Wednesday, November 23, 2016

အသက် ၅၀ ကျော် ကြေးရတတ်နိုင်ငံခြားသားများကို ထိုင်းအစိုးရ ၁၀ နှစ်နေထိုင်ခွင့်ဗီဇာ ပေးမည်

ငွေကြေးပြည့်စုံကြွယ်ဝတဲ့ အသက် ၅၀ ကျော် နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံမှာ ၁၀ နှစ်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးသွားမယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးရဲ့အဆိုကို ကိုးကားပြီး ခေါင်ဆွတ်သတင်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့က ဖော်ပြပါတယ်။ ဒါဟာ ဗဟိုချက်မဖြစ်လာတဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်ဆေးကုသရေးဆိုင်ရာ ၀န်ဆောင်မှုတွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီပေါ်လစီကို ကြားဖြတ်အစိုးရအဖွဲ့က အတည်ပြုလိုက်တာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရသူ အသီဆစ် ချိုင်နူဝပ်က ပြောပါတယ်။  ဒီဗီဇာစနစ်ဟာ အရင်ကရှိနေခဲ့တဲ့ တနှစ်သက်တမ်းထပ်တိုးရတဲ့စနစ်နေရာမှာ အစားထိုး အသုံးပြုသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ ဆိုပါတယ်။



ဗီဇာလျှောက်ထားမယ့် နိုင်ငံခြားသားတွေအနေနဲ့ လစဉ်ဝင်ငွေဟာ အနည်းဆုံး ဘတ် ၁ သိန်း၊ ဒါမှမဟုတ် ဘဏ်စာရင်းထဲမှာ ဘတ်ငွေ ၃ သန်းရှိရမှာဖြစ်ပြီး ဗီဇာထုတ်ပေးပြီးချိန်ကစပြီး တနှစ်အတွင်း အဲဒီငွေကို ပြန်ထုတ်ခွင့်မပြုဘူးလို့ သတ်မှတ်ထားတာပါ။

ဆေးရုံတက်ရောက်ကုသခွင့် အပါအ၀င် ကျန်းမာရေးအာမခံစနစ်တွေအတွက် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၁ သောင်းအထက်ကိုလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗီဇာကိုင်ဆောင်လိုသူတွေဟာ ရက်ပေါင်း ၉၀ အတွင်း ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရုံးမှာ စစ်ဆေးနိုင်ပြီး ချင်းရိုင်၊ ချင်းမိုင်နဲ့ ချောင်ဘူရီခရိုင်တွင်း နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ လာရောက်လျှောက်ထားကြမယ်လို့ မျှော်လင့်တယ်လို့ အသီဆစ်က ပြောပါတယ်။

No comments:

Post a Comment