောင်းမှုတော် စေတီတော်ကြီးကို လူပေါင်း ၂၀၀၀ ကျော်ဖြင့် ၁၂ နှစ်ကြာအောင် တည်ဆောက်ခဲ့ရတာပါ။

ပမာဏအနေဖြင့် သီရိလင်္ကာနိုင်ငံရှိ မဟာစေတီကြီးမှာ အမြင့်ဉာဏ်တော် ၁၂၀၊ လုံးပတ်တော် ၃၆၀ ရှိကြောင်း ဘောဣမံမဟာစေတိယံ ၀ီသရတနေန သတာယာမံ၊ တိသတသဋ္ဌိရတန ပရိဏာဟံ ဟောတိ-ဟု သာရတ္ထဒီပနီဋီကာကိုကိုး၍ သတပဒိကပုစ္ဆာကျမ်း၌ မင်းကွန်းဆရာတော်ကြီး ဖြေဆိုထားတာကို တွေ့ရပါတယ်။ စစ်ကိုင်းမှ ကောင်းမှုတော်ကြီးမှာ အမြင့်ဉာဏ်တော် ၁၀၁ တောင်၊ လုံးပတ်တော် ၅၀၂ တောင်၊ နှစ်မိုက်၊ လေးသစ်ရှိကြောင်း စွယ်စုံကျမ်းမှာ ဖော်ပြထားတာကြောင့် သီရိလင်္ကာမဟာစေတီကြီးက ဉာဏ်တော်မြင့်၍ ကောင်းမှုတော်ကြီးက လုံးပတ်ကြီးကြောင်းကိုလည်း မူကွဲအနေဖြင့် သိရပါတယ်။

အမေ့ရှေးစကား

အညာကအမေ ဒေါ်ခင်ဌေးကတော့ ရှေးတုန်းက ကောင်းမှုတော်ပွဲတွေအကြောင်း ပြန်ပြောင်းပြောပြတယ်။ သုံးပွဲရကောင်းမှုတော်ရဲ့ဆွမ်းတော်ကြီးပွဲတွေ အကြောင်းပြောပြတယ်။ အထူးသဖြင့် အမေတစ်သက်သား တစ်သက်အစည်ကားဆုံးဖြစ်တဲ့ ဒီမိုကရေစီခေတ် ကောင်းမှုတော်ပွဲတွေကို လွမ်းလှသတဲ့။ ၁၉၅၅၊ ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈ များဆီကတဲ့။ အမေတို့ငယ်ဘ၀က စစ်ကိုင်းမြောက်လက် ဘုရားနဲ့ ခြောက်မိုင်ကွာ စာရေးရွာက ငယ်ဘ၀မှာပါ။ ရွာလယ်က ကိုကြီးတုတ၊ ကိုကြီးတင်အောင်တို့ ခြောက်လုံးပတ်ပတ်အဖွဲ့က ဘုရားတက်သီချင်းလေးလည်း လွမ်းသတဲ့။

“ရာဇာမုနိမြတ်စွယ်တော်ဘွဲ့မည်မှာ ခြောက်သွယ်ရောင်ပေါင်းဖြာ၊ မင်းသာလွန် တည်ထားကိုးကွယ်တာ၊ စွယ်တော်နဲ့မြသပိတ်တော်မှာ ဓာတ်တော်များလည်း အတွင်းဝယ်ဌာပနာ။ ကောင်းမှုတော်စိန္တေယျာ၊ ကျွန်တော်များလည်း သွားရောက်မှာ၊ အရုဏ်ဆွမ်းကပ်ကာ၊ ရိုသေ၀တ်တွားလာ” စတဲ့သီချင်းတွေနဲ့ ခြောက်လုံးပတ်တီးတဲ့အဖွဲ့က အရုဏ်တော်ဖွဲ့ပြီး အပြိုင်အဆိုင် ဘုရားတက်တယ်။ အဲဒီခေတ်က စာရေးလေး၊ ငါးရွာမှာတစ်စီးသာရှိတဲ့ မြေပိုင်ကိုညိုခင်ရဲ့ စစ်ကျန်ချက်ပလက် လော်ရီကားကြီးကို အမိုးဖြုတ်ပြီး ကားဘေးပန်းချီကားတွေကပ်ပြီး အလှပြယာဉ်ဆင်တယ်။ မန္တလေးကငှားတဲ့ မင်းသမီးမငွေခင် လည်းပါလိုက်သေး။ ကိုကြီးတုတ်က တစ်ဖွဲ့၊ ကိုဘိုဝင်း၊ ကိုညွန့်ရွှေတို့ လေးငါးယောက်က အိုးစည်တစ်ဖွဲ့။ အိုးစည်လေးလုံးအလယ်က ဒိုးပတ်နဲ့တစ်ဖွဲ့၊ ရွှေကြယ်စီဘောင်းဘီဝတ် တောင်ရှည်ပုဆိုး ခါးတောင်းကျိုက်ကာ မင်းသားလိုကပြီး တီးရတာ။ အိုးစည်အဖွဲ့ရဲ့ ပင်တိုင်သီချင်းကတော့ “လုံမလေးကိုဗျာ၊ သူ့အမေရိုက်ပါလို့၊ လာလာလေလိုက်ခဲ့တော့ မောင်တို့ရွာ။ မောင်တို့ရွာဘာတွေပေါတယ်။ ပင်နီချောနဲ့ ယောထဘီ။ ပိတ်အင်္ကျီကို ရွှေကြယ်စီလို့၊ ပင်နီချောရယ်နဲ့ ယောထဘီပေါလှပေတယ်” လို့ဆိုကြတယ်။

