Tuesday, November 22, 2016

ထရမ့်နှင့် တရုတ်ပြည် – သူတကယ်ဘာလုပ်နိုင်မလဲ

အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်ပြည်နှင့်ပတ်သက်ပြီး တင်းတင်းမာမာပြောလေ့ရှိသော်လည်း အန္တရာယ်များကလည်း မနည်းမနောရှိနေသည်။ေ ဒ်ါနယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်ခံရပြီး ချက်ချင်းလိုပင် တရုတ်ယွမ်ငွေသည် တဒေါ်လာ ၆ ဒသမ ၈ ယွမ်ဈေးဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးနှုန်းသို့ ထိုးကျသွားလေသည်။ ထရမ့်နှင့် သူ့အကြံပေးများက တရုတ်ပြည်ကို မျှတမှုမရှိသည့် ကုန်သည်၊ ငွေကြေးကစားသူတဦးအဖြစ် အလွန်စောစွာကပင် စွပ်စွဲပြောဆိုနေသည့်အတွက် ဈေးကွက်၏ တုံ့ပြန်မှုက လွန်စွာအံ့အားသင့်ဘွယ်ကောင်းသည်။ တရုတ်ပြည်က ကုန်သွယ်ရေးတွင် မမျှမတလုပ်နေပါက တရုတ်ကုန်ပစ္စည်းများအပေါ် အတားအဆီးများ ချမှတ်မည်ဟုလည်း သန္နိဋ္ဌာန်ချထားကြသည်။ ထရမ့်၏ အကြံပေးတဦးဖြစ်သူ ပီတာ နဗာရိုက တရုတ်ပြည်အနေဖြင့် မမျှတသည့် အားသာချက်တရပ် ရရှိနေကြောင်း၊ ၎င်းမှာ ကျန်းမာရေးနှင့် ဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများ နိမ့်ကျသည့် ကျေးကျွန်ဆန်ဆန် လုပ်အားများကို သုံးခြင်းဖြင့် လုပ်အားခကို ဈေးပေါပေါ အသုံးပြုနေနိုင်ခြင်းဖြစ်သည်ဟု ဆိုပါသည်။



“ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) နဲ့ နက်ဖ်တာ (NAFTA) ကနေ လေ့လာမှတ်သားစရာကို ပြောရမယ်ဆိုရင် အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာလုပ်ဆောင်ရခြင်းပဲဖြစ်တယ်” ဟု သူကပြောဆိုခဲ့ပြီး တရုတ်ပြည်၏ ပို့ကုန်အပေါ် ထောက်ပံ့ငွေပေးခြင်းနှင့် ငွေကြေးထိန်းချုပ်ကစားမှုကိုလည်း ဝေဖန်သွားခဲ့သည်။

နာဗာရိုက တရုတ်အနေဖြင့် ဤကိစ္စများကို ရပ်တန်းကမရပ်ခဲ့လျှင် တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်ပြည်ထောင်စုအနေဖြင့် အခွန်အကောက် အဆီးအတားများ တန်ပြန်ချမှတ် ဆောင်ရွက်ရမည်ဟု ဆိုပါသည်။ အခွန်အကောက် အတားအဆီးများကြောင့် အမေရိကန်ပြည်ထောင်စုသို့ တရုတ်ပို့ကုန်များ လျော့နည်းသွားစေမည်ဖြစ်သည့်အတွက် တရုတ်ငွေလိုအပ်ချက်လည်း လျော့ကျသွားမည်ဖြစ်သည်။

“ဒေါ်နယ်ထရမ့်က အခွန်အကောက် အတားအဆီးအကြောင်း ပြောလိုက်တဲ့အခါ အဲဒါက ကစားပွဲရဲ့ အဆုံးသတ်မဟုတ်သေးဘူး။ ရည်ရွယ်ချက်က ညစ်ပတ်လှည့်ဖျားနေတာကို ရပ်ဖို့ အခွန်အကောက် အတားအဆီးကို စေ့စပ်ဆွေးနွေးရေး ကိရိယာအဖြစ် အသုံးချမှာ။ တကယ်လို့များ ဒါနဲ့မှမရပ်သေးဘူးဆိုရင်တော့ ကျနော်တို့က ခုခံကာကွယ်ပိတ်ဆို့တဲ့ အခွန်အကောက် အတားအဆီးတွေ ချမှတ်ရတော့မှာပေါ့” ဟု သူကပြောလေသည်။

