Monday, November 21, 2016

မူဆယ်(၁ဝ၅)မိုင်အနီးမှ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနိုင်ရန် မူဆယ်မြို့ပေါ်တွင် နေရာချထားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် (၁ဝ၅)မိုင်အနီးတွင် နိုဝင်ဘာ ၂ဝ ရက်က တိုက်ပွဲထိတွေ့မှုကြောင့် ၎င်းဒေသမှ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးရန်အတွက် စာရင်းများကောက်ယူကာ မူဆယ်မြို့ပေါ်တွင် နေရာချထားပေးလျက်ရှိကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောသည်။ စစ်ဘေးရှောင်ပြည်သူများစာရင်းကောက်ယူရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပလောင်၊ ရခိုင်၊ ကချင်၊ မြန်မာယဉ်ကျေးမှုအဖွဲ့များက ဆောင်ရွက်နေပြီး ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားရှိခိုးကျောင်းများတွင် နေရာ ချထားပေး မည်ဖြစ်ကြောင်း သိရသည်။


''(၁ဝ၅)မိုင်ဘက်က အသင်းနဲ့ပတ်သက်သူတွေ၊ အသီးလာရောင်းတဲ့သူတွေ၊ ရွှေ့ပြောင်းလာကြသူတွေကို မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်းနေရာမှာ လတ်တလော နေရာချထားပေးထားတယ်။ နယ်ကနေမူဆယ်ဘက်လာရင်း မပြန်နိုင်တဲ့သူတွေရောရှိတယ်။ ခုမှ စဝင်လာတာဆိုတော့ အင်အားအတိအကျမရသေးဘူး''ဟု ၎င်းကပြောသည်။
အဆိုပါ တိုက်ပွဲထိတွေ့မှုမှာ နံနက် ၂ နာရီခန့်က စတင်ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းအထိ ထိတွေ့မှုများရှိ နေသေးကြောင်း၊ လက်ရှိအခြေအနေတွင် စစ်ဘေးရှောင် ပြည်သူဦးရေ ခန့်မှန်း ၅ဝဝ အထက်ရှိနေပြီး ကူညီကယ်ဆယ် ရေးလုပ်ငန်းများအတွက် စာရင်းအတိ အကျရရှိရန် ဆောင်ရွက်နေကြောင်းသိရသည်။
''ထိတွေ့မှုကြောင့် လမ်းတွေပိတ်ထားတော့ ခရီးသွားတွေလည်း ပြန်မရဘဲပိတ်မိနေတယ်။ ကွတ်ခိုင်မှာလည်း တက်လာမယ့်ကားတွေပိတ်ထားရတယ်။ ပျက်စီးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရထားတဲ့သူတွေရှိလို့ ဆေးရုံပို့ထားပါ တယ်''ဟု ဆက်လက်ပြောကြားသည်။
ထိတွေ့မှုဖြစ်စဉ်ကြောင့် နိုဝင်ဘာ ၂ဝ ရက် မွန်းလွဲ ပိုင်းထိမူဆယ်မြို့ဆေးရုံသို့ရောက်ရှိလာသော ဒဏ်ရာရ ရှိသူ ၃ဝ တွင် လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment