Saturday, November 19, 2016

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးရန် ကြိုးစားသူ ၇၂ ဦးအား မြန်မာ့တပ်မတော်က ပစ်သတ်ခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်မှာ မဟုတ်မှန်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ကြိုးစားသူ ၇၂ ဦးအား မြန်မာ့တပ်မတော်က ပစ်သတ်ခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်မှာ မဟုတ်မှန်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် နတ်မြစ်အား ဖြတ်ကျော်၍ မိမိနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသူ ၂၀၀ ခန့်အား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး၍ မိမိနိုင်ငံဘက်ခြမ်းသို့ ပြန်လည်စေလွှတ်ခဲ့ သည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အမှတ် (၂) ဘီဂျီဘီတပ်ရင်းမှူး  အာဘူဝေဟာဇာဟိရ် နှင့် အမှတ် (၃၄) ဘီဂျီဘီ ဒုတပ်ရင်းမှူး မိုဟာမတ်အာဟူလ်နိုင်းတို့အား စကားပြန်မှတစ်ဆင့် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဆက်သွယ်မေးမြန်း စုံစမ်းရာ ၎င်းတို့အနေဖြင့် သတင်းများ ထွက်ပေါ်နေသည်ကို ကြားသိရသော်လည်း မြေပြင်၌ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဖြေကြားသည်။



ထို့ပြင် ထုတ်ပြန်ချက်၌ မြေပြင်သတင်း စုံစမ်းမှုများအရ မောင်တော အနောက်မြောက်ဘက်တွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကြောင့် ရေခပ်ချောင်းခွဆုံရာ၊ မြောတောင်ရွာ၊ ဓားကြီးစားရွာများနှင့် နီးစပ်ရာ ရေတွင်းကျွန်းရွာ၊ ပွင့်ဖြူချောင်းရွာ၊ ဥရှည်ကျရွာ၊ ငါးခူရရွာများတွင် နေထိုင်ကြသည့် အိမ်ထောင်စုဝင်များသည် ရေခပ်ချောင်း ခွဆုံဘက်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ အဖွဲ့လိုက် ထွက်ခွာသွားခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ လူ ၂၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်ဟု ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ရိုက်တာသတင်းဌာနမှ နိုဝင်ဘာ ၁၆ ရက် သတင်းတစ်ပုဒ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးပမ်းသူ ၇၂ ဦးကို မြန်မာ့တပ်မတော်က ပစ်သတ်ခဲ့သည်ဟု သတင်းဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး ယင်းနယ်မြေရှိ တပ်မတော်နှင့် နယ်ခြားစောင့် တပ်ဖွဲ့များသို့ နယ်စပ်ဒေသ၌ ထိ တွေ့မှုများ ရှိ မရှိ စိစစ်မေးမြန်းရာ ၎င်းပစ်ခတ်သတ်ဖြတ်မှုမှာ လုံးဝမဟုတ်မှန်ကြောင်း၊ ပူးပေါင်းအဖွဲ့ အနေဖြင့် အတွင်းပိုင်း နယ်မြေရှင်းလင်း စစ်ဆေးရေးကိုသာ ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ပိုင်း၌ ထိတွေ့မှု မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။


Writer:
ဆန်းထူးအောင်

No comments:

Post a Comment