Monday, November 21, 2016

နိုင်ငံတော်၏ လည်ပတ်ရန်ပုံငွေမှ ကျပ် ၁၅ ဘီလျံ တောင်းခံပြီး တောင်သူများထံမှ စပါးဝယ်ယူရေး ဆောင်ရွက်လျက်ရှိ

 မိုးစပါးရာသီ စပါးဈေးကျဆင်းနေမှုကြောင့် တောင်သူများ အကျိုးအမြတ်ရရှိစေရေးအတွက် နိုင်ငံတော်၏ လည်ပတ်ရန်ပုံငွေမှ ကျပ် ၁၅ ဘီလျံ တောင်းခံကာ တောင်သူများထံမှ ထိုက်သင့်သော ဈေးနှုန်းဖြင့် စပါးဝယ်ယူရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။ေ တာင်သူများ၏ ထုတ်လုပ်မှုစရိတ် ကာမိစေရေးအတွက် နိုဝင်ဘာလအတွင်း ပြည်ပသို့ ယာယီအစီအစဉ်ဖြင့် စပါးအတိုင်း တင်ပို့ခွင့်ပြုရန် စီစဉ်ထားခဲ့သော်လည်း လက်ရှိအချိန်၌ စပါးအတိုင်း တင်ပို့ရောင်းချရေးမှာ လတ်တလောတွင် ဆောင်ရွက်ခြင်း မရှိတော့ကြောင်း သိရသည်။



“အခုက စပါးအတိုင်း ပို့ဖို့ဆိုတာ  စပါးဈေးကျနေတဲ့အပေါ် ရေတိုဆောင်ရွက်မယ့် နည်းလမ်းတွေ စဉ်းစားတာပေါ့။ အဲဒီလိုစဉ်းစားတဲ့အခါ စပါးအတိုင်းပို့မယ့် နည်းလမ်းတစ်ခုလည်း ပါတယ်။ နောက်တစ်ခုက ဥပဒေအရ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးကော်မတီကနေပြီးတော့ တောင်သူတွေဆီကနေ သင့်တင့်မျှတတဲ့ဈေးနဲ့ ၀ယ်ဖို့ဆိုတာ ပါတယ်။ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးကော်မတီအနေနဲ့ကတော့ စပါးကို ပေါက်ဈေးအတိုင်းဝယ်မှာ မဟုတ်ဘူး။ ကြားခံအနေနဲ့ပေါ့။ ဘယ်ဈေးကတော့ တောင်သူတွေ ထိုက်သင့်တဲ့ အကျိုးအမြတ်ရှိမယ်။ ကုန်ကျစရိတ်တွေ ကာမိမယ်။ ဘယ်ဈေးဖြစ်သင့်တယ်ဆိုတဲ့ဟာမျိုးနဲ့ ၀ယ်ဖို့ကိစ္စ ပါတာပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ စ၀ယ်ဖို့အတွက် နိုင်ငံတော်ရဲ့ လည်ပတ်ရန်ပုံငွေကနေ ၁၅ ဘီလျံတောင်းဖို့ လုပ်နေပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ လည်ပတ်ရန်ပုံငွေမှ စပါးဝယ်ယူရေးအတွက် ကျပ် ၁၅ ဘီလျံ  တောင်းခံထားသည့်ကိစ္စမှာ အကြမ်းဖျင်းအားဖြင့် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စပါးဝယ်ယူရာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စတင် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“နောက်တစ်ခုက စပါးဈေးနှုန်းကလည်း အထိုက်အလျောက် ပြန်တက်လာပြီ။ မနှစ်ကဈေးကိုတော့ မမီဘူး။ ဘာပဲပြောပြော လယ်သမားတွေက စပါးလေးသိန်းကျော်ဆိုရင် သူ့အတွက် ထိုက်သင့်တဲ့ အကျိုးအမြတ်ရနိုင်တဲ့ အနေအထားမှာ ရှိတယ်။ လက်ရှိဈေးကလည်း ပြည်ပကို တင်ပို့နိုင်တဲ့အနေအထားမှာ ရှိတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် အသင်းဝင်ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်တန်ချိန် သုံးသိန်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ သုံးလအတွင်း ပြည်ပသို့ တင်ပို့သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ထိုသို့ တင်ပို့မှုဖြင့် ပြည်တွင်းဈေးကွက် ၀ယ်လိုအားကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ဆန်စပါးဈေးကွက်တစ်ခုလုံးကို လည်ပတ်စေရန်နှင့် အနယ်နယ်အရပ်ရပ်ရှိ အသေးစား၊ အလတ်စား ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ ပါဝင်သည့် Supply Chain ၊ Value Chain တစ်လျှောက်တွင် ပါဝင်သူများ အားလုံးကို ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ဆန်တန်ချိန် သုံးသိန်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် ပြည်ပပို့ကုန်ဝင်ငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်မြှင့်တင်ရေးကို ပုဂ္ဂလိကအခန်းကဏ္ဍမှ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တွင် နိုင်ငံတကာဈေးကွက်သို့ ဆန်တင်ပို့မှု တိုးတက်လာစေရန်နှင့် ပို့ကုန်ဝင်ငွေကို မြန်မာနိုင်ငံဘဏ်များတွင် လက်ခံရရှိပြီး ကုန်သွယ်မှုလိုငွေပြခြင်းကို ထိရောက်စွာ အကျိုးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

Writer:
နီလာ

No comments:

Post a Comment