Sunday, November 20, 2016

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန်၊ ဆီ ၊ ကြက်သွန် စသည့်အခြေခံစားသောက်ကုန်များ ပေးဝေလှူဒါန်းရာသို့ လာရောက်တန်းစီသူများပြား


ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၌ ဆန်၊ ဆီ၊ ကြက်သွန်စသည့် အခြေခံ စားသောက်ကုန်များ ပေးဝေလှူဒါန်းမှုတွင် လာရောက် တန်းစီသူများပြားကြောင်း အဆိုပါရပ်ကွက်နေ ဒေါ်အေးသန်းက ဆိုသည်။ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် (၂) လမ်းတွင် နိုဝင်ဘာ ၁၉ ရက်က ရပ်ကွက် နေပြည်သူများနှင့် စားဝတ်နေရေး အခက်အခဲရှိသူများအား ဆန်၊ ဆီ၊ ကြက်သွန်များ ပေးဝေလှူဒါန်မှုကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခြင်းဖြစ်သော်လည်း ယခုနှစ်တွင် လာရောက် တန်းစီသူများမှာ ပို၍များပြား လာကြောင်း ယင်းရပ်ကွက်တွင်းရှိ အလှူရှင်များထံမှ သိရသည်။ “ဒီလိုလှူတာ သုံးနှစ်ရှိပြီ။ ဒီနှစ်က လာတန်းစီတဲ့သူ မနှစ်ကထက် သုံးဆလောက် များတယ်။ လူတွေက စားဝတ်နေရေး ကျပ်တည်းလာတော့ လာယူတဲ့သူတွေက ပိုများလာတယ်။ တခြားပစ္စည်း လှူတဲ့သူတွေက များတယ်။ ဆန်ကျတော့ မိသားစုတိုင်းအတွက် အရေးပါမလားဆိုပြီးတော့ ရွေးပြီးလှူပေးတာပါ” ဟု ငမိုးရိပ်ရပ်ကွက်အတွင်း နေထိုင်သည့် အလှူရှင် ဦးချစ်မောင်မြင့်က ပြောကြားသည်။


ထိုသို့ လှူဒါန်းရာတွင် ဆန်၊ ဆီ စသည့် အခြေခံ စားသောက်ကုန်များအပါအ၀င် အိုး၊ ခွက်၊ ပန်းကန်၊ တံမြက်စည်း စသည့်အိမ်သုံး ကုန်ပစ္စည်းများလည်း ပါဝင်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းမှုတွင် လာရောက်တန်း စီရာ၌ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ရပ်ကွက်နေ ပြည်သူများသာမက တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွာသာကြီး စသည့်နေရာများမှ လည်း လာရောက်တန်းစီသူများ ရှိကြောင်း သိရသည်။
“အဘွားက ဒီငမိုးရိပ်ရပ်ကွက်မှာ ဆန်၊ ဆီ၊ ဆား လှူမယ်ကြားလို့ မနက်ကတည်းက လာတန်းစီနေတာ။ အိမ်မှာ မိသားစု ခြောက်ယောက်ရှိတယ်။ အဘွားက ဈေးရောင်းတာပါ။ ပုံမှန်ဆိုရင် ဈေးရောင်းရတဲ့ငွေနဲ့ မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းရတာ မလွယ်ကူဘူးလေ။ အဲဒါကြောင့် ဒီလိုလှူ တယ်ကြားတော့ ဆန်၊ ဆီ ရလည်း မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေတာပေါ့” ဟု ရွာသာကြီးရပ်ကွက်မှ လာရောက်တန်းစီ သည့် ဒေါ်လှရီက ပြောကြားသည်။
အဆိုပါရပ်ကွက်တွင် နှစ်စဉ် တန်ဆောင်မုန်းလရောက်တိုင်း နိဗ္ဗာန်ဈေးပွဲတော်ပြုလုပ်ရာတွင် အစားအသောက်များ ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် စားဝတ်နေရေးမပြေလည်မှုများ၊ ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် အခြေခံစားသောက်ပစ္စည်းများပါ ပါဝင်လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။
“အိမ်မှာက မိသားစုရှစ်ယောက်ရှိတယ်။ ဒီလိုမျိုးတွေ လှူတယ်ကြားရင် လာတန်းစီလိုက်တာပဲ။ ဆန်ဆိုတော့ ဘာပဲပြောပြော မိသားစုတွေ တစ်နပ်စာအဆင်ပြေတယ်လေ။ အခု အစ်မဆန်ရတယ်၊ ခွက်တွေ၊ ခြင်းတွေ၊ တံမြက်စည်းတွေပါ ရတယ်။နေ့လယ် ၁၂ နာရီကတည်းက တိုကင်လာတန်းစီရတယ်။ အခု ဒီဆန်ပေးတာကျ တိုကင်နဲ့ မဟုတ်ဘူး။ ဒီတိုင်းတန်းစီရတာပါ၊ ကလေးတွေပါပါတော့ ဆန်သုံးအိတ် ရလိုက်ပါတယ်” ဟု တောင်ဒဂုံမြို့နယ်မှ လာရောက်တန်းစီသည့် မခင်မြင့်က ပြောကြားသည်။
ဆန်များလှူဒါန်းရာတွင် တစ်ဦးလျှင် ဆန်လေးလုံးနှုန်းနှင့် ဆီငါးကျပ်သား စသည်တို့ ပေးဝေလှူဒါန်းခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၂၀၀ ပေးလှူခြင်းများ၊ မုန့်ဟင်းခါး စတုဒိသာကျွေးမွေးခြင်းများလည်း အဆိုပါ ရပ်ကွက်အတွင်း ပြုလုပ်ခဲ့သည်။
လက်ရှိ အခြေခံစားသောက် ကုန်စည်များသည် သုံးနှစ်တာကာလအတွင်း ဈေးနှုန်း နှစ်ဆခန့်မြင့်တက်သည့် အနေအထားသို့ ရောက်ရှိနေခြင်းကြောင့် အခြေခံလူတန်းစားများနှင့် ဆင်းရဲသားပြည်သူများသည် ကုန်ဈေးနှုန်း အတက်ကြမ်းမှုဒဏ်ကို အလူးအလဲ ခံစားနေရလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ယခင်အစိုးရဟောင်း လက်ထက်ကတည်းက မြင့်တက်နေခြင်းဖြစ်ပြီး ယခုအစိုးရသစ် လက်ထက်တွင်လည်း ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ယင်းသို့ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိပါက ပြည်သူများအနေဖြင့် စားဝတ်နေရေးတွင် ယခုထက်ပိုမိုကျပ်တည်းနိုင်သည့် အနေအထားဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment