Monday, November 21, 2016

ရေကောင်း နှင့် ရေဆိုး

လူတွေက တော်တော်တတ်နိုင်ကြသည်။ သူ့ပင်ကိုသဘာဝ အတိုင်းနေသောရေကိုပင် အကောင်းအဆိုး ခွဲကြည့်နေသေးသည်။ အမှန်စင်စစ် နည်းပညာဆိုင်ရာ အင်္ဂလိပ်စကားအသုံးအနှုန်းကို မြန်မာပညာရှင်များက ဗမာမှုပြုလိုက်ကြခြင်း ဖြစ်ကောင်းဖြစ်မည်။ Water ကို ရေဟု ဘာသာပြန်ထားသဖြင့်ကို Fresh Water ရေချိုဟုလည်းကောင်း၊ Polluted Water ကို ရေဆိုးဟုလည်းကောင်း ခေါ်ဝေါ်သမှု ပြုလိုက်ကြပုံရသည်။ တချို့က Wastewater ကိုလည်း ရေဆိုးဟုခေါ်သေး၏။ ရေကိုအရည်အသွေးပေါ်မူတည်ကာ အမျိုးမျိုး ခေါ်ကြသည်။ ဤအသုံးအနှုန်းများကို သဘောမကျပါက ပိုမိုထိရောက် ပြေပြစ်အောင်ပြန် ပေးကြရန်ဖြစ်ပါသည်။ စကားလုံး တစ်ခုတည်းဖြင့်ပင် ဒီလောက်ရှင်း နေရလျှင်ရေ၏ အခန်းကဏ္ဍက မည်မျှ ကျယ်ပြန့် မည်ကိုမှန်းဆနိုင်ပါသည်။ ”ရေ အသက်၊ တစ်မနက်” ဟု ဆိုရိုး စကားကြားဖူးပါသည်။



သတင်းတစ်ပုဒ် ပါလာသည်။ ”ရေပေးဝေရေးတွင် အဓိကျသည့် ရေလေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး ဂျပန်နိုင်ငံ၏ကူညီပံ့ပိုးမှုဖြင့် မရမ်း ကုန်းမြို့နယ်တွင် ဆောင်ရွက်မည်” တဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့် ရှင်းမှု)က ရန်ကုန်မြို့တော်ရှိ ပြည်သူ များကို နေ့စဉ်ရေပေးဝေနေရ သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ရေလေလွင့်မှုများနေသည်။ တချို့က ဖြုန်းတီးနေကြသည်။ အချို့ရပ်ကွက်များသို့ ရေမရောက်နိုင်သေးသဖြင့် ရေမရ။ ရေနှင့်ပတ်သက်သော ပြဿနာပေါင်း သောင်း ခြောက်ထောင်ရှိနေသည်။ ယင်း အခြေအနေပေါ်မူတည်ကာ ဂျပန်နိုင်ငံ Japan International Cooperation System (JICS)၊ Japan Consortium LLC (JC)၊ TSS Tokyo WaterCo., Ltd. တို့က မရမ်းကုန်းမြို့နယ်အတွင်း ရေလေလွင့်ဆုံးရှုံးနေမှုများ ဆောင်ရွက်နိုင်ရန်ကူညီပံ့ပိုးမည်ဟု သတင်း ကြားရသည်။ အခက်အခဲများတော့ တော်တော်တွေ့မည်ထင်၏။ ဦးစွာ စီမံကိန်း စတင်ဆောင်ရွက်ရန်အတွက် စစ်တမ်းကောက်ယူရမည်။ လေ့လာဆန်းစစ်ရမည်။ ထို့အတွက် အချိန်တစ်နှစ်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ ဤတွင် Database Management ဟု ပညာတတ်များ ခေါ်ဝေါ်လေ့ရှိသော သတင်းအချက်အလက်နှင့် ပတ်သက်၍ မိမိတို့ထံတွင် ပြုမူကျင့်ကြံပုံမှာ အလွန်အမင်းအားနည်းနေသည်။