နောက်ပိုင်းကျတော့ အမေ့အစ်ကို ကိုဘိုဝင်းက ခါးတောင်းကျိုက် အိုးစည်တီးရတာ ရှက်တယ်ဆိုပြီး အသင်းပြောင်းသွားသေးတယ်။ ကောင်းမှုတော်ဆွမ်းတော်ကြီး ကပ်တက်တဲ့ စာရေးအနောက်ရွာအသင်းကို အဝေယာဒိက အာရုံတော်လို့ခေါ်တယ်။ တစ်နှစ်ပြီး တစ်နှစ်ထွင်ကြတယ်။ မယ်ဒလင်၊ ဂီတာ၊ တယော၊ ဘင်ဂျိုတွေနဲ့ အသင်းသစ်ထောင်ပြီး စစ်ကိုင်းက ကိုထွန်းသောင်၊ မန်ကျည်းစင်က ကိုပျော်ကြည်တို့ ရွာခေါ်ပြီး အပြိုင်အဆိုင်သင်ကြတာ။ စာရေးသူမဘေဇာသား ဘုရင်မင်းခေါင် အနိမ့်စံဘ၀က ကိုယ့်ရွာသားကိုယ်ရံတော် ငခင်ညို၊ ငခင်ဘတို့က စည်းစုတ်တီးမှုတ်ပြီး နတ်ကပြီးကျွေးခဲ့တာဆိုတော့ စာရေးသားတွေက ဂီတသုခုမအနုပညာမှာလည်း ထိတ်ထိတ်ကြဲ။

ဒိုးတစ်လုံးအလယ်ကထားပြီး ဗြော

လေးလုံးနဲ့အဖွဲ့ကိုတော့ ကိုကြီးခက်က ခေါင်းဆောင်တဲ့ ဗြောဝိုင်းကတစ်ဖွဲ့။ နောက်တစ်ဖွဲ့က အဘိုးလှ၊ အဘိုးခတို့ဦးဆောင်တဲ့ ပလုတ်တုတ်ဗြုန်းဆိုတဲ့ ဗုံတောင်ရှည်ကြီးနဲ့ ပလုတ်တုတ်အဖွဲ့ အပါအ၀င် တီးဝိုင်းအပြိုင် ငါးဖွဲ့တောင်ပါတာ။

လမ်းလျှောက်ဇာတ်ထုပ်က ဝေသန္တရာမင်းကြီး၊ ထီးတော်မိုး၊ ၀န်ကြီးနှစ်ပါး၊ ဆင်ကြီးတစ်စီးနဲ့ အလှပြပါတယ်။ အဲဒီဆင်ကြီးကို လက်မှုတတ်ကျွမ်းတဲ့ တင်းတိတ်ရွာ (ဖရီဒါ ဦးအုန်းရွာ) မှာငှားပြီးရုပ်လုံးချိုးတာ။ ဆင်ကြီးရုပ်လုံးချိုးနေတာကို ကလေးတွေ နေ့စဉ်ပြေးကြည့်ရတာ အမော။ ဆင်ချိုးနေတဲ့ တဲခေါင်မိုးကို ရှားရှားပါးပါး တန်ဆောင်တိုင်မိုးကြိုးခလို့ ဆင်နာမည် ဗိုလ်မိုးကြိုးတွင်ရဲ့။ အဲဒီခေတ်က ဆင်မင်းသားတွေက ကိုသန်းမောင်၊ ကိုသောင်းဌေးတို့ပေါ့။ မင်းသားဝတ်တွေနဲ့ သိပ်လှပေါ့။ မိတပ်ကပ်ကို အရီးလေးသိန်းဒုပ်ကပြင်ပေးပြီး ကရင်းချွေးထွက်ရင် လမ်းတစ်လျှောက်မှာ တို့ဖတ်များတောင် လိုက်ရိုက်ပေးကြသေး။

လော်လီကားအလှပြပေါ်ကဆင်းပြီး ဘုရားတက်ကြတော့ မန်ကျည်းစင်လေသာကျောင်းကနေ စထွက်ပြီး ကောင်မှုတော်ဘုရားဝင်း အနောက်မုခ်က၀င်ရတာ။ မနက် ၄ နာရီ အာရုံဆွမ်းကပ်၊ သစ်သီးပန်း ဆီမီးကပ်တယ်။ မူလက ၀ါးလုံးတိုင်စိုက် ၀ါးဖျာမိုးယာယီတဲ တွေမှာနေရတယ်။ တစ်နှစ်မှာ တန်ဆောင်တိုင်မိုးမိပြီး ဒုက္ခရောက်ကြတယ်။ နောက်တော့ အာရုံခံအုတ်တိုက် တန်ဆောင်းကြီးဆောက်တယ်။ ပထမရတဲ့ အာရုံအဖွဲ့ဖြစ်လို့ ဥက္ကဋ္ဌဦးဆင်ရဲ့ စာရေးအဖွဲ့က နောင်နှစ်စဉ်အုတ်တိုက်မှာ တည်းခွင့်ရတယ်။

ဆွမ်းတော်ကြီးအာရုံအဖွဲ့မှာ ရွာလယ်က သက်တောရှည် အဖိုးဘဒင်ကလည်း အပြောအဟောကောင်းလှတယ်။ ဆိုင်းတွေ တီးဝိုင်းတွေ လမ်းလျှောက်ထိုးဇတ်ပါဖောမင့်တွေ အလှပြတွေအပေါ်မှာ အပြောဟောအပို့ကလည်းကောင်းမှ။ ရွာမှာ ခုနစ်ရက်တစ်ပတ် ဆွမ်းတော်ကြီးခံပြီး သီတင်းစဉ်အလိုက်ငွေစုပြီး ကုန်ကျစရိတ်ကို မျှခံကြတာပါ။ ရာလယ်က အဖိုးဘဒင်ရဲ့အိမ်မှာပဲ ဘုံပစ္စည်းတွေထားတယ်။ ဆွမ်းတော်ကြီးခံလာရင် အဖိုးဘဒင်အသံကြားရင် ဘယ်သူမှမနေနိုင်ဘဲ ထွက်လောင်းကြရတာ။ ဆုတောင်းကလည်းကောင်း၊ အသံသြဇာ ကျက်သရေလည်းရှိတဲ့ အဘိုးဟာဘုရားထဖက် အသက်ရှည်ဆိုတာလို အသက် ၉၇ အထိ နေသွားရတယ်။

ဥပုသ်ပွဲနဲ့တန်ဆောင်တိုင်

ဆိုရှယ်လစ်ခေတ်မှာတော့ ရွာသားတွေမွဲကြလို့ မစည်ကားဘူး ဆွမ်းအုပ်ကိုယ်စီနဲ့ အုပ်ထိုးသွားပြီးတော့ပဲ ဆွမ်းတော်တင်ရတယ်။ ရွာဓမ္မစကြာအဖွဲ့ကတော့ နှစ်စဉ်ဒုတိယပွဲဖြစ်တဲ့ ကောင်းမှုတော်ဥပုသ်ပွဲ သီတင်းကျွတ်လဆုတ် ၈ ရက်ပွဲ မီးထွန်းပွဲမှာ ၀တ်မပျက်ပူဇော်တယ်။

တန်ဆောင်တိုင်ပွဲကတော့ နှစ်စဉ်လပြည့်ကို ဦးတိုက်ပြီး လဆန်း ၁၂၊ ၁၃၊ ၁၄ ကနေ လပြည့်ကျော်တဲ့တိုင်အောင်ပါ။ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ လက်ဝှေ့ပွဲ၊ ကြည့်ချင်ပွဲတွေပါတယ်။ ရပ်ရှင်သုံးကား မိုးလင်းတွေပါတယ်။ လယ်ယာထွက်ကုန်တွေ၊ ဖျာသည်၊ တောင်းသည်၊ ဓား၊ တံစဉ်၊ လယ်ထွန်ထယ်သွား၊ စူးဆောက်လက်နက်ရောင်းသူတွေ မြေအိုးစဉ့်အိုး ၁၂ ပွဲ ဈေးသည်တွေ လချီစတည်းချတယ်။ ဈေးသယ်နဲ့ လယ်လုပ်တို့ ကုန်စည်ဖလှယ်ပွဲလိုပဲ။ ရွာတွေက ပေါင်းမိုးလှည်းတွေမှာ ကလေးတွေရော ခွေးတွေပါခေါ်ပြီး ထမင်းအိုးတောင်း ဟင်းအိုးတောင်တွေနဲ့ ရက်ရှည်လာကြတာ။ စည်တီး၊ ဆွမ်းချက်၊ ပုဂံရပ်၊ ပဲတကိုး၊ လက်လှုပ်စတဲ့ ဘုရားသမိုင်းနဲ့ချီတဲ့ ရွာတွေနဲ့ စစ်ကိုင်းမြို့ပေါ် ၁၂ ရပ်ကွက်၊ ကျောက်တာ၊ ရေခါးတောင်စဉ်တန်း ဆွမ်းတော်ကြီးအဖွဲ့၊ ပြိုင်ဘက်စာရေးအရှေ့က အတိသိတလ အာရုံအဖွဲ့စတဲ့ အပြိုင်အဆိုင် အာရုံတောတွေထဲမှာ ငခင်ညိုငခင်ဘတို့ စာရေးအနောက်ရွာ အရုဏ်တော်က အမြဲပထမရခဲ့ကြောင်းပါ။
Writer:
■ ကိုနေ(မန်း)

No comments:

Post a Comment