Thursday, November 17, 2016

ငါးနှစ်သားကလေးကို အသုံးချပြီး ဆိုင်တွင်းပစ္စည်းခိုးယူသူ ၂ ဦးကို ရဲရှာဖွေ

အင်္ဂလန်နိုင်ငံက အ၀တ်အထည်စတိုးဆိုင်တဆိုင်တွင်းမှာ ငါးနှစ်သားကလေးကို အသုံးချပြီး ဆိုင်ဝန်ထမ်းရဲ့ဖုန်းကို ခိုးယူခိုင်းခဲ့ကာ တခြားအ၀တ်အထည်တွေကိုလည်း ငွေမရှင်းခဲ့ဘဲ ခိုးယူခဲ့တဲ့ အမျိုးသား ၂ ဦးကို ရဲတွေက ရှာဖွေနေပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အနောက်တောင်ပိုင်း၊ ၀င်ဘယ်လ်ဒန်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဆိုင်ကပစ္စည်းတွေ ခိုးယူသွားကြောင်း ရဲတွေကို အကြောင်းကြားလို့ သွားရောက်စစ်ဆေးချိန် စီစီတီဗွီကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အသက် ၅ နှစ်လောက်လို့ ခန့်မှန်းရမယ့် အညိုရောင်ဆံပင်တိုနဲ့ ကလေးငယ်က ၀န်ထမ်းရဲ့ဖုန်းကို ခိုးယူပြီး သူ့ဘောင်းဘီရှေ့ကြားမှာ ထိုးထည့်လိုက်တာကို တွေ့ရပါတယ်။ အဆိုပါကလေးငယ်ဟာ အမျိုးသား ၂ ဦးနဲ့ အတူရှိနေခဲ့တာဖြစ်ကာ တဦးက ဆိုင်ဝန်ထမ်းကို အာရုံလွှဲပြောင်း စကားပြောနေခဲ့ချိန်မှာ တခြားတဦးက ကလေးငယ်ကို ခုလို ခိုင်းစေခဲ့တာပါ။



စကော့တလန်ရဲတွေဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ရှာဖွေနေတာပါ။

ရဲတွေရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ အဆိုပါ အမျိုးသား ၂ ဦးထဲက တဦးကတော့ အသက် ၃၀ ခန့် မုတ်ဆိတ်တွေနဲ့ဖြစ်ပြီး နောက်တဦးကတော့ အသက် ၂၀ ကျော်အရွယ် လူဖြူတွေဖြစ်တယ်လို့ ပြောပါတယ်။

ရဲတွေကတော့ ခုလို ကလေးငယ်ကို အသုံးချပြီး ဆိုင်တွင်းပစ္စည်းတွေ ခိုးယူခဲ့တဲ့သူတွေကို ဖော်ထုတ်ချင်နေပြီး မျက်မြင်သက်သေတွေရော၊ သတင်းအချက်အလက်ပေးလိုသူတွေကိုပါ အရေးပေါ်ဖုန်းနံပါတ် ၁၀၁ ဒါမှမဟုတ် မှုခင်းကျဆင်းရေးအရေးပေါ်ဖုန်းနံပါတ် ၀၈၀၀ ၅၅၅ ၁၁၁ ကို ဆက်သွယ်သတင်းပေးနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

No comments:

Post a Comment