Friday, November 25, 2016

ပညာရှင်နှင့် အုပ်ချုပ်သူ

အစိုးရဌာနတစ်ခုတွင် ဖြစ်စေ၊ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုတွင်ဖြစ်စေနောက်ဆုံး အိမ်ထောင်စုတစ်ခု အတွင်းမှာပင် တစ်ခါတစ်ရံ   ပညာရှင်နှင့် အုပ်ချုပ်သူအကြား ပွတ်တိုက်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု၊ အ ငြင်းပွားမှုများ ရှိနေတတ်သည်။ ထိုကဲ့သို့ ကိစ္စများတွင် ပညာရှင် က အမြဲမှန်သည်(သို့မဟုတ်)အုပ် ချုပ်သူဘက်က အမြဲမှန်သည်ဆို ပြီး တထစ်ချ ပြော၍ မဖြစ်နိုင်။ အဘယ့်ကြောင့်ဆိုသော် တစ်ခါတစ်ရံ လူတစ်ဦးတစ်ယောက် တည်းကပင် အလုပ်သဘောအရ ပညာရှင်နေရာမှာ နေရသောအခါ များရှိသကဲ့သို့ အုပ်ချုပ်သူနေရာ က ဆုံးဖြတ်ရသည်များလည်း ရှိ တတ်သောကြောင့်ဖြစ်သည်။ ဥပမာ စာရေးသူဆိုပါစို့။ စာရေးသူမှာ အင်ဂျင်နီယာတစ် ယောက်၊ အချိန်ပိုင်း Counselor (စိတ်ပညာအကြံပေး) တစ်ယောက်ဖြစ်သောကြောင့် Professional (သို့မဟုတ်)ပညာရှင် တစ်ယောက်ဟု ယေဘုယျဆိုသော်ရမည်ထင်သည်။ သို့သော် အလုပ်မှ အိမ်ပြန်ရောက်လို့ အိမ်သန့်ရှင်းရေးနှင့်ပတ်သက်ပြီး အိမ်အကူ ကလေးမလေးကို ညွှန်ကြားရသောအခါ စာရေးသူက အုပ်ချုပ်သူဖြစ်သွားပြီး အိမ်အကူ ကလေးမလေးက သည်နေရာမှာ ပညာရှင်နေရာရောက်သွားလေသည်။
ဘယ်တံဆိပ် ဆပ်ပြာရည်ကို အိမ်ကြမ်းတိုက်ရန် ဘယ်လိုအချိုးမျိုးဖြင့် ရောစပ်ရမည်ကို ကျွန်တော် သူ့လောက်မသိနိုင်သကဲ့သို့ သည်နေ့ညအိမ်ကို ဘယ်လောက် အရေးကြီးသည့် ဧည့်သည်လာမည်ဆိုတာ ကိုလည်းသူသိနိုင်မည် မဟုတ်။  သူမ၏ ကျွမ်းကျင်မှုနှင့် စာရေးသူ၏ သတင်းအချက်အလက်တို့ ပေါင်းစပ်မှသာ ယင်းနေ့ညအိမ်လာမည့် ဧည့်သည်အတွက် အိမ်သန့်ရှင်းရေးကို အကောင်းဆုံး ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။

အထူးသဖြင့် ပညာရှင်နှင့် အုပ်ချုပ်သူအကြား အငြင်းပွားမှု များသောအားဖြင့် ပညာမာနကြီး သော ပညာရှင်နှင့် လုပ်ငန်းပိုင်း ဆိုင်ရာတွင် (Technical ပိုင်းဆိုင် ရာ)ကျွမ်းကျင်မှုအားနည်းသော အုပ်ချုပ်သူအကြားတွင် ပို၍ အ ဖြစ်များလေ့ရှိသည်။ ပညာရှင်က ပညာမာနရှိကာ သဘာဝဖြစ် ပြီး အုပ်ချုပ်သူတစ်ယောက်လုပ် ပြီး လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင် မှုမရှိရကောင်းလားဟူ၍ အချို့ စောဒကတက်ချင်တက်ကြမည်။  အမှန်တော့ ထိုစောဒကတက်ခြင်း မှာ အကြွင်းမဲ့မှန်ကန်သည်ဟူ၍ တော့ မဆိုနိုင်။