ဒေါ်နယ်ထရမ့် ဘာလုပ်နိုင်သလဲ
အယ်ဖာ ဘဏ္ဍာရေးနည်းပညာကုမ္ပဏီ LLC ရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်သူ ဗစ်တာ စပါရင်ဒီယို၏ ထင်မြင်ချက်မှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် “တရုတ်ပြည်ကို အမေရိကန်ပြည်ထောင်စုထက် ပိုမိုထိခိုက်နစ်နာစေသော” လယ်ဗယ်တခုကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု ယုံကြည်သည်။ အကယ်၍ ကျနော်တို့က ဒေါ်လာ ၅၀၀ ဘီလျံဖိုး ဝယ်တယ်ဆိုရင် သူတို့ကလည်း ဒေါ်လာ ၅၀၀ ဘီလျံဖိုး ပြန်ဝယ်ရမယ်” ဟု အီးမေးလ်ဖြင့် ဖြေကြားလေသည်။ ၂၀၁၅ ခုနှစ်အတွင်းက အမေရိကန်အနေဖြင့် တရုတ်ပို့ကုန်အားလုံး၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ၄၈၃ ဘီလျံ ဒေါ်လာတန်ဖိုးရှိသည့် တရုတ်ပို့ကုန်များကို ဝယ်ယူခဲ့သည်။

အခြားသော လေ့လာသုံးသပ်သူများက ထရမ့်အနေဖြင့် အလွန်ပြင်းထန်သော ကိုယ်ကျိုးစီးပွားကာကွယ်ရေး ပေါ်လစီများကို လုံးဝချမှတ်လုပ်ဆောင်နိုင်မည်မဟုတ်ဟု ယူဆကြသည်။ အကြောင်းမှာ အစဉ်အလာအရ ကုန်သွယ်ရေးလိုလားသည့် ရီပတ်ဘလီကန် လွှမ်းမိုးသည့် ကွန်ဂရက်၏ ထောက်ခံမှုရရှိရန်လည်း လိုအပ်သောကြောင့်ဖြစ်သည်။

“တရုတ်ပို့ကုန်တွေအပေါ် ကြီးမားတဲ့ အခွန်အကောက်တံတိုင်းတွေ တိုးမြှင့်ဖို့ဆိုတာတော့ သိပ်ဖြစ်နိုင်မယ်မထင်ဘူး။ အာရုံစိုက်သင့်တာက အမေရိကန် အသိဉာဏဆိုင်ရာပစ္စည်း ခိုးယူခံရမှုတွေအပေါ်ပဲ ဖြစ်သင့်တယ်။ နှစ်နိုင်ငံလုံးက အရေးကြီးတဲ့ကိစ္စအဖြစ် သဘောတူနိုင်တဲ့ ပြဿနာလည်း ဖြစ်ပါတယ်” ဟု “တရုတ်ဝိသေသလက္ခဏာများနှင့် တိရစ္ဆာန်စိတ်ဓာတ်” စာအုပ်ကို ရေးသားသူ စာရေးဆရာ မာက် ဒီဝီဘားက ဆိုလေသည်။
တရုတ်ကုန်သွယ်ရေးက နှေးကွေးလာနေသည်။ သို့သော် အမေရိကန်နှင့် ကုန်သွယ်ရေးကတော့ မြင့်မားစွာ ပိုငွေပြနေဆဲဖြစ်သည်။
နယူးယောက်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဂျင် နော့တ်က အကယ်၍ ထရမ့်အစိုးရအနေဖြင့် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့လျှင်တောင်မှ တရုတ်အနေဖြင့်လည်း ရွေးချယ်စိစစ်ပြီး တန်ပြန်လက်စားချေလိမ့်မည်ဟု ဆိုပါသည်။