ပြောရလျှင် မှတ်တမ်းမှတ်ရာတွင် တချို့က ပေယျာလကန်ထား လေ့ရှိကြသည်။ မိမိတို့အမျိုးများက ပေထက်အက္ခရာတင်သော အလေ့အထ နည်းကြပါသည်။ လက် တွေ့တွက်ကြည့်လျှင် နေ့စဉ် ဒိုင် ယာရီရေးသူ မည်မျှရှိသနည်း။ မိမိ ကိုယ်တိုင်တစ်ခါတစ်ရံမှ၊ စိတ်ကူး ပေါက်မှ ရေးဖြစ်ကြောင်းဝန်ခံပါ သည်။ များသောအားဖြင့် ယင်းသို့ ပင် ရှိကြမည်ထင်ပါသည်။ ယင်း အနေအထားကို အပြစ်ပြောစရာဟု မမြင်တတ်ကြတော့ချေ။ ”ဒါထုံးစံပဲ” ဟု ထင်တတ်ကြပါသည်။ ထို ထုံးတမ်းစဉ်လာကြီးက အင်ဂျင် နီယာလုပ်ငန်းစီမံကိန်းများ စတင်လုပ်ဆောင်သောအခါ ဒုက္ခပေး တော့သည်။ ဆည်တည်ဆောက် ခြင်းကဲ့သို့ အင်ဂျင်နီယာဆိုင်ရာစီမံ ကိန်းများတွင် သတင်းအချက်အလက်များက တော်တော်စကား ပြော၏။ ထိုကိန်းဂဏန်းအချက် အလက်များကို နံထောက်ဖြေ၍ရ သည့် အလုပ်မျိုးမဟုတ်။ မှန်းသမ်းကာ ရမ်းထည့်၍လည်းမရ။ ဒီဇိုင်း အတွက်တွက်ချက် ရေးဆွဲသည့်အခါ ပြဿနာမှာ မသိသာသေး။ တ ကယ်လက်တွေ့ လုပ်ဆောင်သောအခါ အခက်အခဲအမျိုးမျိုး တွေ့ ကြရသည်။ ”ဒီတစ်ခါတော့ မဆိုးဘူး” ဟု ကြို၍ စိတ်ဖြေထားလိုက်ပါမည်။

တကယ်တမ်းတွင်မူ ရန်ကုန် မြို့တော်အတွင်းသို့ ဂျိုးဖြူ၊ လှော်ကားမှရေများကို ရေပိုက်များဖြင့် ဆက်ကာရေပေးဝေနေသည့် သက် တမ်းမှာ မိမိတို့တစ်သက်မကတော့ ချေ။ ကြားကာလများတွင် ရေလေ လွင့်ဆုံးရှုံးမှုမဖြစ်အောင် အပိုင်းလိုက်လဲလှယ်သည်တော့ ရှိကြသည်ထင်ပါ၏။ ယင်းသို့ ရေလေ လွင့်ဆုံးရှုံးမှုကို ထိရောက်စွာ ပိတ်ပင်တားဆီးခြင်း မပြုနိုင်သည့်အခါ ရေပြဿနာမှာ ”ပေးကားပေး ၏၊ မရ” ဖြစ်နေပါသည်။