အမှန်တော့ အုပ်ချုပ်သူတစ် ယောက်ဖြစ်ရန် လုပ်ငန်းပိုင်းဆိုင် ရာ ကျွမ်းကျင်မှုသည် သူ၏ရှိသင့် သော အရည်အချင်းများ၏တစ် စိတ်တစ်ဒေသဖြစ်သည်မှာ မှန် သော်လည်း သူ့တွင် အခြားရှိသင့် သော အရေးကြီးသော အရည်အ ချင်းများလည်း ကျန်သေးသည်။ ၎င်းတို့မှာ စီမံခန့်ခွဲနိုင်ခြင်း၊ ကိုယ် တိုင်က ပညာရှင်မဟုတ်သော် လည်း ပညာရှင်ကို ဘယ်လိုကိုင် တွယ်ရမည်ကို သိခြင်း၊ အမြင် ကျယ်ခြင်း၊ Emotional Control ကောင်းခြင်း၊ ကိုယ့်ဌာန(သို့မ ဟုတ်)ကိုယ့်ကုမ္ပဏီ၏အဓိကကျ သော ဦးတည်ချက်ကို နားလည် ကာ ထိုအချက်ကို ဦးစီးဦးဆောင် ကာ လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့်အုပ်ချုပ်သူတယောက်လုပ်နေပြီး ဒါတောင် မသိဘူးလားဟု အပြစ်တင်မစောသင့်။ သူ့တွင်အုပ်ချုပ်သူတို့၌ ရှိအပ်သော အခြား အရည်အချင်းများရှိချင်ရှိနေနိုင်သည်။

ထိုအချက်များထဲမှ ‘‘ကိုယ် တိုင်က ပညာရှင်မဟုတ်သော် လည်း ပညာရှင်ကိုဘယ်လိုကိုင် တွယ်ရမည်ကို သိခြင်း’’ဆိုသော အချက်သည် ပညာရှင်နှင့်အုပ် ချုပ်သူအကြား ပဋိပက္ခတွင် အ ရေးကြီးသည့်အချက်ဖြစ်သည်။ အချို့သော အုပ်ချုပ်သူတို့မှာ မိမိလက်အောက်မှ ထူးချွန်သော ပညာရှင်တို့ကို တန်ဖိုးထားရမည့်  အစား Threat(ခြိမ်းခြောက်မှုတစ် ခု၊ အန္တရာယ်တစ်ခု)အဖြစ် လွဲမှား စွာ သဘောထားတတ်ကြသည်။ ပညာရှင်နှင့် ဘာမှ မည်မည်ရရ အလုပ်မလုပ်ဘဲ ကပ်ဖားသည့် သူယှဉ်လျှင် ကပ်ဖာသည့်သူကို မြှောက်စားလေ့ရှိသည်။ မျက်နှာ သာပေးလေ့ရှိသည်။ မိမိ၏အား နည်းသော အတတ်ပညာပိုင်းကို ဖုံးကွယ်လိုသောကြောင့် မိမိအား နည်းချက်ကို သိသာစေမည့်အကြံ ဉာဏ်၊ အလုပ်ကိစ္စမှန်သမျှတို့ကို  မလုပ်ဘဲ လျစ်လျူရှုကာ ဘေးဖယ်ထားတတ်သည်။ မိမိ၏အခြား သော အားသာချက်များနှင့် ပညာ ရှင်အပေါ် လွှမ်းမိုးရန် ကြိုးစား တတ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ပညာရှိနည်းနှင့် နှိပ်ကွပ် တတ်ကြသည်။ ထိုအချက်များက နဂိုကတည်းက မာနအခံရှိသော ပညာရှင်ကို ပေါက်ကွဲစေတတ် လေသည်။

 မာနကြီးသော ပညာရှင် ဘက်ကို တစ်ချက်စောင်းငဲ့ကြည့် ကြပါဦးစို့။

စိတ်ပညာရှုထောင့်မှ ကြည့် ကြည့်၊ ဘာသာရေးရှုထောင့်မှ ကြည့်ကြည့် အမှန်တော့ မာနမှန် လျှင် ကောင်းကျိုးထက် ဆိုးကျိုး ကို ပို၍ ဖြစ်စေတတ်သည်။ ပို၍ ဆိုးသည်က ထိုစိတ်တွင်းအောင်း နေသော မာနတို့ အပြင်သို့ စကားတစ်ခွန်းအဖြစ် (သို့မဟုတ်)အပြု အမူတစ်ခုအဖြစ် တစ်ပါးသူအ ပေါ် တိုက်ခိုက်မိသောအခါ အလွန် သတိထားရသည်။ ထိုသို့ပေါက် ကွဲပွင့်အံထွက်လာမှုများကို ထိန်း ချုပ်ရန် ပညာရှင်တွင် EQ(Emo-tional Quotient)ဟုခေါ်သော စိတ်စွမ်းအား ကြီးမြင့်မှုလိုအပ် သည်။ တစ်ဖက်သူ၏လက်ရှိအ ခြေအနေ၊ သူ့ဘက်မှအမြင်၊ သူ့ ဘက်မှ အခက်အခဲ၊ သူ့ဘက်မှ ခံစားချက် စသည်တို့ကို ထည့် တွက်နိုင်၊ ခံစားနိုင်၊ မြင်နိုင်စွမ်း ခြင်းသည် EQ မြင့်မားသူတို့၏ အရည်အသွေးများဖြစ်သည်။ အ တိုချုပ်ဆိုရလျှင် ‘‘ပညာရှိအမျက် အပြင်မထွက်’’စေဖို့ လိုပါသည်။