“တရုတ်က ကွန်ဂရက်အတွင်း သြဇာရှိတဲ့ ရီပတ်ဘလီကန် အမတ်တွေရဲ့ ပြည်နယ်တွေ ဒါမှမဟုတ် မဲဆန္ဒနယ်တွေမှာရှိတဲ့ အမေရိကန် ပို့ကုန်သမားတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမျိုးနဲ့ သေနင်္ဂဗျူဟာကျကျ တုံ့ပြန်လိမ့်မယ်” ဟု သူကဆိုသည်။
တရုတ်အနေဖြင့် သူ့နိုင်ငံတွင်း လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီများကိုလည်း အတိတ်ကာလက လုပ်ဆောင်ခဲ့သလို လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးနှင့် အခြားသော စုံစမ်းစစ်ဆေးမှုများဖြင့် ဒုက္ခပေးနိုင်သည်။
အသေးစိတ်ကျသော ရှုပ်ရှုပ်ထွေးထွေး ဤပေးထားချက်များကိုကြည့်လျှင် ထရမ့်အစိုးရအနေဖြင့် သူ၏ စီစဉ်ထားသည့် ကုန်သွယ်ရေးပေါ်လစီ အလုပ်ဖြစ်စေရန် တရုတ်နှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးတရပ်ရှိမှ ဖြစ်ပေလိမ့်မည်။

တမင်တကာ တန်ဖိုးလျှော့ချခြင်း
ပို့ကုန်များကို ထောက်ပံ့ငွေပေးခြင်း၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်လုံခြုံမှု ကင်းမဲ့သည့် လုပ်ငန်းခွင်အခြေအနေ၊ စံချိန်စံနှုန်း မပြည့်မီသည့် ပတ်ဝန်းကျင် စသည်တို့မှာ တရုတ်ပြည်တွင် အထူးအဆန်းမဟုတ်ပေ။ အထူးအားဖြင့် သံမဏိနှင့် ဆိုလာစက်မှုလုပ်ငန်းများတွင် ဖြစ်သည်။ သို့သော် ငွေကြေးထိန်းချုပ်ကစားသည်ဆိုသည့်ကိစ္စမှာ လွန်ခဲ့သော ၁၀ နှစ်ကလို ရှင်းရှင်းလင်းလင်း ရှိလှသည်တော့ မဟုတ်ပေ။
၂၀၀၅ ခုနှစ်အထိ ဧရာမပို့ကုန်များနှင့် အရင်းအနှီးစီးဝင်မှု အမြောက်အမြားရှိသည့်အတွက် ပိုမိုမြင့်မားသော ငွေလဲနှုန်းဖြစ်သင့်သော်လည်း တရုတ်အနေဖြင့် သူ၏ယွမ်ငွေကို တဒေါ်လာ ၈ ဒသမ ၂၇ နှုန်းဖြင့် အသေချိတ်ထားခဲ့လေသည်။ တရုတ်အနေဖြင့် သူ၏ ငွေလဲနှုန်းတန်ဖိုးကို တည်ငြိမ်စေရန်အတွက် အမေရိကန်၏ ငွေတိုက်စာချုပ်များကို ဝယ်ယူခဲ့ရာ ဒေါ်လာ ၄ ထရီလီယံအထိ ရောက်ခဲ့ခြင်းဖြင့် ဒေါ်လာငွေလိုအပ်မှုအတု တခုတခုကို ဖန်တီးနိုင်ခဲ့လေသည်။

အမေရိကန်ပြည်ထောင်စု၏ ဖိအားပေးမှုကြောင့် ၂၀၁၄ ခုနှစ် အစောပိုင်းက တရုတ်ပြည်အနေဖြင့် သူ၏ယွမ်ငွေကို တဒေါ်လာလျှင် ၆ ဒသမ ၀၅ ယွမ် လဲနှုန်းသို့ တက်ခွင့်ပြုလိုက်ရသည်။ ထိုအချိန်ကစ၍ ငွေလဲနှုန်းမှာ တရုတ်၏လက်တွင် အမှန်တကယ်ရှိမနေတော့ပေ။