ရေရှာပါးလာခြင်းမှာ မိမိတို့ တိုင်းပြည်တစ်ခုတည်း မဟုတ်ချေ။ ကမ္ဘာနှင့်အဝှမ်းဆိုသလို ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော နိုင်ငံတိုင်း တွင် ကြုံတွေ့နေရသော အခက်အ ခဲဖြစ်ပါသည်။ Liquidity Crisis ဟုလည်း တစ်မျိုး ခေါ်ကြပါသေးသည်။ ၁၈ ရာစု စကော့တလန်တွင် လွတ်လပ်သော ဈေးကွက်စီးပွား ရေးဝါဒ၏ ဖခင်ကြီးဟု ခေါ်ရမည့် အဒမ်စမစ်က ဂရုပြုလေ့လာစောင့် ကြည့်ပြီးအမှန်အတိုင်း မှတ်ချက်ချခဲ့ဖူးသည်။ ”ရေထက်ပိုအသုံးဝင်တာ ဘာမှမရှိဘူး။ ဒါပေမယ့် ဒီအ တွက် တစ်စုံတစ်ခုကို ခဲခဲယဉ်ယဉ်း ပြောင်းလဲနိုင်တယ်” မိုးရေစွတ်စို၍ အုံမှိုင်းနေစဉ် ယင်းသို့ပြောခဲ့ခြင်း ဖြစ်၏။ ”ဒီနေ့ခေတ် နေ့ရက်တွေ မှာလည်း ဒီအတိုင်းပဲ” ရေကို လုံလုံလောက်လောက် ပေးနိုင်သော နေရာများတွင် သူ့ စကားကမှန်နေသည်။ သို့ရာတွင် ကမ္ဘာတစ်လွှား၌ လူပေါင်းဘီလျံ များစွာသည် ပူပြင်းခြောက်သွေ့ သည့်နေ့ရက်များ၌ ရေရရှိရန် ရုန်းကန်နေကြရသည်။

နိုင်ငံအတော် များများတွင် မိုးခေါင်သဖြင့် ရေရှားကြသည်။ တချို့ တိုင်းပြည်များတွင်မူ ရေလွှမ်းမိုးနေသည်။ ယင်း ကြောင့် အခက်အခဲများစွာ ရင် ဆိုင်ကြရသည်။ ရေကိုစနစ်တကျ မသုံးစွဲလျှင် ကနေ့ခေတ်၏အကျပ်အတည်းများက ကပ်ဘေးသဖွယ် ရုတ်တရက်ဖြစ်ပေါ်လာမည်။ ရာစု နှစ်လယ်လောက်တွင် ဤကမ္ဘာ ဂြိုလ်၏ တစ်ဝက်ကျော်ကျော် လောက်၌ ရေနှင့်ပတ်သက်၍ ဖိစီးမှုများသော ဧရိယာများဖြစ်ကြလိမ့် မည်။ ထိုဒေသများတွင် တောင်းခံ သည့်အတိုင်း ရေကိုလုံလောက်စွာ မပေးနိုင်ကြချေ။ စိမ်းလန်းသော စားကျက်မြေများသည် ခြောက်သွေ့သောသဲကန္တာရအဖြစ် ပြောင်း သွားမည်။

လူ သန်းပေါင်းများစွာသည် ရေချိုတစ်ပေါက်အတွက် အပန်း တကြီးပြေးလွှားနေကြရန် အတွန်း ခံရလိမ့်မည်။ ရေရရှိသည့်နေရာ တွင် မည်သည့်အချိန်မဆို၊ မည်သည့် အနေအထားဖြစ်ဖြစ်လုပ်စရာကိစ္စများ များပြားနေမည်။ကမ္ဘာပေါ်ရှိ ရေထုထည်၏ ၉၇ ရာခိုင်နှုန်းခန့်သည် ဆားဓာတ်များ နေ၏။ ကျန်ရှိသောရေများကို ရာ သီအလိုက် မိုးရွာသွန်းမှုများမှတစ် ဆင့်ဖြည့်ပေးသည်။ သို့မဟုတ် မြေအောက်ရေအောင်းလွှာဟု အ များသိကြသည့် ရေတွင်းများတွင် သိုလှောင်ထားကြသည်။ ”ရေကြည်ရာ မြက်နုရာ” ဆိုသည့်စကားက မိမိတို့လူသား မျိုးနွယ်များအတွက် အတိအကျမှန်နေပြီ။ အမှန်စင်စစ် စီးပွားရေးအင်အားစုများကို ရေချို ထုတ်ရန် ခွင့်ပြုပေးထားသော နေရာများလည်း လျော့လာပြီ။

