Sunday, November 27, 2016

ပုသိမ်အကျဉ်းထောင်အတွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

ပုသိမ်အကျဉ်းထောင်အတွင်း နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခန့်က ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်၌ ပါဝင်သူ အကျဉ်းသားလေးဦးအား အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရရှိသည်။ အဆိုပါအမှုနှင့် ပတ်သက်၍   အကျဉ်းသား သန်းဦး (ခ) မောင်ဦး (ခ) သဲမောင်နှင့် အကျဉ်းသား ကောင်းမြတ်သူ (ခ) ကိုဇေ၊ အ ကျဉ်းသား ဇင်ဖြိုးအောင်၊ အကျဉ်းသား ဇော်ဇော် (ခ) ဖိုးဇော်တို့ လေးဦးအား တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။




ဖြစ်စဉ်မှာ အဆိုပါ အကျဉ်းသားလေးဦးသည် တိုက်တာဝန် လဲလှယ်ရန် လာရောက်သည့် အကျဉ်းထောင်တာဝန်ကျ တပ်သား မျိုးမင်းအောင်နှင့် တိုက်တံခါးအနီး အတွင်းနှင့်အပြင် အချေအတင် စကားများရာမှ ပိတ်ထားသော တိုက်တံခါးကို အင်အားနှင့် ရိုက်ချိုးဖျက်ဆီးကာ တပ်သား မျိုးမင်းအောင်အား လိုက်လံရန်ရှာခဲ့ပြီး မိန်းဂျေးလ်သို့ အတင်းပြေးလွှားသွားကာ မိန်းဂျေးလ်တာဝန်ကျ ဒုတပ်ကြပ် အောင်ဝင်းထံမှ အိတ်ဆောင်သော့များ လုယူရန် ကြိုးပမ်းခဲ့သဖြင့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက ၀ိုင်းဝန်း ထိန်းသိမ်းခဲ့ရပြီး ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုဖြစ်စဉ်အား အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး (၁) ဦးခိုင်ထွဏ်းက တရားလိုပြုလုပ်ကာ နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် ပုသိမ်နယ်မြေရဲစခန်း၌ (ပ) ၄၃၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ  ၁၄၇/၁၄၈/၁၅၂ တို့ဖြင့် အကျဉ်းသား သန်းဦး (ခ) မောင်ဦး (ခ) သဲမောင် အပါအ၀င် လေးဦးအား အမှုဖွင့် တိုင်ကြားထားသည်။


Writer:
အောင်ကျော်မျိုး၊ မင်းသူဝင်းထွဋ်

No comments:

Post a Comment