Monday, November 28, 2016

ရမ္မက်တထောင်းထောင်းနဲ့ အကွက်ချောင်းနေတဲ့တော

(တစ်)ေ သာ့ပြဿနာဆိုပါ့လား။ ပြည့်ပြည့်စုံစုံ ပြောရရင်တော့ သော့နဲ့ သော့ခလောက်ပြဿနာ လို့ဆိုပါတော့။ အင်္ဂလိပ်လိုက ကီးအင်န်လော့ခ် (Key & Lock)ပေါ့။ ဒါပေမဲ့ လူအများစုက သိပ်ပြီးခွဲခွဲခြားခြား ကွဲကွဲပြားပြားမပြောကြပါဘူး။  သော့ဆိုရင် ပြီးတာပါပဲ။ အခု ပွစိပွစိဖြစ်နေကြရတာ က အဲသည့်သော့ကိစ္စ။ လူ့အရပ် ထဲမှာ လာပြီးဖြစ်နေကြရတာ။ ဘယ်သူတွေကြောင့်ဖြစ်ရမှာတုံး။ တိရစ္ဆာန်တွေကြောင့်ပေါ့။ စုံနံ့သာမြိုင်တောကြီးထဲမှာ လည်း တိရစ္ဆာန်တွေဖွင့်ထားကြ တဲ့ ကုန်မာဆိုင်ကလေးတွေ၊ စတိုး (Store) ဆိုင်ကလေးတွေရှိပါ တယ်။ အဲသည့်မှာ ခုနက ပြောခဲ့ တဲ့ သော့ဆိုတာကို ဝယ်လို့ရနိုင် တာပဲပေါ့။ အခုဟာက ဘယ်က နေ ဘယ်လိုစ,ပြီး တောထဲမှာ သော့ပြတ်သွားတယ်မဆိုတတ်ပါ ဘူး။ တိရစ္ဆာန်ကမ္ဘာကနေ လူ့ရွာ ထဲကို ရောက်လာကြတဲ့ သတ္တဝါ တိုင်းက ဝယ်လိုက်ကြတဲ့သော့၊ မေးလိုက်ကြတဲ့သော့။ အဲသည့် မှာ လူ့ရွာထဲ သော့ပြဿနာညံ သွားတာ။



ပြောရရင် သစ်ပင်ခွကြားမှာ နေ၊ ဂူထဲမှာ အောင်း၊ အသိုက်ထဲ မှာခို၊ ချုံတောမှာတိုး၊ ပြာပုံထဲမှာ လူး၊ မြက်တောထဲမှာ လှိမ့် နေ ထိုင်လာကြတဲ့ တိရစ္ဆာန်တွေပဲဥစ္စာ။ သော့က ဘာများအကြောင်းရှိမှာမှတ်လို့။ အခုတော့ တစ် တောလုံး သော့တွေဝယ်ကြလေ သတဲ့။ ဘာကိုများ ခတ်ကြမှာပါ လိမ့်။ အနို့ကြောင့် တောထဲမှာ သော့ပြတ်လို့ လူ့အရပ်ကို ရောက် လာကြတယ်ဆိုလား။

စုံနံ့သာမြိုင်ကတော့ ဖြစ် လိုက်ရင်အဆန်း။

(နှစ်)
ဂျက်နဲ့ တည့်တည့်တိုးတာ က သိုးမကြီးတစ်ကောင်ခင်ဗျ။ သူက စတိုးဆိုင်တစ်ဆိုင်ထဲကနေ ထွက်လာတာ။ လက်ထဲမှာ သော့ ကြီးတစ်လုံးနဲ့။ နည်းတဲ့သော့ခ လောက်ကြီးမှ မဟုတ်တာကလား။ သော့တံကြီးကလည်း ဧရာမ။ သံ ကြိုးကြီးတစ်ချောင်းလည်းပါရဲ့။ ခင်ဗျားဥစ္စာ ဘယ်အရာကို ခတ်ဖို့ တုံးလဗျာလို့ ဂျက်ကမေးလိုက်မိ တာပေါ့။

‘‘ခြံတံခါးကိုခတ်မှာ။ သိချင် လိုက်ကြည့်’’တဲ့။

ဂျက်လည်း ရိုးသားတဲ့သိုး စကားကိုကြားတော့ စကားတွေ သိပ်ပြီးရှည်ရှည်ဝေးဝေးပြောမနေ တော့ပါဘူး။ စုံနံ့သာမြိုင်ကို ကျုပ် အခုပဲ လိုက်ကြည့်မဗျာလို့ဆိုပြီး တဲ့ သကာလ ကဲ.. သွားကြစို့လို့ နှိုးဆော်ကာ သိုးအဖော်နဲ့အတူ စုံ နံ့သာမြိုင်တောကြီးရှိရာဆီ လိုက် ပါလာခဲ့မိပါရဲ့။