ဤဂြိုဟ်ကြီးက ခြောက်သွေ့ သောနေရာပိုများလာသည်။ စွတ်စိုသောနေရာ ရှားလာသည်။ လူ တွေက ပိုချမ်းသာလာလေလေ ရေ ကိုပိုသုံးရလေလေ။ ရေသုံးရန် တ ခြားအရင်းအမြစ်များလည်း ရှား လာပြီ။ အငွေ့ပျံသွားသော ရေ ပမာဏကလည်း ရှိသေးသည်။ ရာသီဥတု အပြောင်းအလဲအတွက် နိုင်ငံစုံပါဝင်သည့် ညီလာခံများ ထိုင်ကာ ဆွေးနွေးနေကြသည် ပင်၂၂ ကြိမ်ရှိပြီ။ ဒါတောင် ဒီကိစ္စ အတွက် ပြောဆိုကြသော အသေး အဖွဲအစည်းအဝေးလေးများကို ထည့်မတွက်သေး။ လိုချင်သည့် ဆန္ဒများက တွန်းအားပေးနေသည်။ အသီးအနှံ များများထွက်ရမည်။ အသားထွက်နှုန်း ကောင်းရမည်။ စက်မှုထုတ်ကုန်များ ပိုထွက်လာ နိုင်ရမည်။ မီးမပြတ်စေရ။ ဒါလည်း အရေးကြီးသည်။ သီးနှံများ၊ ကျွဲ၊ နွားများ၊ ဓာတ်အားရုံများနှင့် စက် ရုံများ အားလုံးအတွက် ရေပေါ ပေါရရန် မဖြစ်မနေလိုနေပြီ်။

အဆိုးဆုံးကိစ္စကို ပြောရလျှင် ရေကိုငွေကုန်မခံဘဲ ရနိုင်သော နေရာများရှားသွားပြီ။ တချို့နိုင်ငံ ရေးသမားများက ရေခွန်ရေခ ကောက်ဖို့ကို ကြောက်လန့်ကြ သည်။ ”မိုးပေါ်ကကျတဲ့ရေကို တောင် ဈေးကြီးပေးနေရသလား”ဟု ပြည်သူများက ဝေဖန်ကြမည်ကို စိုးရိမ်ပုံရသည်။ စားသုံးသူများ ဘက်က ရေဖိုးရေခကို တန်ရာ တန်ကြေး မပေးလိုကြ။ ရေဆိုသည်မှာ အရင်းအနှီးမရှိဘဲ အလ ကားရသည့် ကုန်ပစ္စည်းမျိုးဟု ထင်တတ်ကြသည်။ ငွေရှင်များ ဘက်က ရေပိုက်များ သွယ်တန်း ရန် အရင်းအနှီးထုတ်ပေးပြီး အ ကုန်ခံဖို့ဆိုသည်မှာလည်း သေချာ ပေါက် အမြတ်အစွန်းရမည်ဟု မည်သူမှအာမမခံနိုင်။ အမှန်ဆို လျှင် ရေပိုက်များမှာရေကို တစ်နေ ရာမှတစ်နေရာသို့ ပို့နိုင်ရန် မရှိမ ဖြစ်လိုအပ်သောအရာ ဖြစ်သည်။

