Monday, November 28, 2016

ပန်းပဲတန်းမြို့နယ်အတွင်းရှိ ကြိုက်တာယူ ၅၀၀၀ ကျပ်တန် ဆိုင်များတွင် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများ လုပ်ကိုင်ခြင်း ရှိ မရှိ ၀င်ရောက်စစ်ဆေး

ပန်းပဲတန်းမြို့နယ်အတွင်းရှိ ကြိုက်တာယူ ၅၀၀၀ ကျပ်တန် ဆိုင် ခုနစ်ဆိုင် နှင့် ရွှေတောင်ကုမ္ပဏီ၏ ဆောက်လုပ်ရေး လုပ်ငန်းတို့တွင် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများ လုပ်ကိုင်ခြင်း ရှိ မရှိကို နိုဝင်ဘာ ၂၈ ရက် (ယနေ့) နံနက်ပိုင်းက ၀င်ရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ စစ်ဆေးရာတွင် သက်ဆိုင်ရာမြို့နယ် လ၀က၊ ထွေအုပ်၊ စည်ပင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနှင့် ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်  ကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးခဲ့ရာတွင် တရားမ၀င် နေထိုင်လုပ်ကိုင်သည့် နိုင်ငံခြားသား အလုပ်သမားများ မတွေ့ရှိခဲ့ရဘဲ ၎င်းတို့သည် Business Visa ဖြင့် လာရောက် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ပန်ပဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။



“စစ်ဆေးတဲ့နေရာမှာ တရားမ၀င်တော့ မတွေ့ခဲ့ရဘူး။ ရွှေတောင်ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး ဆိုက်မှာလည်း အလုပ်သမား ၃၀၀၀ နီးပါးမှာ နိုင်ငံခြားသား အလုပ်သမား ၁၂၉ ယောက်စာရင်း ပြတာ အကုန်တရားဝင် ဖြစ်နေတယ်။ ဒါပြီးရင် ကျောက်တံတား လွှတ်တော်ကိုယ်စားလှယ်က သူမြို့နယ်မှာ ဆက်စစ်မယ်။ အဲဒါတွေပြီးရင်တော့ အစီရင်ခံစာရေးပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်ဆီကို တင်ပြပါမယ်။ ပြီးတော့ နောက်ပိုင်း ဘယ်လို ဆက်လုပ်ရမလဲဆိုတာ ညွန်ကြားချက် ယူမှာပါ ”ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

နောက်ပိုင်း စစ်ဆေးတွေ့ရှိချက်များအရ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများ တွေ့ရှိရပါက သက်ဆိုင်ရာ သံရုံးများသို့ အချက်အလက်များ ပေးပို့သွားမည်ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ဆိုသည်။
Writer:
ကျော်ထင်

No comments:

Post a Comment