‘‘ဟောဗျ’’

အဲဒါ ဂျက်ပါးစပ်က ထွက် လာတဲ့ အာမေဍိတ်စကားပါ။ သိုးမကြီးခေါ်လာတဲ့ သူ့နေရာ ရောက်ရောက်ချင်းမှာ အနို့ကလို ဟောဗျလို့ တ,လိုက်မိတာပါ။ သိုးမကြီးက ခြံနဲ့ဝင်းနဲ့ခင်ဗျ။ သိပ် အကျယ်ကြီးတော့ မဟုတ်ဘူး ပေါ့။ အနို့သော် သိုး လေး၊ ငါး ဆယ်ကောင် ချောင်ချောင်ချိချိနေ လို့ရတဲ့ ခြံဝင်းကလေး။ သစ်သား တိုင်ကလေးတွေနဲ့ စေ့နေအောင် ကာထားတာ။ ခြံတံခါးကလေး လည်း သိုးတစ်ကောင်ဝင်သာရုံ တပ်ထားပြီးပါပြီ။ အဲသည့်မှာ သံကြိုးကြီးနဲ့ပတ်ပြီး သော့ခ လောက်ကြီးကိုခတ်မှာ။

‘‘ခြံကလေးထဲမှာ ဘယ့်နှယ် သောအရာမှ မရှိဘဲနဲ့ ဘဇာကို သော့ခတ်တာတုံးဗျာ’’

သို့ကလို ဂျက်ကမေးတော့ သိုးမကြီးက အဟတ်အဟတ်နဲ့ နှစ်ကြိမ်လောက်ဆင့်ပြီး ရယ်ပါ တယ်။ ပြီးမှ ခြံထောင့်တစ်နေရာ မှာ ယိုင်ထိုးယိုင်ထိုးနဲ့ လမ်း မလျှောက်တတ်၊ လျှောက်တတ် စမ်းလျှောက်နေတဲ့ သိုးပေါက်စ ကလေးနှစ်ကောင်ကို လှမ်းပြပါ တယ်။

‘‘သင်းတို့ကို ခတ်ထားမှာ’’.. တဲ့။

‘‘အဘယ်ကြောင့်’’

‘‘သမီးကလေးတွေ ဖြစ်သောကြောင့်’’

ဟုတ်ပါရဲ့။ သိုးကလေးနှစ် ကောင်က အမကလေးတွေ။ မွေး ကင်းစ ရက်သားကလေးတွေမျှ သာမို့ ဟိုယိုင်သည်ထိုးနဲ့။ အဲ သဟာကို ဘယ့်နှာကြောင့် သော့ ခတ်ထားမှာပါလိမ့်။

‘‘ဆရာကြီးဂျက်ရေ အဝှါ ကိစ္စ.. အဝှါပြောရမှာ ခက်လိုက် တာ။ အထီးနဲ့ အမရဲ့ကိစ္စ။ ဟို ဟာတော်.. အချစ်’’

သိုးမကြီးက အပြောရခက် နေပုံရပါတယ်။ သို့လင့်တစ်မူ အ ကင်းပါးသူဂျက်က သိထားနှင့် လိုက်ပါပြီ။

‘‘ခင်ဗျား သမီးကလေးတွေ က အခုမှ.. မွေးကင်းစ ၎င်းအရာ တွေကို ဘယ့်နှာကြောင့် စိတ်ဝင် စားနေရသတုံးဗျာရယ်’’

‘‘ဩော်.. မယုံရလောက် အောင်ကို ထုံအ,နေပါပေါ့လား ဂျက်ရဲ့။ ကျုပ်ရဲ့ သိုးသမီးကလေး တွေက ဘဇာမှ မသိဘူး။ အခု သိုးထီးတချို့က လာလာပြီး ချောင်းနေကြလို့’’

‘‘ဘာရယ်’’

သည်တစ်ခါမှာတော့ ဘာ ရယ်ဆိုတဲ့စကားရဲ့ နောက်မှာ ကမ္ဘာကြီးချာလည်သွားတာ တရိပ်ရိပ်နဲ့။ ခြေလှမ်းတောင် မမှန်သေး တဲ့ သိုးသမီးကလေးတွေကို သိုး ထီးကြီးတချို့က လာချောင်းနေ ကြတယ်ဆိုပါ့လား။ ဒါကြောင့် သော့ခတ်ထားဖို့ ကြိုးစားနေရ တယ်ဆိုပါ့လား။ တိရစ္ဆာန်လော က ဘယ့်နှာဖြစ်ကုန်ကြပါလိမ့်။

