Tuesday, November 29, 2016

အီတလီစီးရီးအေပွဲစဉ် အင်တာမီလန် ၄ – ၂ ဖီအိုရင်တီးနား

အီတလီစီးရီးအေ အမှတ်ပေးပွဲစဉ်အဖြစ် အင်တာမီလန်နဲ့ ဖီအိုရင်တီးနားတို့ နိုဝင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်ရာ အင်တာမီလန်က ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အင်တာမီလန်ဟာ အိမ်ကွင်းမှာ ကစားရတဲ့ ဒီပွဲမှာ ပွဲစကတည်းက တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲအစ ၃ မိနစ်မှာပဲ မာဆယ်လို ဘရိုဇိုဗစ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၉ မိနစ်မှာ အန်တိုနီယို ကန်ဒရီဗာ၊ ၁၉ မိနစ်မှာ မော်ရို အိုင်ကာဒီတို့က အင်တာမီလန်အတွက် ဂိုးတွေ ဆက်တိုက်သွင်းပေးခဲ့ပြီး ၃၇ မိနစ်မှာ ကာလီနစ်က ဖီအိုရင်တီးနားအတွက် တဂိုးပြန်ချေပပေခဲ့လို့ ပထမပိုင်းမှာ အင်တာမီလန် ၃ ဂိုး ၁ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။



ပထမပိုင်းပြီးခါနီးမှာ ဖီအိုရင်တီးနားကစားသမား ရိုဒရီဂွက်ဇ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ဒီပွဲမှာ ဖီအိုရင်တီးနားက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ အင်တာမီလန်က အသာရခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ ဖီအိုရင်တီးနားအတွက် အီလီစစ်က ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပေမယ့် မိနစ် ၉၀ မှာ အိုင်ကာဒီက အင်တာအတွက် တဂိုးထပ်သွင်းပြီး ပွဲအပြီးမှာ အင်တာက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။

ဒီပွဲအပြီးမှာတော့ အင်တာမီလန်က ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်နေပြီး ဖီအိုရင်တီးနားက တပွဲလျော့အနေအထား ရမှတ် ၂၀ နဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။

No comments:

Post a Comment