ထို့အပြင် မိမိ ပြောလိုက် သော စကားတစ်ခွန်း၏ သက် ရောက်မှုကိုလည်း မပြောမီက တည်းက တွက်ဆတတ်ရန် အ လွန်အရေးကြီးလှသည်။ ထိုနည်း တူ မိမိပြုမူလိုက်မိသော အလုပ် တစ်ခုက ဌာနတစ်ခု၏စည်းမျဉ်း စည်းကမ်းဘောင်တွေကို ဘယ် လောက်ကျော်သွားသလဲဆိုတာ လည်း ကောင်းကောင်းသဘော ပေါက်ဖို့ လိုမည်ဖြစ်သည်။

မိသားစုအတွင်း၊ သူငယ် ချင်းများအတွင်းမှာပင် စကား တစ်ခုမှားယွင်းပါက မိသားစုတွင်းဆက်ဆံရေး(သို့မဟုတ်)သူငယ် ချင်းအချင်းချင်း ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေလေ့ရှိ သည်။ အပြောမှားအဆိုမှားတစ်ခု ကြောင့် မူလဆက်ဆံရေးကို ပြန် ရရန် မနည်းပြန်၍ ကြိုးပမ်းကြရ လေ့ရှိသည်။ ဒါတောင် မေတ္တာ စေတနာ၊ ရင်းနှီးချစ်ခင်ကျွမ်းဝင်မှု များနှင့် တည်ဆောက်ထားကြ သော မိသားစုဘဝ(သို့မဟုတ်)သူငယ်ချင်းဘဝတွင် ဖြစ်သည်။

အလုပ်သဘောအရ ဆက် ဆံလုပ်ကိုင်ကြရသော ဌာနဆိုင် ရာ ကိစ္စများ၊ ကုမ္ပဏီကိစ္စများတွင်ပြောဆိုဆက်ဆံမှုများ ပြုလုပ် သည့်အခါတွင်တော့ ပို၍ သတိ ထားကြရသည်။ ထိုပတ်ဝန်းကျင် များတွင် စည်းတွေ၊ ဘောင်တွေ ရှိလေ့ရှိသည်။ ထိုသတ်မှတ်ထား သော စည်းတွေ၊ ဘောင်တွေကို ကျော်လွန်ကာ ပြောမှားဆိုမှား ရှိပါက အလုပ်သဘောအရ အ ရေးယူမှုတွေ၊ တရားစွဲဆိုမှုတွေ အထိ ရှိလာတတ်သည်ကို ဆင် ခြင်သတိပြုမိဖို့ လိုမည်ဖြစ်သည်။ အလုပ်ကိစ္စနှင့်အချေအတင်ပြော ကြသောအခါ ပုဂ္ဂိုလ်ရေးဆိုင်ရာ စော်ကားမှုများမပြုလုပ်မိစေဖို့ အထူးအရေးကြီးလှသည်။ ထို့အ ပြင် မိမိပြောဆိုမိလိုက်သောနေ ရာဌာနကလည်း အရေးကြီးသော အချက်တစ်ခုအနေနှင့် ပါဝင် သည်။ လက်ဖက်ရည်ဆိုင်မှာ ထွေ ရာလေးပါးပြောရင်း ပြောလိုက် တာလား၊ လူကြီးစုံရာ တရားဝင် အစည်းအဝေးတစ်ခုမှာ ပြောမိ လိုက်တာလားဆိုတာကလည်း ဖြစ်ပေါ်လာမည့်အကျိုးဆက် အကြီးအသေးကို ဆုံးဖြတ်လေ့ရှိသည်။

ထိုကဲ့သို့ အဖွဲ့အစည်းတစ်ခု အတွင်း ပညာရှင်နှင့် အုပ်ချုပ်သူ အကြား ပဋိပက္ခများဖြစ်လာပါက ထိုအဖွဲ့အစည်း၏နောက်ဆုံး ဆုံး ဖြတ်ချက်ချမည့် အကြီးအကဲက ဘယ်သူမှားပြီး ဘယ်သူမှန်သည် ဆိုသည်ကို ဆုံးဖြတ်ချက်ချသော အခါ အဓိကအားဖြင့် အချက်တစ် ချက်တည်းကိုသာ မူတည်ပြီး ဆုံး ဖြတ်လေ့ရှိသည်။ ယင်းအချက် ကား ဘယ်သူက အဖွဲ့အစည်း၏ ဥပဒေကို ချိုးဖောက်သနည်းဆို သည့် အချက်ဖြစ်သည်။

