Wednesday, November 23, 2016

မူဆယ်မြို့ပေါ် အခြေအနေ ပုံမှန်အတိုင်းဟုဆို "

မူဆယ်မြို့လုံခြုံရေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၏ ကြီးကြပ်စီမံမှုဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့မ၊ ပန်းဆေး၊ ကောင်းခါး ၊ မုံးပေါ် ၊ ဆင်ကျော့ စသည့် ပြည်သူ့စစ်တပ်ဖွဲ့ များက တာဝန်ယူပူးပေါင်းပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်အသီးသီးတွင်ပင် နေထိုင်ကြရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံးက နိုဝင်ဘာ ၂၃ရက်တွင် စာထုတ်ပြန်ခဲ့သည်။ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူများအနေဖြင့် မသမာသူများကြောင့် ဖြစ်ပေါ်လျက်ရှိသည့် ကောလာဟလ သတင်းများကို ချင့်ချိန်ယုံကြည်ကြရန် လိုအပ်မည်ဖြစ်သလို မလိုအပ်ဘဲ စိုးရိမ်လွန်ကဲပြီး မိမိတို့ နေအိမ်အသီး သီးကို စွန့်ခွာတိမ်းရှောင်သွားပါက မသမာသူများက ဖောက်ထွင်း၊ ခိုးယူ၊ ဖျက်ဆီးခြင်း များပြုလုပ်လာနိုင် သည်ဟုလည်း သတိပေးခဲ့သည်။

နိုဝင်ဘာ ၂၃ရက် အခြေအနေနှင့်ပတ်သက်၍ မူဆယ်ရဲစခန်းမှ ရဲအုပ်တင်ထူးက " လက်ရှိမြို့ရဲ့ အခြေအနေက အေးဆေးတည်ငြိမ်နေပါတယ်ခင်ဗျ။ မနေ့က ညနေပိုင်းလည်း ဘာမှ မထူးခြားပါဘူး။ ဒီနေ့အထိပါပဲ။ ပြည်သူတွေအနေနဲ့ကတော့ ကောလာဟလသတင်းတွေအပေါ် စိုးရိမ်ပြီး သူ့ဆွေမျိုးတွေ ရှိတဲ့နေရာတွေ သွားကြတာတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်နယ်မြေ ကိုယ့်ဒေသ လုံခြုံရေးကို တပ်မတော်နဲ့ ပူးတွဲပြီးတော့ လုံခြုံရေးယူနေရပါတယ်" ဟု ပြောကြားသည်။
" မူဆယ်မြို့အခြေအနေက အေးအေးဆေးဆေး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ မနေ့ကလိုမဟုတ်တော့ဘူး။ အရင်သွားလာနေတဲ့အတိုင်း သွားနေကြလာနေကြပြီ။ ဈေးတွေလည်း ပြန်ရောင်းနေပြီ။ ဆိုင်တွေလည်း ပြန်ဖွင့်နေပြီ" ဟု မူဆယ်မြို့ခံ ကိုခင်မောင်လွင်က ပြောသည်။
သို့ရာတွင် မူဆယ်နှင့် ကွတ်ခိုင်မြို့အကြား လမ်းမပေါ်တွင်မူ ခရီးသွားလာရေးအတွက် စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု ၄င်းကဆိုသည်။
ကွတ်ခိုင်မြို့နှင့် ဆယ်မိုက်ခန့်အကွာ ဂါလိုင်ကျေးရွာဝန်းကျင်တွင် လတ်တလောအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု ယင်းဒေသသို့ ရောက်ရှိနေသူတစ်ဦးက နိုဝင်ဘာ ၂၃ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် ပြောကြားသည်။
ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA၊ တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုသည် နိုဝင်ဘာ ၂၀ရက်တွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းအပါအ၀င် အစိုးရ လုံခြုံရေးတပ်စခန်းများအား ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များအပြင် အရပ်သား သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
မူဆယ်ဒေသ တစ်ဝိုက်တွင် နိုဝင်ဘာ ၂၀ရက်မှ စတင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် "ရဲစခန်းအား ၀င်ရောက်ပစ်ခတ်မည်၊ မူဆယ်မြို့အား ၀င်သိမ်းမည်" ဟူသည့် အရပ်ကောလာဟလ သတင်းများကြောင့် ယင်းဒေသရှိ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြပြီး နိုဝင်ဘာ ၂၂ရက်တွင် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သို့ အများအပြား ထွက်ပြေးခြင်း၊ နေအိမ်မှ အပြင်သို့ မထွက်ရဲဘဲဖြစ်နေခြင်းတို့
ဖြစ်ပေါ်ခဲ့သည်။

No comments:

Post a Comment