သာဓက ဆောင်ပါဦးမည်။ တောင်အာဖရိကနိုင်ငံတွင် အချို့ နေရာများ၌ ရေကိုအလကား ရနိုင်သည်။ သီရီလင်္ကာတွင်မူ ကနဦးအဖြစ် ရေတစ်ကုဗ မီတာ လျှင် စတိလောက် ၄ ဆင့်ပေးရ သည်။ သြစတြီးယားနိုင်ငံနှင့်တော့ မတူ။ ကွဲပြားသည်။ ထိုနိုင်ငံတွင် ရေထိန်းသိမ်းရေးကို အလေးထား ပုံရသည်။ ပထမဦးစွာကျခံရမည့် တန်ဖိုးမှာ တစ်ကုဗမီတာလျှင် ၁ ဒသမ ၇၅ ဒေါ်လာဖြစ်၏။ ကမ္ဘာ တစ်ခွင်လုံးတွင် ရေအတွက်အခြေ ခံ ဝန်ဆောင်မှုအသုံးစရိတ်များမှာ လိုငွေအမြောက်အမြားပြနေကြသည်။

တိုင်းပြည် တော်တော်များများတွင် မြေအောက်ရေကို သူတို့ ကြိုက်သလို ထုတ်ယူကြသည်။ အစည်းအတားမရှိ။ အခွန်အခပေးရန်မလို။
လယ်သမားများသုံးသော ရေသည်လည်း ပြီးခဲ့သည့်ရာစုနှစ် များတွင် အဆမတန်တိုးလာသည်။ဤသည်မှာ အစားအစာအတွက် အသီးအနှံများစွာ ထုတ်လုပ်ပေးထား၍ ခွင့်လွှတ်ထားခြင်းဖြစ်၏။ တကယ်ဆိုတော့ လယ်ယာစိုက်ပျိုးရေးကို အထောက်အကူပြုရသည် ကလည်း ခြောက်သွေ့ပူပြင်းမှုကို ဖြစ်စေသည်ပဲ။ သို့သော်လည်း လက်တွေ့၌ ထာဝရတည်တံ့သော အရာ ဘယ်နေရာမှမရှိ။ ကမ္ဘာ မြေအောက်ရေ၏ ငါးပုံတစ်ပုံ လောက်ကို ထုတ်နုတ်သုံးစွဲထားပြီး ပြီ။ နောင်အနာဂတ်တွင် အညစ် အကြေးများနှင့် ရောနှောသုံးစွဲနေရ မည့်ကပ်ဘေးကြီး ဆိုက်ရောက် နိုင်သည်။ ထို့ပြင် မြေအောက် ကျောက်လွှာများတွင် ရေများ ခို အောင်းနိုင်စေသော သဲနှင့် ရွှံ့အလွှာများကိုလည်း ပျက်စီးစေသဖြင့် ရေဓာတ်ထပ်ဖြည့်ပေးရန် စွမ်း ဆောင်နိုင်မှု လျော့သွားသည်။

တစ်နေ့တစ်နေ့မှာ ရေနည်း နည်းပဲ သောက်နေကြသည်ဟု လူများကထင်ကြသည်။ သို့ရာတွင် စားပွဲပေါ် တင်ပေးလိုက်သော အ စားအသောက်များတွင် ရေအလျှံ ပယ်ပါနေပြီးဖြစ်၏။ ဂျုံတစ်ကီလို ဂရမ်တွင် ရေ ၁၂၅ဝ လီတာပါ၏။ အသားတိုးနွားမတစ်ကောင်မှ ထုတ် ပေးသောရေနှင့် ပျားတစ်ကောင် နှင့် အလေးချိန်တူညီ၏။ အကြမ်းဖျင်း ၁၂ ဆခန့်ရှိမည်။ ကမ္ဘာပေါ်တွင်ရှိသော ရေသန့်ပမာဏ၏ ၇ဝ ရာခိုင်နှုန်းထက်ပို၍ စိုက်ပျိုးရေးက ထုတ်နုတ်ယူ၏။ ထိုပြင်ကမ္ဘာ့လူဦး ရေသည်လည်း ရာစုနှစ်အလယ် လောက်တွင် ၇ ဒသမ ၄ ဘီလျံမှ ၁ဝ ဘီလျံအထိ တိုးလာလျှင် စိုက် ပျိုးရေးမှ ထွက်လာသော အသီးအ နှံက တစ်ကမ္ဘာလုံး၏ ဝမ်းဗိုက်များ ကို ပြည့်စေရန် ၆ဝ ရာခိုင်နှုန်းခန့် တိုးလာရမည်။ ဤအကြောင်းသည် ရေလုံလုံလောက်လောက် ရရှိဖို့ အားကုန်ရုန်းကြရမည့် သဘောပင်ဖြစ်၏။