‘‘စုံနံ့သာမြိုင်မှာ အကာတွေ၊ အရံတွေ၊ အတားတွေ၊ အဆီး တွေနဲ့ ဖြစ်ကုန်ပြီ ဆရာကြီးဂျက် ရဲ့’’

သိုးမကြီးရဲ့စကားက ဂျက် ရဲ့အရှိုက်ကို တိုက်ရိုက်ထိပါတယ်။ ဒါနဲ့ စိတ်ပျက်လက်ပျက်နဲ့ တော ထဲကို လှည့်ထွက်ခဲ့တော့.. ဟုတ် သဗျ။ အရင်က လွတ်လွတ်လပ် လပ်နဲ့ ပေါ့ပေါ့ပါးပါး တောဟာ တားဆီးပိတ်ဆို့ကာရံကာ စိတ် ပျက်စရာအတိနဲ့ပေါ့။ တံတိုင်း တွေကာ၊ တံခါးတွေတပ်၊ သော့ တွေခတ်။

ဂျက်တော်တော်ကြီး စိတ် ပျက်သွားတာကတော့ ငှက်သိုက် တစ်ခုရဲ့ မြင်ကွင်းပါ။ ငှက်သိုက် က ကောက်ရိုးတွေ၊ မြက်ခြောက် တွေနဲ့ လုပ်ထားတာမှန်သော် လည်းပဲ အပေါ်ကနေ သံဆန်ခါနဲ့ ထပ်အုပ်ထားကာ ငှက်တစ် ကောင်ဝင်လို့၊ ထွက်လို့ရတဲ့အ ပေါက်ကလေးနေရာမှာ သံဆန်ခါ တံခါးပေါက်စကလေးလုပ်ကာ သော့ခတ်ထားပါတယ်။

အဝေးက အစာရှာကာ ပြန် လာပုံရတဲ့ ငှက်မကြီးက သော့ကို ဖွင့်ပြီးမှ အထဲကို ဝင်ပါတယ်။ ပြီး တော့ အသိုက်ထဲက ကျလိကျလိ အော်မြည်နေကြတဲ့ အမွေးအ တောင် မစုံကြသေးတဲ့ ငှက်က လေးတွေကို အစာခွံ့ပါတယ်။

‘‘သံကွန်ချာခုနစ်ဆင့်နဲ့ပါ လား။ ဒေါ်လေးငှက်မရဲ့’’

‘‘ဩော်.. အရင်ကနဲ့ မတူ တော့ဘူး ဆရာကြီးဂျက်ရေ။ ကိုယ်မွေးတာက အမကလေးတွေ ပါပါနေတာကိုး။ ငှက်ကြီးတချို့ က သမီးပေါက်စ ကလေးတွေကို လာလာချောင်းနေလို့ တောထဲက တိရစ္ဆာန်တွေက ဘယ့်နှာဖြစ် တယ်မသိ အရွယ်မရွေးတော့ဘူး ဆရာကြီးဂျက်ရယ်။ ဒါကြောင့် တိရစ္ဆာန်တိုင်းက အမကလေး များ မွေးလာကြရင် သော့ခတ် ထားရတဲ့ တောဖြစ်နေပြီ’’

တိရစ္ဆာန်တို့ ဘာသာဘာဝ လူတွေနဲ့ ကွဲပြားခြားနားကာ လူ ရှေ့မရှောင်၊ သူရှေ့မရှောင် အထီးအမ လိုက်တမ်းပြေးတမ်းကစား ကြတာကို ဂျက်ကွမ်းခြံကုန်း နား လည်ပေးလို့ရသော်လည်းပဲ ယခု နှယ် အကောင်ပေါက်ကလေးများ ကိုတောင် တောင်မြောက်လေးပါး က ချောင်းနေတဲ့ တိရစ္ဆာန်တွေ ရှိလာကြပြီဆိုတာကဖြင့် မဟုတ် တမ်းတရားတွေနဲ့ ယုတ်ကန်းသွား တဲ့ တောလို့ဆိုရတော့မှာပါ။

သော့တွေ ရောင်းမလောက် တော့ဘူးတဲ့။

ဩော်.. ဆော့ကစားတတ်စ အကောင်ကလေးတွေကိုတောင် သော့များခတ်လို့ လှောင်ထားရပြီ ဆိုမှဖြင့် စုံနံ့သာမြိုင်ဟာ နေလို့ မပျော်လောက်တော့ပါဘူး။ လူတွေအတွက် ပြောတာပါ။ တိရစ္ဆာန်တွေရင်ထဲ ဘယ့်နှယ်ရှိ မယ်တော့ ဂျက်ဘယ်ပြောတတ် ပါ့မလဲ။   ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာသည်)

No comments:

Post a Comment