Friday, November 25, 2016

ဗဟိုအမေရိကတွင် ဟာရီကိန်းနှင့် ငလျင်လှုပ်ခတ်မှုများ ကြုံတွေ့နေရ

ဗဟိုအမေရိကဒေသတွင်တစ်ချိန်တည်း၌ ဟာရီကိန်းမုန်တိုင်းတစ်လုံးနှင့် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုသော ငလျင်တစ်ခုလှုပ်ခတ်မှုကို ကြာသပတေးနေ့တွင် ကြုံတွေ့ခဲ့ကြရပြီး နီကွာရာဂွါ၊ အယ်ဆာဗေဒိုနှင့် ကော်စတာရီကာ နိုင်ငံတို့တွင် အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပြီး ထိခိုဏ်သေကျေသည့်သတင်း မရရှိသေးကြောင်း သိရသည်။ နီကွာရာဂွါနိုင်ငံသည် တစ်နာရီလျှင်လေတိုက်နှုန်း ၁၇၅ ကီလိုမီတာရှိသော ဟာရီကိန်းမုန်တိုင်း အော်တိုနှင့် ပစိဖိတ်ကမ်းလွန်ပင်လယ်ပြင်တွင် ဖြစ်ပွားသော ပြင်းအား အဆင့် ၇ရှိ ငလျင် တို့ကြားတွင် ရောက်ရှိနေသည်။
အဆိုပါ ဖျက်အားပြင်းသဘာဝဘေးအန္တရာယ်များကို ကိုင်တွယ်ရန် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို နီကွာရာဂွါသမ္မတ ဒန်နီယယ် အော်တေဂါက ကြေညာခဲ့သည်။ နာရီအနည်းငယ်ကြာပြီးနောက် ကျယ်ကျယ်ပြန့်ပြန် ပျက်စီးဆုံးရှုံးသည့် သတင်းကိုကြားသိရခြင်းမရှိခဲ့ဘဲ သစ်ပင်နှင့် လျှပ်စစ်ဓါတ်ကြိုးများ လဲကျခြင်းနှင့် မုန်တိုင်းကြောင့် ခေါင်းမိုးများ ပျက်စီးခြင်းတို့သာ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ အယ်ဆာဗေဒိုနိုင်ငံတွင်လည်း ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသခံများကို ကုန်းတွင်းသို့ ပြောင်းရွှေ့နေထိုင်ကြရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် ၄င်းတို့နှင့် နီကွာရာဂွါနိုင်ငံတို့တွင် ကြိုတင်သတိပေးထုတ်ပြန်ထားခဲ့သော ဆူနာမီသတိပေးချက်များကို မကြာမီပင် ပြန်လည်ရုတ်သိမ်းခဲ့သည်။
အော့တိုမုန်တိုင်းသည် နီကွာရာဂွါတောင်ပိုင်းနှင့် ကော်စတာရီကာနိုင်ငံမြောက်ပိုင်းကို ဖြတ်လျှက် အနောက်ယွန်းယွန်းသို့ ရွှေ့လျားမည်ဟု ခန့်မှန်းထားပြီး အမေရိကန်အခြေစိုက် အမျိုးသားဟာရီကိန်း စင်တာက အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သော လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုမှုဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။
Ref:AFP

No comments:

Post a Comment