မည်သည့်အဖွဲ့အစည်းမဆို ထိုအဖွဲ့အစည်းက ချမှတ်ထား သော စည်းကမ်းဥပဒေသတို့သည် ထိုအဖွဲ့အစည်း၏အသက်ပင်ဖြစ် သည်။ အဖွဲ့အစည်းဆိုသည့်သ ဘောသဘာဝကိုက‘‘ငါတို့ဘယ် လိုလုပ်ကိုင်ဆောင်ရွက်ကြမယ်’’ ဆိုတာကို အတိအကျမှတ်တမ်း တင်ကာ အများနှင့်ပေါင်းစုကာ လိုက်နာဆောင်ရွက်ကြရခြင်းဖြစ် သည်။ ထိုစည်းကမ်း သတ်မှတ် ချက်များမရှိပါက (သို့မဟုတ်) ရှိ လျက်နှင့် လိုက်နာရန် ပျက်ကွက် နေပါက ထိုအဖွဲ့အစည်း၏နေဝင် ချိန်ရောက်ပြီဟုပင် တင်စား၍ ပြောရမည်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းတစ်ခု ရေရှည်တည် တံ့လိုပါလျှင် ပုဂ္ဂလိကခံစားချက် များကို ရှေ့တန်းမတင်ဘဲ ထိုအဖွဲ့အစည်း၏ချမှတ်ထားသော စည်း မျဉ်းစည်းကမ်းအတိုင်းသာ ဆုံး ဖြတ်ချက်ချရုံမှတစ်ပါး အခြားရှိ မည်မထင်။

အပြင်လူများအနေနှင့် ဖြစ် ပျက်ခဲ့ပြီးသော အဖြစ်အပျက်တစ်ခုကို ဘယ်သူကဖြင့် ဘယ်နေရာ မှာ ဘယ်လိုမှားပြီး ဘယ်သူကဖြင့်ဘယ်လိုမှန်သည် စသည်ဖြင့် ပြန် ပြောင်းသုံးသပ်ဖို့ မခက်လှသော် လည်း ကာယကံရှင်များအဖို့ စက္ကန့်ပိုင်းအတွင်း ဖြစ်သွားသော ခံစားချက်(Emotion)၊ ချက်ချင်း တုံ့ပြန်လိုက်မှု (Prompt Re-spond)၊  ရင်ထဲကိန်းအောင်းနေ သော မာန(Pride)၊  သတိမပြုမိ လိုက်သော ပုဂ္ဂိုလ်ရေးထိခိုက် သွားစေမှု (Personal Insult)စသည်တို့ကို သတိထားနိုင်မိဖို့ဆို သည်မှာ တကယ်တမ်း လွယ်ကူ လှသော ကိစ္စတစ်ခုတော့ မဟုတ် လှပါ။ သတိအလွန်ထားရသော ကိစ္စဖြစ်ပါသည်။ ထိုနည်းတူ အုပ်ချုပ်သူဘက်မှလည်း ပညာရှင်ကို ကြောက်သော၊ နေရာမပေးသော၊ နိုင်ငံအကျိုးထက် ကိုယ်ကျိုးကို ကြည့်သောသူ မဖြစ်ဖို့ လိုမည် ဖြစ်သည်။ ထိုကဲ့သို့အုပ်ချုပ်သူ များကြီးစိုးသော အဖွဲ့အစည်းမှာ လည်း နောက်ဆုံးပညာရှင်ကို ကြောက်လေ့ရှိသော၊ တော်သည့် ထက်သည့်သူတွေကို နေရာပေး လေ့မရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်မသွားစေရန် သတိပြုရမည် ဖြစ်သည်။

ဗုဒ္ဓဘာသာ၏အလိုအရ ပဋိ ပက္ခတစ်ခုတွင် နိုင်သူက ရန်များ၍ရှုံးသူက စိတ်နှလုံးဆင်းရဲရလေ့ ရှိသောကြောင့် အမှန်တော့ နှစ် ယောက်စလုံး ရှုံးတာဖြစ်သည်ဟု မှတ်သားဖူးပါသည်။ နိုင်ငံတော် နှင့် ဆိုင်သော အဖွဲ့အစည်းတွင် ဤသို့ ပဋိပက္ခများဖြစ်ပါက ထိုနှစ်ဦးနှစ်ဖက်စလုံးသာမက အရှုံးစာ ရင်းထဲတွင် တိုင်းပြည်နှင့်ပြည်သူ များပါ ပါနိုင်ကြောင်း သတိမူအပ် ပါ၏။  ဇင်မြင့်

No comments:

Post a Comment