Friday, November 25, 2016

ဒီစစ်ပွဲတွေကို ရပ်တန့်စေချင်တယ်၊ အရင်လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခရီးသွား လာချင်ပါတယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့အတွင်းရှိ တပ်စခန်း၊ ရဲစခန်းများနှင့် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းများကို နိုဝင်ဘာ ၂ဝ ရက်က KIA ၊ TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့များက အလစ်အငိုက်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အပြစ်မဲ့ပြည် သူများ သေဆုံးဒဏ်ရာ ရရှိမှုများရှိခဲ့သည်။ လက်ရှိ မူဆယ်ပြည် သူ့ ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိသော အဆိုပါဒဏ်ရာရလူနာများကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ဦးကျော်ထွန်းသည် (ရွှေဘိုခရိုင်၊ ဆိပ်ခွန်မြို့)မှ မူဆယ်(၁ဝ၅)မိုင် ကုန် သွယ်ရေးဇုန်တွင် ကုန်တင်၊ ကုန်ချ ဝန်ထမ်းတစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂ဝ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် ယာဘက်ခြေထောက် လက်နက်ကြီး ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးဝါး ကုသမှု ခံယူနေသည်။ ၄င်းက ''အခုလို တိုက်ပွဲ တွေဖြစ်တာ မလိုလားဘူး၊ မဖြစ် စေချင်ဘူး၊ ဖြစ်ရင် သူတို့လက်နက်ကိုင် အချင်းချင်းပဲ ထိခိုက်တာမဟုတ်ဘူး။ ကျွန်တော်တို့ပြည်သူတွေကပါ အဲ့ဒီစစ်ရဲ့ ဒဏ်ကို ခံစားနေရတာ၊ စစ်ပွဲတွေကို မြန်မြန် ရပ်စေချင်တယ်'' ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ၌ နေထိုင်သူ ကိုမိုးအောင်(၂၃)နှစ်သည် ပစ်ခတ်တိုက်ခိုက်မှု၌ ဝဲဘက် ပေါင်တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ)ရရှိပြီး ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးဝါး ကုသမှုခံယူ လျက်ရှိရာ ၄င်းက ''ဘယ်အဖွဲ့ကိုမှ အပြစ်မတင် လိုပါဘူး၊ အခုလို ဖြစ်တော့ ကျွန်တော်တို့လို ခရီးသွား ပြည်သူလူထု တွေကို မငဲ့ညှာကြဘူး၊ ဒီစစ်ပွဲတွေကို ရပ်တန့်စေချင်တယ်။ အရင်လို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ခရီးသွားလာချင်ပါတယ်'' ဟု ရင်တွင်းခံစားချက်ကို ပြောပြသည်။
ဦးရန်ရွှင်ချိုင် (၅၄)နှစ် တရုတ် အမျိုးသားသည် မုံးပေါ်ဒေသ၌ နေထိုင်သူဖြစ်ပြီး ပစ်ခတ်တိုက်ခိုက် မှုအတွင်း ယာဘက်ခြေထောက်၊ ဝဲဘက်ပေါင်နှင့် ရင်အုံဝဲဘက်တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုး ရိမ်ရ)ရရှိပြီး မူဆယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိ သည်။ ၄င်းက ''ခြံထဲမှာ အလုပ်လုပ်နေတုန်း လက်နက်ကြီး ကျပြီး အခုလိုဒဏ်ရာရခဲ့တာ၊ စစ်ဖြစ် မယ်ဆိုရင် ပြည်သူတွေကို မထိခိုက် စေချင်ဘူး။ ကျွန်တော်တို့လို ကျေးရွာ ပြည်သူတွေဆိုရင် ပိုပြီးဒုက္ခရောက် တယ်''ဟု ပြောကြားသည်။