နဖူးပေါ် လက်တင်ကာစဉ်း စားကြည့်လျှင် အိပ်ပျော်တော့မည် မဟုတ်။ ရေဖြုန်းတီးမှုများကို ပြောင်းလဲကျိုးနွံလာအောင် လုပ်ရ တော့မည်။ ဝမ်းစာဖြည့်ရန်ရှာရ သည်ထက် အသီးအနှံများကို လယ်သမားများက ပိုထုတ်နေရ၏။ တကယ်တော့ အစားအစာအား လုံး၏ သုံးပုံတစ်ပုံလောက်က အစား အသောက်စားသည့် ပန်းကန်ပြား ပေါ်သို့ရောက်သည်မဟုတ်ချေ။ လေလွင့် ဆုံးရှုံးကုန်သည်သာများ ၏။ ချမ်းသြာ<ွကယ်ဝသောအိမ်ထောင် ရှင်မများက သူတို့မလိုတော့ဘူး ထင်သည့် စားရေရိက္ခာများကိုလွှင့် ပစ်နေရာတွင် တာဝန်အရှိဆုံးဖြစ် သည်။ ဆင်းရဲသားများက ချော ချောမောမောမဟုတ်ဘဲ နှေးနှေး ကွေးကွေး ဈေးခုံပေါ်သို့ရောက် ရှိလာသော ထိုအစားအသောက် အပုပ်အသိုးများ ထုတ်ရောင်းခြင်း ကို မြင်ပင်မမြင်လိုက်ကြချေ။

ရေသည် အစားအသောက် အတွက်သာ မဟုတ်သေး။ အိမ် ထောင်စုအသီးသီး ရပ်တည်နိုင် ရေးအတွက်လည်း အရေးကြီး သည်။ ¤င်းအပြင် စီးပွားရေး တိုး တက်မှု၏ အခြေခံပင်ဖြစ်သည်။ အမှန်စင်စစ် အရာရာရှားပါးနေလျှင် စွမ်းအင်ဖြည့်ခြင်းကို လျှော့ရ တော့မည်။ ထိုသို့ဆိုလျှင် စက်မှု လုပ်ငန်းများ ရပ်ဆိုင်းရမည်။ လျှပ် စစ်ထုတ်လုပ်မှုသည် လိုအပ်ချက် တော်တော်များများပေါ်တွင် တည်နေ၏။ နျူကလီးယား စွမ်းအားသုံး ကာ လျှပ်စစ်ထုတ်လုပ်မည်ဆိုလျှင် လည်း တာဘိုင်များ အအေးခံရန် ဖြစ်စေ၊ ဓာတ်ပေါင်းဖိုအတွက်သက် သက်ဖြစ်စေ ရေလိုအပ်သည်သာ။ ကျောက်မီးသွေးစက်ရုံများအတွက် ရေမပါဘဲနှင့် လည်ပတ်၍မရ။ ထို့ ကြောင့် ရေအတွက် စီမံခန့်ခွဲနိုင် ရေးမှာ အထူးဦးစားပေးလုပ်ငန်း ဖြစ်လာပြီ။ ”ရေအသက် တစ်မနက်” ဟူသောစကားကို နှလုံးပိုက်ကာ ဆောင်ရွက်နိုင်ကြပါစေကြောင်း။

ဘိုငြိမ်းသာ

No comments:

Post a Comment