Monday, November 28, 2016

နီပေါတွင် ရစ်ခ်ျတာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့် ငလျင်တစ်ခု လှုပ်ခတ်

နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့တော်အနီးတွင် ရစ်ခ်ျတာစကေး ၅.၅ အဆင့်ရှိ အင်အားအသင့်အတင့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၈ ရက် နံနက်အစောပိုင်းက ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုနှင့် အသက်အိုးအိမ် ဆုံးရှုံးမှုများ မရှိခဲ့ချေ။ သို့သော် ခတ္တမန္ဒူရှိ အဆောက်အအုံ နံရံအချို့တွင် အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ နီပေါ အမျိုးသား ငလျင်တိုင်းတာရေးဌာနက ဒေသစံတော်ချိန် မနက် ငါးနာရီဝန်းကျင်တွင် မြေအနက် ၁၀ ကီလိုမီတာကို ဦးတည်ပြီး ငလျင်လှုပ်ခဲ့ကြောင်း ကြေညာသည်။ ငလျင်၏ ဗဟိုချက်သည် ဧဝရတ်တောင်ခြေအနီး ဆိုလူခွမ်ဘူ အရပ်တွင် ကျရောက်ခဲ့ပြီး ခတ္တမန္ဒူမြို့တော် အရှေ့ဘက် ၁၅၀ ကီလိုမီတာမျှ အကွာတွင် တည်ရှိသည်။  နီပေါနိုင်ငံသည် ၂၀၁၅ ခုနှစ်၊ ဧပြီက ဟိမဝန္တာနှင့် ဆက်စပ်သော အရပ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် လူပေါင်း ၉၀၀၀ ကျော် သေဆုံးကာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုများနှင့် ကြုံခဲ့ရသည်။ ယခုငလျင်သည် အဆိုပါ ရစ်ခ်ျတာစကေး ၇.၈ ငလျင်ကြီးနောက်ပိုင်း ဆက်လက် လှုပ်ခတ်နေသည့် ငလျင်ငယ်များအနက် ရစ်ခ်ျတာစကေး ၄.၀ အထက် ၄၇၅ ခုမြောက် ငလျင်လည်း ဖြစ်သည်။  ယခုငလျင်၏ သက်ရောက်မှုဒဏ်ကို ခတ္တမန္ဒူနှင့် နီပေါအရှေ့ပိုင်း ဒေသများတွင် အဓိက ခံစားခဲ့ရကြောင်းလည်း သိရှိရသည်။ Ref: Indian Express

No comments:

Post a Comment