စီးပွားရေးစနစ်ဆိုင်ရာပြဿနာ၊ ဒေါ်လာ ၃၅ ထရီလီယံအထိရှိသော ဘဏ်ကြွေးများပြဿနာတို့အပြင် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်၏ အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး ကမ်ပိန်းတို့ကြောင့် ဧရာမအရင်းအနှီးများ နိုင်ငံပြင်ပသို့ စီးထွက်သွားလေရာ စုစုပေါင်းပမာဏမှာ ၂၀၁၄ ခုနှစ်စပိုင်း စာရင်းများအရ ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံမှ ၁ ဒသမ ၅ ထရီလီယံအထိ ရှိနိုင်သည်ဟု ခန့်မှန်းကြလေသည်။ ဤအရင်းအနှီးစီးထွက်မှုများက တရုတ်၏ ကုန်သွယ်ရေးပိုငွေပြမှုထက် ပိုမိုများပြားသဖြင့် တရုတ်ငွေလဲနှုန်းကို အောက်သို့နိမ့်ကျသွားစေရန် ဖိအားများဖြစ်စေသည်။

တရုတ်ပို့ကုန်သမားများအတွက် အခွင့်ကောင်းဖြစ်သည့် ထိုသို့ တရုတ်ငွေတန်ဖိုး ကျဆင်းခြင်းကို ခွင့်ပြုရမည့်အစား တရုတ်နိုင်ငံက သူ့တွင်ရှိသော ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိ နိုင်ငံခြားအရန်ငွေများကို ထုတ်ရောင်းခြင်းဖြင့် တရုတ်ငွေ လွန်မင်းစွာကျမသွားဘဲ တည်ငြိမ်နေစေရန် ထိန်းထားလေသည်။ သို့သော်လည်း ၎င်းမှာ တည်ငြိမ်မှုရှိသည်ဟု ထင်ယောင်စေခြင်းသာဖြစ်သည်။ ထို့ကြောင့် တရုတ်အနေဖြင့် ငွေကြေးထိန်းချုပ် ဈေးကစားသည်ဆိုခြင်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက တရုတ်ငွေကျစေရန်မဟုတ်ဘဲ တက်နေစေရန် လုပ်ဆောင်ခြင်းသာဖြစ်လေသည်။
ဤပုံစံဖြင့် ငွေကြေးထိန်းချုပ်ခြင်း (ငွေတိုက်စာချုပ်အမြောက်အမြားကို ဆက်လက်ရောင်းချခဲ့ခြင်း) ကို အမေရိကန်ရွေးကောက်ပွဲ နောက်ပိုင်းအထိ ဆက်လက်လုပ်ဆောင်ခဲ့သည်။ တရုတ်ငွေနှင့်လဲသည့် ဒေါ်လာဈေးတက်နေခြင်းနှင့်အတူ ကုန်ဈေးနှုန်းများက ကျနေပြီး အထွက်နှုန်းက တိုးလျက်ရှိနေသည်။

တရုတ်တို့အနေဖြင့် ငွေလဲနှုန်းကို လုံးဝလွှတ်မထားမီ ထရမ့်က မည်သို့အဆိုပြုလာမည် ဆိုသည်ကို စောင့်ကြည့်နေပုံရသည်။ သို့မဟုတ်လျှင်လည်း သူတို့အနေဖြင့် ငွေတိုက်စာချုပ်ဈေးကွက်ကို ရုတ်ရုတ်ရက်ရက်ဖြစ်အောင် လှုပ်ရှားပစ်နိုင်သည့် ပါဝါရှိကြောင်း သမ္မတလောင်းသိအောင် ပြသလိုပုံရပေသည်။

“တရုတ်တွေက ငွေတိုက်စာချုပ်တွေ သွန်ထုတ်ပစ်လိမ့်မယ်လို့ မျှော်မနေနဲ့။ အဲဒါ မှားယွင်းတဲ့အယူအဆပဲ။ ဒေါ်လာက တရုတ်အရန်ငွေအဖြစ်ကိုင်ထားဖို့ လုံလုံလောက်လောက် ကြီးကြီးမားမားရှိတဲ့ တခုတည်းသောငွေကြေးပါ။” ဟု နယူးယောက်ရှိ Kroll Bond Rating Agency မှ သုတေသနဌာနမှူး ခရစ်တိုဖာ ဝေးလန်က ဆိုလေသည်။

ရဲထွန်း (သီပေါ)
By Valentin Schmid, Epoch Times
Epovh Times မှ Valentin Schmid ၏ Tramp and China : What can he actually do? ကို ဘာသာပြန်ဆိုသည်။

No comments:

Post a Comment