ဦးမြတ်စိုး(၅၇)နှစ်သည် အကောက် ခွန်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ပန်ဆိုင်း(ကြူကုတ်)သို့ သွားသည့် မောင်းတံဂိတ်၌ တာဝန်ထမ်းဆောင် နေစဉ် ပစ်ခတ်တိုက်ခိုက်မှုတွင် ယာဘက်လက်မောင်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး မူဆယ် ပြည်သူ့ဆေးရုံ၌ အတွင်း လူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။ ဦးမြတ်စိုးက ''ဘယ်နေရာ၊ ဘယ်ဒေသ မှ အခုလို စစ်ပွဲတွေ မဖြစ်စေချင်ဘူး၊ ဖြစ်တိုင်းလည်း ဘာမှမသက်ဆိုင်တဲ့ ပြည်သူတွေကိုထိခိုက်နေတယ်။ နိုင်ငံ အတွက်လည်း အကျိုးမဖြစ်နိုင်ဘူး၊ နိုင်ငံ ပိုပြီးနစ်နာစေတယ်'' ဟု ပြောကြားသည်။
မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေး ဇုန်၌ အေးဂျင့်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုကျော်မိုးဝင်း(၃၄)နှစ်သည် ကုန်သွယ် ရေးဇုန်ရဲကင်း၏ အရှေ့ဘက်၌ နေထိုင် ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အိမ် တွင်းသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲ၍ ဝဲဘက်လက်မောင်းပြုတ် ဒဏ်ရာနှင့် ယာဘက်ပါး၌ ထိမှန် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။
''ကျွန်တော်တို့ မိသားစု နံနက်စာစားဖို့ ပြင်ဆင်နေ တုန်း လက်နက်ကြီး ပေါက်ကွဲတာ၊ အိမ်မှာရှိတဲ့ အမေ(ယောက္ခမ)နဲ့ ကျွန်တော့်ဇနီးတို့ကိုပါ ထိခိုက်ခဲ့ပြီး အမေကတော့ စိုးရိမ်ရတဲ့အခြေအနေ ကြောင့် ပြင်ဦးလွင် စစ်ဘက်ဆိုင်ရာ ဆေးရုံမှာဆေးကုနေတယ်။ ကျွန်တော် နဲ့အတူ မူဆယ်ဆေးရုံမှာ ကျန်ခဲ့တဲ့ ဇနီးကတော့ ဒီနေ့မနက်ပဲ ဆုံးသွား တယ် ''ဟု စိတ်မကောင်းဖွယ်ပြောကြား သည်။
ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့မှ နမ့်ပေါ်တံတားအနီး၌ ကုန်စုံဆိုင် (အသေးစား) လာရောက် ဖွင့်လှစ် ရောင်းချနေသူ ကိုသီဟ(၃၄)နှစ်သည် တိုက်ခိုက်မှုတွင် လက်နက် ကြီးစ ထိမှန်မှုကြောင့် ဝဲလက်တွင် ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)ရရှိခဲ့ပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံ အရိုးဆောင် ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသ မှုခံယူလျက်ရှိသည်။ ယင်းတိုက်ခိုက် ပစ်ခတ်မှုအား ''လုံးဝမထင်ဘူးပေါ့ဗျာ၊ အခုလိုဖြစ်မယ်ဆိုတာ၊ နောက်နောင် ဒီလိုအဖြစ်မျိုးတွေ မကြုံချင်တော့ဘူး၊ မဖြစ်စေချင်ဘူး၊ ထိခိုက်ဆုံးရှုံးမှုတွေကို ကျွန်တော်တို့လို ပြည်သူတွေပဲ အများ ဆုံးခံနေရတာ'' ဟု ပြောကြားသည်။
ကိုဇော်ရှိုင်း(၂၃)နှစ်သည် မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့မှ နမ့်ပေါ် တံတားအနီး၌ ကုန်စုံဆိုင် (အသေး) လာရောက်ဖွင့်လှစ် ရောင်းချနေထိုင် သူဖြစ်ပြီး နိုဝင်ဘာ ၂ဝ ရက် နံနက် ပိုင်းက နမ့်ပေါ်တံတား ရဲကင်းကို လာရောက်တိုက်ခိုက်မှုကြောင့် ယာ ဘက်ပေါင်၌ သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူ လျက်ရှိပါသည်။
ဆေးဝါးကုသမှု ခံယူရင်း ''ပေါင်အထဲက ကျည်ဆန်ကို မြန်မြန်ထုတ်ပေးစေချင်တယ်။ အိမ်ကို အလွန်ပြန်ချင်တယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့မြို့မှာပဲ ပြန်ကုချင်တယ်၊ ဟိုမှာက မိသားစုတွေရှိတယ်၊ ဆရာဝန် ကတော့ ဒဏ်ရာအခြေအနေက ကျည်ဆန်ထုတ်ပြီးရင်တော့ သက်သာ ပြီလို့ပြောပါတယ်''ဟု ကိုဇော်ရှိုင်းက သူ၏ဆန္ဒကို ထုတ်ဖော်ပြောကြား သည်။
အယ်လ်စိုး(မူဆယ်)

No comments:

Post a Comment