Tuesday, November 22, 2016

မူဆယ်မြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများသို့ ဒေသခံ စစ်ဘေးရှောင် ၂၆၃၆ ဦး လာရောက် ခိုလှုံ

KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်း၍ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့ စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတို့အား ၀င်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကြောင့် စစ်ဘေးရှောင် ဒေသခံပြည်သူ ၂၆၃၆ ဦးသည် ယာယီ ကယ်ဆယ်ရေးစခန်း (၅) ခုဖြစ်သည့် မူဆယ်မြို့ပေါ်ရှိ နမ့်ခွန်ကျောင်း၊ မဟာဝန်မြောက်ကျောင်း၊ ဇေတ၀န်ကမ္မဌာန်းကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် အောင်မင်္ဂလာ ကျောင်းများသို့ လာရောက် ခိုလှုံခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။



မူဆယ်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများ စာရင်းမှာ မူဆယ်မြို့၊ နမ့်ခွန်ကျောင်းတွင် ၇၈၀ ဦး၊ မူဆယ်မြို့၊ မဟာဝန်မြောက်ကျောင်းတွင် ၆၅၃ ဦး၊ မူဆယ်မြို့၊ ဇေတဝန်ကမ္မဋ္ဌာန်းကျောင်းတွင် ၄၈၆ ဦး၊ မူဆယ်မြို့၊ ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းတွင် ၁၀၉ ဦးနှင့် မူဆယ်မြို့၊ အောင်မင်္ဂလာကျောင်းတွင် ၆၀၈ ဦးတို့ ဖြစ်ကြသည်။
စစ်ဘေးရှောင် လာသူများအား ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ဆန်အိတ် ၃၀၀၊ ခေါက်ဆွဲခြောက်ဖာ ၁၀၀၀၊ သေဆုံးသူ တစ်ဦးလျှင် ကျပ် ငါးသိန်းမှ ဆယ်သိန်း၊ ဒဏ်ရာရသူ တစ်ဦးလျှင် ကျပ်တစ်သိန်းမှ သုံးသိန်းနှုန်းအပြင် ကယ်ဆယ်ရေးပစ္စည်း ၄၇၅ စုံတို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၂၀ ရက်မှ စတင်၍ ကယ်ဆယ်ရေးစခန်းရှိ စစ်ဘေးရှောင် ပြည်သူများအား နေ့စဉ် ထမင်းထုပ်များ၊ ရေသန့်ဘူးများ၊ အချိုရည်များ၊ အနွေးထည်နှင့် ခြုံစောင်များ ဝေငှပေးပြီး သေဆုံးသူ တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းနှင့် ဒဏ်ရာရသူ တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်း ထောက်ပံ့ပေးထားခဲ့ကာ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် သက်ဆိုင်ရာ ကျန်းမာရေး၊ ကုသရေး ဦးစီးဌာနများနှင့် ပူးပေါင်း၍ ယာယီဆေးခန်းများ ဖွင့်လှစ် ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment